Pages

Tuesday, January 14, 2014

လက်ရှိ ထုတ်ဝေ နေသော The New Light of Myanmar သတင်းစာ အား ကုမ္ပဏီ နှင့် အကျိုးတူ ပူးပေါင်း ထုတ်ဝေမည်



ပြန်ကြားရေး ဝန်ကြီး ဌာနမှ အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေလျက် ရှိသော The New Light of Myanmar သတင်းစာ ကို  မြန်မာ နိုင်ငံသား ပိုင် Global Direct Link ကုမ္ပဏီ နှင့် အကျိုးတူ ပူးပေါင်း ၍ ထုတ်ဝေ သွားမည် ဖြစ်သည်။ နိုင်ငံတော် အစိုးရနှင့် အဆိုပါ ကုမ္ပဏီ တို့ ပူးပေါင်း ၍ Joint Venture အဖြစ် Global New Light of Myanmar ကုမ္ပဏီ ကို တည်ထောင် ပြီး The New  Light of Myanmar သတင်းစာ အမည် ဖြင့်ပင် အသွင် သဏ္ဌာန်နှင့် အနှစ်သာရ ပြောင်းလဲ ၍ ထုတ်ဝေ မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန တွင် ကျင်းပ သည့် သတင်းစာ ရှင်းလင်း ပွဲ မှ သိရှိ ရသည်။

ယင်းသို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု နှင့် ပတ်သက်၍  သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း မှ ညွှန်ကြား ရေးမှူး (စီမံ) ဦးဝင်းဇော်ဌေး က အကျိုးတူ ဖက်စပ် ကုမ္ပဏီ အဖြစ် မှတ်ပုံတင် ခွင့် ရရှိ ထားပြီး ရင်းနှီး မြှုပ်နှံခွင့် ရရှိရေး ကို ဆောင်ရွက် လျက် ရှိကြောင်း၊ သတင်းစာ တိုက် မြေနေရာ အဖြစ် ဗဟန်း မြို့နယ် ငါးထပ်ကြီး ဘုရားလမ်း ရှိ ဌာနပိုင် မြေ နေရာတွင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းနေရာ တွင် ကုမ္ပဏီ က စက်ရုံ အဆောက်အအုံ ဆောက်လုပ် ပြီး ဂျပန် နိုင်ငံ လုပ် မစ်ဆူဘီရှီ ပုံနှိပ်စက်ကြီး များ တပ်ဆင် ရိုက်နှိပ် သွားမည် ဖြစ်ကြောင်း ဖြင့် သတင်း စာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။ ဖက်စပ် ကုမ္ပဏီ တည်ထောင်ရာ တွင် ပြန်ကြားရေး ဝန်ကြီး ဌာန က ၅၁ ရာခိုင်နှုန်း နှင့် Global Direct Link ကုမ္ပဏီ က ၄၉ ရာခိုင်နှုန်း ထည့်ဝင် ထားပြီး  အကျိုး အမြတ် ကိုလည်း အချိုးကျ ရရှိမည် ဖြစ်ကြောင်း သတင်းထောက် တစ်ဦး က မေးမြန်းရာ တွင် ၎င်းက ပြန်လည် ဖြေကြား ခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပ သည့် အဆိုပါ သတင်းစာ ရှင်းလင်းပွဲ ၌ သတ်မှတ် ကာလ အတွင်း ထုတ်ဝေ နိုင်ခြင်း မရှိသေး သည့် သတင်းစာ ငါးစောင် အား ထုတ်ဝေခွင့် ပြန်လည် ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန မှ ညွှန်ကြား ရေးမှူး ဦးအောင်ကျော်ဦး က ပြောကြား ခဲ့သည်။

ထုတ်ဝေခွင့် ပြုထားသော ပုဂ္ဂလိ က သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ အနက် ထုတ်ဝေခွင့် ပြုချိန် ခြောက်လ ကျော် သော်လည်း လက်တွေ့ ထုတ် ဝေ ခြင်း မရှိသေး သူများ အား ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ လကုန် နောက်ဆုံး ထား ၍ ထုတ်ဝေ ကြရန် နှင့် ထုတ်ဝေ ခြင်း မပြုနိုင် ပါက ထုတ်ဝေ ခွင့် ကို ပြန်လည် အပ်နှံ သွားရန် အသိပေး ခဲ့ပြီး ဖြစ်သည်။ ဒီဇင်ဘာ အထိ ထုတ်ဝေခွင့် ပြုပေး ခဲ့သည့် နေ့စဉ် ထုတ် သတင်းစာ ပေါင်း ၃၁ စောင် အနက် ၁၈ စောင် မှာ ဒီဇင်ဘာ လတွင် သတင်းစာ စတင် ထွက်ရှိ ခဲ့ပြီး ၁၂ စောင် မှာ ထုတ်ဝေ ခြင်း မပြု နိုင် ခဲ့ပေ။ ကျန်တစ်စောင် မှာ နိုဝင်ဘာ လ တွင် ထုတ်ဝေ ခွင့်ပြု ခဲ့ခြင်း ဖြစ်သည့် အတွက် သတ်မှတ် ကာလ သုံးလ အတွင်း ၌ ထုတ်ဝေ ရမည် ဖြစ် သည်။

ထုတ်ဝေရန် ကျန် သတင်းစာ ၁၂ စောင် အနက် ဒီလှိုင်း နေ့စဉ် သတင်းစာ အပါအဝင် သတင်း စာ ခုနစ်စောင် မှာ ထုတ်ဝေ နိုင်ခြင်း မရှိသည့် အတွက် ထုတ်ဝေခွင့် ကို ပြန်လည် အပ်နှံ ခဲ့ကြ ပြီး ကျန် သတင်းစာ ငါးစောင် ၏ ထုတ်ဝေ ခွင့် ကို ပြန်လည် ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း ညွှန်ကြား ရေးမှူး  ဦးအောင်ကျော်ဦး က ပြောကြား ခဲ့သည်။

ထို့အတူ ခွင့်ပြုချက် ရရှိပြီး သော်လည်း ထုတ်ဝေခြင်း မရှိသေး သည့် ဂျာနယ် ၃၂ စောင် အနက် ၁၁ စောင် မှာ ဒီဇင်ဘာ လ အတွင်း ထုတ်ဝေ ခဲ့ကြောင်း၊ ကျန် ၂၁ စောင် အနက် လေးစောင် မှာ ထုတ်ဝေခွင့် ပြန်လည် အပ်နှံ ခဲ့သဖြင့် ကျန် ၁၇ စောင် အား ထုတ်ဝေခွင့် ပြန်လည် ရုပ်သိမ်း မည် ဖြစ်ကြောင်း၊ ထုတ်ဝေခြင်း မပြုသေး သည့် မဂ္ဂဇင်း ၁၁ စောင် ကို လည်း မတ်လ ၃၁ ရက် နောက်ဆုံး ထား ထုတ်ဝေ ကြရန် အသိပေး ထားကြောင်း သိရှိ ရသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲ ၌ သတင်း ထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် မြန်မာ့ အသံနှင့် ရုပ်မြင် သံကြား မှ ညွှန်ကြား ရေးမှူး ဦးဝင်းကြည် က ရုပ်သံ ထုတ်လွှင့်မှု များ အား Analogue စနစ်မှ Digital စနစ် သို့ ပြောင်းလဲရေး အစီအစဉ် ဒုတိယ အဆင့် ဆောင်ရွက် နေမှု ကို ရှင်းလင်း ပြောကြား ခဲ့သည်။

''မြန်မာ့ ရုပ်မြင် သံကြား အနေနဲ့ ယခင် Analogue စနစ် မှ အရုပ်၊ အသံ အရည် အသွေး ပိုမို ကောင်းမွန် တဲ့ Digital စနစ် ပြောင်းလဲ ရေး အစီ အစဉ် ပထမ အဆင့် ကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက် က နေပြည်တော်၊ ရန်ကုန် နဲ့ မန္တလေး တို့မှာ ရုပ်သံ လိုင်း ငါးခု နဲ့ စတင် ခဲ့ ပါ တယ်။ ယခု ဒုတိယ အဆင့် အနေနဲ့ မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဖလမ်း၊  ကနေဒီ (တီးတိန်)၊ မော်လမြိုင်၊ မုံရွာ စတဲ့ မြို့ ၂၂ မြို့ မှာ စက် များ တပ် ဆင် ပေးသွား မှာ ဖြစ်ပါ တယ်'' ဟု ၎င်းက ပြောကြား သည်။ ဒစ်ဂျစ်တယ် စနစ် ပြောင်းလဲ ရာ တွင် ရုပ်သံ ကြည့်ရှု သူများ အနေ ဖြင့် DVBT2 Set Top Box တပ်ဆင် ထားရန် လိုအပ် သည်။ မြန်မာ့ အသံ နှင့် ရုပ်မြင် သံကြား အနေ ဖြင့် အဆိုပါ Set Top Box ၃ဝ၄၉၄၄ လုံး ကို အခမဲ့ ဖြန့်ဖြူး ပေးရန် လိုအပ် သည့် မိသားစု များ၊ လူမှုရေး အဖွဲ့အစည်း များ၊ ကျောင်း၊ ဆေးရုံ နှင့် စာကြည့် တိုက် များ သို့ အခမဲ့ ထောက် ပံ့ ပေးရန် စီစဉ် နေကြောင်း သိရ သည်။

ထို့အတူ  လက်ရှိ နယ်စပ် ဒေသ ရှစ်နေရာ တွင် FM စနစ် ဖြင့် အသံလွှင့် အစီအစဉ် များ ထုတ်လွှင့် ပေး ခဲ့ပြီး မကြာမီ လွိုင်ကော်၊ ကနေဒီ (တီးတိန်) ၊ စစ်ကိုင်း၊ မြိတ်၊ ပဲခူး၊ မင်းဘူး၊ ပုပ္ပါး၊ ပျဉ်းမနား၊ မော်လမြိုင်၊  စစ်တွေ၊  ရန်ကုန်၊ လားရှိုး၊ ပုသိမ်၊ ပိန္နဲတောင် (ရခိုင်) နှင့် မောင်တော တို့တွင် FM အသံ လွှင့် စက်ရုံ ၁၅ ရုံ တည်ဆောက် ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း ညွှန်ကြား ရေးမှူး ဦးဝင်းကြည် က ပြောကြား ခဲ့သည်။

၂ဝ၁၃ ခုနှစ် အတွက် စာပေ ဗိမာန် စာမူဆု အတွက် စာမူ များ နောက်ဆုံး ပေးပို့ ရမည့် ရက်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ဟု သတ်မှတ် ခဲ့သော် လည်း ယခု အခါ ဇန်နဝါရီ  ၃၁ ရက် သို့ တိုးမြှင့် သတ်မှတ် ထားကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲ မှ သိရှိ ရသည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်