Pages

Tuesday, January 14, 2014

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၃)

(၁၁)

၁၉၉၁ ခုနှစ် အောက်တိုဘာ လ ၁၄ ရက် နေ့ မှာ နော်ဝေး နိုင်ငံ က ကော်မတီ တစ်ခု ဟာ သူတို့ ရဲ့ လုပ်မြဲ တာဝန် အတိုင်း ကြေငြာ ချက် တစ်ရပ် ကို ထုတ်ပြန် လိုက်ပါ တယ်။ အမှန် ကတော့ ဒီ ကြေငြာချက် ဟာ ၁၉၀၁ ခုနှစ် ထဲက နှစ်စဉ် ထုတ်ပြန် နေကျ ကြေငြာ ချက် ဖြစ် ပေမယ့် ဒီ တစ်ကြိမ် မှာတော့ အရှေ့ တောင် အာရှ က လူသိပ် မသိ လှတဲ့ နိုင်ငံ တစ်ခု ရဲ့ ရှေ့ ခရီး ကို အတော် ကို ဂယက် ရိုက်ခတ် သွားစေ ခဲ့ ပါတယ် ……။

ဒီလို မျိုး နေအိမ် မှာ အကျယ်ချုပ် နဲ့  ထိန်းသိမ်း ခံထား ရတာ နှစ်နှစ် လောက် ရှိနေပြီ ဖြစ်တဲ့  အတိုက်အခံ ခေါင်းဆောင် ကို ငြိမ်းချမ်း ရေး နိုဘယ်ဆု ပေးအပ် လိုက်ခြင်း ဟာ တိုင်းပြည် အတွက် တော့ အမှန် တကယ် ဂုဏ်ယူစရာ ကောင်းတဲ့ ဆုတစ်ခု ဖြစ်ခဲ့ ပေ မယ့် ၁၉၉၁ ခုနှစ် မြန်မာ နိုင်ငံ ရဲ့ နိုင်ငံ ရေး အခြေ အနေ မျိုး အတွက် တော့ သိပ်ပြီး အဆင်ပြေ လှဦး မယ် မဟုတ် ပါဘူး။

ဒါဟာ နောင် အနှစ် နှစ်ဆယ် ကြာ ဆက်လက် ဖြစ်ပွား တော့မယ့် နိုင်ငံရေး စီးပွားရေး ပိတ်ဆို့ မှုများ ရဲ့ အစ ဖြစ် သလို အတိုက် အခံ ပါတီ အနေ နဲ့ လဲ ၂၆ နှစ် တံခါးပိတ် နိုင်ငံ တစ်ခု ရဲ့ စစ် ခေါင်းဆောင် တွေကို ခေါင်းမာမာ နဲ့ ဆက်လက် အန်တု ဖို့ အားသစ် လောင်း လိုက် သလို ရှိနေ ပြီ ဖြစ်ပါ တယ် …။

အတိုက် အခံ ပါတီ နဲ့  ပြည်ပ အသံ လွှင့် ဌာန တွေက ဒီဆု ကို လူ့ အခွင့် အရေး နဲ့ ဒီမိုကရေစီ ရဲ့ အောင်မြင်မှု လို့  ၀မ်းသာ အဲလဲ ကြေငြာ ချက်တွေ ထုတ်ပြန် နေခဲ့ ပေမယ့် ဆူပူမှု တွေနဲ့ မငြိမ် မသက် ဖြစ်မှု တွေကို ကြိုးစား ထိန်းချုပ် နေ ရတဲ့ စစ် အစိုးရ တစ်ရပ် အဖို့ ကတော့ ပြည်တွင်း နိုင်ငံရေး ပဋိပက္ခ တွေ ကို အရှိန် မြင့်လာအောင် အချိန် ကိုက် မီးထိုး ပေးခဲ့တဲ့ ပြည်ပ နိုင်ငံရေး စွက်ဖက် မှု တစ်ခု လို့ ပဲ ရူမြင် သုံးသပ် ခဲ့ပါ တယ် …။

ဒါပေမယ့် တပ်မတော် အစိုးရ အတွက် တော့ ဒီကာလ ဟာ အဆိုးရွား ဆုံး အခြေအနေ တွေက လွန်မြောက် စ ပြုနေ ခဲ့ ပါပြီ။ ၁၉၉၁ ခု ဇန်န၀ါရီ လ ၂၉ ရက် နေ့ မှာ ပြင်ဆင်ရေး ဆွဲ ခဲ့တဲ့ ကုမ္ပဏီ များ အက် ဥပဒေ ကြောင့် ပက်စီ ကိုလာ အပါ အ၀င် နိုင်ငံ တကာ စီးပွား ရေး လုပ်ငန်း တွေ ဟာ မြန်မာ ပြည် ကို မြန်မြန် ဆန်ဆန် ပဲ ၀င်ရောက် အခြေချ နေပြီ ဖြစ် ပါတယ် ..။

တစ်ဆက် တည်း မှာပဲ ကံကြမ္မာ ဟာ အတိုက် အခံ ပါတီ ကို မျက်နှာ သာ ပေးခဲ့ တဲ့ နည်းတူ တပ်မတော် အစိုးရ ကို လည်း ငြိမ်းချမ်း ရေး နိုဘယ် ဆု နဲ့ အလား တူ ဆု တစ်ခု ကို ချီးမြှင့် ခဲ့ပါ တယ်။ အဲဒါ ကတော့ အမေရိကန် ဒေါ်လာ သန်း သောင်း ကျော် တန်ဖိုး ရှိတဲ့ သဘာဝ ဓာတ်ငွေ့ လုပ် ကွက် အသစ် တစ်ခု ကို ပေးအပ် လိုက်ခြင်း ပါပဲ။ အဲဒီ နောက် မှာ တော့ လွန် ခဲ့တဲ့ သုံးနှစ် ကျော် လောက် က စိတ်ကူး နဲ့ တောင် မှန်းဆ မကြည့် ခဲ့ မိတဲ့ ဖွံ့ ဖြိုးမှု ဟာ စပြီး အခြေချ စ ပြုနေ ပါပြီ …..။

နိုင်ငံ တကာ ကော်ဖီ ဆိုင်တွေ ဟော်တယ် မိုတယ် အင်း နဲ့  နိုက် ကလပ် တွေ မြန်မြန် ဆန်ဆန် ဖွံ့ ဖြိုး လာတဲ့ ကမ္ဘာ လှည့် ခရီးသွား လုပ်ငန်း တွေ ရာနဲ့ ချီပြီး ပေါ်ပေါက် လာတဲ့  ပုဂ္ဂလိ က ကုမ္ပဏီ လီမီတက် တွေ အလု အယက် ဖွင့်ဖို့ ကြိုးပမ်း လာတဲ့ ပုဂ္ဂလိ က ဘဏ် တွေ ဟာ နိုင်ငံ ရဲ့ ပြိုလဲ လု နီးပါး စီးပွားရေး ကို အတိုင်း အတာ တစ်ခု ထိတော့ ကျားကန် ပေးလိုက် နိုင် ပါပြီ …။

ရှမ်း ပြည်နယ် အရှေ့ မြောက် ဒေသမှာ တော့ ကိုးကန့်  ၊ ၀ ၊ ရှမ်း နဲ့ အခါ လူမျိုး တွေ ပါဝင်တဲ့  ဗကပ ခွဲထွက် အဖွဲ့  သုံးဖွဲ့ နဲ့ အပစ် အခတ် ရပ်စဲ လိုက်နိုင် ပြီ ဖြစ်လို့  အဲဒီ ဒေသ တစ်ခု လုံး ဟာ သေနတ် သံ စဲသလောက် ဖြစ်သွား ပါတယ် …။

အပစ် အခတ် ရပ်စဲရေး သဘော တူညီ ချက် အနေ နဲ့ အဲဒီ ဒေသမှာ တိုင်းရင်းသား အဖွဲ့ တွေ ကို လွတ်လွတ် လပ်လပ် စီးပွား ရေးလုပ် ကိုင် ခွင့်ပြု ခဲ့ရလို့ ဘိန်း အထွက် နူန်း တိုးမြှင့် လာခဲ့ ပေမယ့် တပ်မတော် အစိုးရ အတွက် ကတော့ ဒီ ဒေသ တွေ ဟာ နဂို ကတည်း က အမည်း ရောင် နယ်မြေ တွေ ဖြစ်ခဲ့တဲ့ အပြင် အစဉ် အဆက် လဲ အစိုးရ အာဏာ လွှမ်းမိုး ခဲ့တဲ့ ဒေသ တွေ မဟုတ် ခဲ့ တဲ့ အတွက် သူတို့ အပေါ် တိုက်ရိုက် တာဝန် ရှိတယ် လို့ ယူဆ ကြပုံ မရ ပါဘူး ..။

ဒါဟာ အနာဂတ် တရုတ် နဲ့  မြန်မာ ကြား က ကြားခံ စစ်ဇုန် တစ်ခု ပြိုကျ သွားတာ ဖြစ် သလို ၁၉၉၈ ၀န်းကျင် လောက် မှာ ပြန်လည် ရပ်ဆိုင်း သွားမယ့် ပြည်ပ ရင်းနှီး မြုပ်နှံမှု ဈေးကွက် နေရာ ကို တွင်တွင် ကျယ်ကျယ် အစားထိုး တော့မယ့် နယ်စပ် ကုန်သွယ် ရေး ဒေသ ကြီး တစ်ခု ပေါ်ပေါက် လာတာ လို့ လည်း ဆိုနိုင် ပါတယ် ...။

ဒါပေမယ့် ဒါတွေ အားလုံး ထက် တကယ့် တကယ် တန်း ပြောင်းလဲ သွားခဲ့ တာ ကတော့ မြန်မာ့ တပ်မတော် ပဲ ဖြစ်ပါ တယ်။ တပ်မတော် ဟာ ခေတ်မီ တပ်မတော် အဖြစ် တည်ဆောက်ရေး ဆိုတဲ့  စီမံချက် ကို အကောင် အထည် ဖော်နေ ခဲ့ ပါပြီ …။

ဒီ စီမံချက် အတိုင်း ၁၉၈၈ နဲ့ ၁၉၉၁ ခုနှစ် တွေမှာ တပ်မတော် ရဲ့ လှုပ်ရှား တိုက်ခိုက် ရေး တပ်မ အသစ် တွေ ဖြစ်တဲ့ တပ်မ ၁၁ နဲ့ တပ်မ ၁၀၁ တို့ ကို စတင် ဖွဲ့ စည်း ခဲ့ ပါတယ်။ ဒါဟာ နောက်ထပ် အသစ် ထပ်မံ ဖွဲ့ စည်း တော့ မယ့် တိုင်း စစ်ဌာန ချုပ် ၄ ခု၊ ဒေသ အခြေချ တပ်မ ၇ ခု နဲ့  လှုပ်ရှား ခြေမြန် တပ်မ ၂၁ ခု တို့ ရဲ့ အစ ဖြစ်သလို အမြောက် တပ်မ ၁၀ မ၊ သံချပ်ကာ တပ်မ ၄ မ နဲ့ လေကြောင်း ရန် ကာကွယ်ရေး စစ်တိုင်း ကြီး ၆ တိုင်း တို့ ရဲ့ အကြို ကာလ လည်း ဖြစ် ပါတယ်။

၁၉၈၈ ခုနှစ် မှာ အင်အား ၁၈၀, ၀၀၀ လောက် ပဲ ရှိတဲ့ တပ်မတော် ဟာ အသစ် တည်ဆောက် လာတဲ့ လက်နက် ခဲယမ်း မီးကျောက် စက်ရုံ တွေ၊ လေတပ် စခန်း အသစ် တွေ၊ ခေတ်မီ တိုက် လေယာဉ် အုပ်စု တွေ၊ သံချပ်ကာ ကား စက်ရုံ တွေ၊ ရေတပ် သဘောင်္ တည်ဆောက် ရေး အလုပ်ရုံ တွေ နဲ့ အတူ ၁၉၉၆ ခုနှစ် မှာ တော့ စစ်အင်အား ၄၀၀ , ၀၀၀ နီးပါး ကို ရောက်ရှိ လို့ နေခဲ့ ပါပြီ ….။ ဒါဟာ အနှစ် ၆၀ ပြည်တွင်း စစ် ကို အနိုင် တိုက်ခိုက် လိုက်နိုင် ပြီ လို့  အဓိပ္ပါယ် ရသလို အနာဂတ် ကာလ မှာ ရင်ဆိုင် ရနိုင် တဲ့ ဘယ် ပြည်နယ် ခွဲထွက်မှု မျိုး အတွက် မဆို အသင့် ဖြစ်နေပြီ ဆိုတဲ့ သဘော လည်း ဖြစ် ပါတယ် ….။

တနည်း အား ဖြင့် ပြောရလျင် တော့ အပစ်အခတ် ရပ်စဲရေး မယူပဲ ကျန် ခဲ့တဲ့ ကေအန်ယူ လွတ်မြောက် နယ်မြေ၊ မာနယ် ပလော ဌာန ချုပ် နဲ့ အရှေ့ တောင် အာရှရဲ့ အကောင်း ဆုံး ခံစစ် စခန်းလို့ တင်စား ခေါ်ဝေါ် ကြတဲ့ ၀ါးခသစ် စခန်း တို့  အတွက် တိုက်ပွဲ ခေါ်သံ လည်း ဖြစ်ပါ တယ် …။


(၁၂)

 
၁၉၉၅ ခုနှစ် ဇန်န၀ါရီ လ ၂၂ ရက် နေ့  မှာ ပွိုင့် ၄၀၄၄ ခွေးအိပ် တောင် စခန်း က အမှတ် ၆ အမြောက် တပ်ရင်း တပ်ရင်းမှူး ဟာ စ ပစ် ဆိုတဲ့ အမိန့် သံ တစ်ခု ကို ခပ်တိုးတိုး ရေရွတ် လိုက်ပါ တယ် …..။ ဒီ အမိန့် ပေးသံ ဟာ မာနယ် ပလော ဒေသ တိုက်ပွဲစဉ် တွေရဲ့ အစ ဖြစ် သလို  ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့ မှာ တပ်မတော် က တစ်ဖက် သတ် ရပ်စဲ ပေးခဲ့ တဲ့ အပစ် အခတ် ရပ်စဲရေး ရဲ့ အဆုံးသတ် လည်း ဖြစ်ပါ တယ်။ တိုင်းရင်း သား အဖွဲ့  ၁၃ ဖွဲ့နဲ့ အပစ် အခတ် ရပ်စဲရေး အောင်မြင် သွားတဲ့ တပ်မတော် အစိုးရ ဟာ ဒီ ထိုးစစ် မဆင်မီ ကာလ အတွင်း တော့ နိုင်ငံ တကာ သံခင်း တမန်ခင်း ဆောင်ရွက် ချက် တွေမှာ သိပ် အဆင်ပြေ လှတယ် မဟုတ် ပါဘူး။

နေအိမ် အကျယ် ချုပ်နဲ့ အတိုက် အခံ ပါတီ ခေါင်းဆောင် ကို နိုဘယ်ဆု ချီးမြှင့် လိုက်ပြီး တဲ့ နောက်မှာ ပြည်ပ နိုင်ငံ အတော် များများ မှာ သွားရောက် စုစည်း မိကြ တဲ့ အတိုက် အခံ အင်အားစု တွေဟာ တစ်နေ့ တစ်ခြား တိုးပွား လို့ လာနေ ပါတယ် …..။

သူတို့ ထဲမှာ မဆလ ပါတီ လက်ထက် ကတည်းက ရောက်ရှိ အခြေကျ နေတဲ့ သူ တစ်ချို့ ပါဝင် ပေမယ့် အများစု ကတော့ ၈၈ အရေး အခင်းရဲ့ မျိုးဆက်တွေ ဖြစ်ပြီး နည်းလမ်း အမျိုးမျိုး နဲ့  ပြည်ပ ကို ရောက်ရှိ စုစည်း မိလာ လို့ အသင်း အဖွဲ့ များ အနေ နဲ့ ရပ်တည် လာ ကာ နိုင်ငံခြား သား အချို့ ပါ ပါဝင်လာ ခဲ့ ပါတယ်။ သူတို့ ရဲ့ တူညီ တဲ့ ရည်မှန်း ချက် ကတော့ အပြည်ပြည် ဆိုင်ရာ အသိုင်း အ၀ိုင်းများ က တပ်မတော် အစိုးရ အပေါ် ဖိအားပေး ပိတ်ဆို့ မူ တွေ ပြုလုပ် ပြီး အစိုးရ ပြုတ်ကျ သွား စေဖို့ ပါပဲ  ….။

၁၉၉၂ သြဂုတ် ၄ ရက် နေ့ မှာ ကေအန်ယူ အဖွဲ့ က ဦးစီး ဖွဲ့ စည်း ပေးခဲ့ တဲ့  NCUB ဟာ အရင်ရှိ နှင့် ပြီးသား DAB , NDF , NLD ( LA ) , NCGUB တို့ ကို စုစည်း ပြီး ပြန်လည် တည်ထောင် ခဲ့ တာ ဖြစ်ပေမယ့် သူ့ ရဲ့ နိုင်ငံရေး အံတုမူ ကော်မတီ က ထိုးနှက် ချက်တွေ ဟာ တပ် မတော် အစိုးရ အဖို့ တော့ အတော့် ကို စိတ် အနှောင့် အယှက် ဖြစ်ဖွယ် ကောင်းခဲ့ ပါတယ် ..။

၁၉၉၄ မတ်လ ၂၃ ရက်နေ့ က နေ ဇွန်လ ၁၅ ရက်နေ့  အတွင်း မှာ တော့ ကေအန်ယူ က ဗိုလ်ချုပ်မြ ကိုယ်တိုင် အမေရိကန် ကို သွား ရောက် ခဲ့ပြီး Carter Center မှာ အချက် ၇ ချက် ပါတဲ့  စာတမ်း တစ်စောင် ကို တင်သွင်း ခဲ့ပါ တယ်။ ဒီ စာတမ်းရဲ့ တောင်းဆိုချက် က တော့ အမေရိကန် အစိုးရ အနေနဲ့ မြန်မာ ပြည် အပေါ် ပိတ်ဆို့ အရေး ယူ မှု တွေ ပြင်းပြင်း ထန်ထန် ဆောင်ရွက် ပေးဖို့ ပါပဲ။ ဒါဟာ မြန်မာ နိုင်ငံ အပေါ် မကြာခင် ပြင်းပြင်း ထန်ထန် ပိတ်ဆို့ ခံရတော့ မယ့် နိုင်ငံ တကာ က နိုင်ငံရေး စီးပွား ရေး ပိတ်ဆို့ မှု တွေ ရဲ့ အကြောင်းခံ တစ်ခု လဲ ဖြစ်ပါ တယ် ….။

၁၉၉၅ ခု ဇန်န၀ါရီ လ ၂၂ ရက် နေ့  ည ၁၀ နာရီ ၀န်းကျင် လောက် မှာ ရှေ့တန်း အမှတ် ၆၆ ခြေမြန် တပ်မ ရဲ့ လက်အောက် ခံ တပ်ရင်း တွေ ဟာ သံလွင်မြစ် ကို နေရာ သုံးခု ကနေ တစ်ဟုန် ထိုး ဖြတ်ကျော် ၀င်ရောက် လျက် ရှိသလို ရှေ့တန်း အမှတ် ၂၂ ခြေမြန် တပ်မ က တပ်ရင်းတွေ ကတော့ အရှေ့ တောင် အာရှ ရဲ့ နာမည် ကျော် နော်တ ခံစစ် ကြောင်း ကို တလ ကြမ်း ၀င်ဆောင့် ဖို့ ချီတက် နေပါ ပြီ။
 

နော်တ ခံစစ်ကြောင်း ရှိ KNU စခန်းတစ်ခု

တပ်မ ၂၂ ရဲ့ အောက်ဘက် မိုင် ၄၀ ခန့် အကွာ မှာ ရှေ့ တန်း အမှတ် ၄၄ ခြေမြန် တပ်မ ဟာ ပိန်း ပိတ် မှောင်နေ တဲ့ ကြား ကပဲ ၀ါးခ သစ် စခန်း ရဲ့ ရှေ့ မျက်နှာစာ တည့်တည့် ကနေ မိုင်းကွင်း နဲ့ ခြံ စည်း ရိုး အတား အဆီး တွေကို ထိုးဖောက် ၀င်ရောက် နေခဲ့ ပြီး ည ၁၁ နာရီ ချိန်မှာ တော့ စည်းရိုး ခြောက် ထပ် ကို ဖျက်ဆီး ၀င်ရောက် နေပြီ ဖြစ်ပါ တယ် ..။

 
ဒါဟာ သုံးနှစ် နီးပါး ကမ်းလှမ်း ခဲ့တဲ့ အပစ် အခတ် ရပ်စဲရေး ငြင်းပယ် မှုရဲ့ ရလာဒ် ဖြစ် သလို ၁၉၉၄ ဒီဇင်ဘာ ၁ ရက် နေ့ မှာ ကေအန်ယူ က ခွဲထွက် လာတဲ့  ဒီကေဘီအေ အဖွဲ့ ကို ၀င်ရောက် အကာ အကွယ် ပေးခြင်းလဲ ဖြစ်ပါ တယ်  …။

၂၃.၁၁.၉၄ ရက်နေ့ မှာ မြစ်ဆုံ ဒေသ သုမွဲထ ကျေးရွာ မှာ တည်ထား တဲ့ ဖောင်တော်ဦး စေတီ နဲ့  ပတ်သက် ပြီး ဗိုလ်ချုပ် မြ ရဲ့ ဖိအား ပေးခြင်း ကို ခံရတဲ့ မြိုင်ကြီး ငူ ဆရာတော် ဟာ သာသနာ ပြု လုပ်ငန်း များ ရပ်ဆိုင်း ပြီး မြိုင်ကြီးငူ ဒေသ ကို ပြန်ကြွ သွား ခဲ့ ပါတယ် ...။

ဆရာတော် ကို ဖူးမျှော် ဖို့ ရောက်လာ တဲ့ ကေအန်ယူ တပ်ရင်း ၂ မှ ဒု တပ်ရင်း မှူး ကျော်ဟဲ နဲ့  ရဲဘော် များ ဟာ ဒီ အဖြစ် အပျက် ကြောင့် မြိုင်ကြီး ငူ ဒေသ ထိ ချီတက် သွားပြီး မြိုင်ကြီး ငူ နဲ့ သော်လဲထ စခန်း ကြား သံလွင် မြစ်ရိုး ကို ကေအန် ယူ တပ်ဖွဲ့ တွေ ကို ၀င်ခွင့် မပေးတော့ ပဲ စတင် ပိတ်ဆို့ ထား လိုက် ပါတယ် ....။

မကြာခင် ပဲ ကေအန်ယူ တပ်မဟာ ၁ ၊ တပ်မဟာ ၆ နဲ့  တပ်မဟာ ၇ က အင်အား များပါ ပူးပေါင်း ပါဝင် လာပြီး ၁၉၉၄ ဒီဇင်ဘာ ၁ ရက် နေ့ မှာ DKBA အဖွဲ့ ကို စတင် ဖွဲ့ စည်း ခဲ့ ပါတယ်။ ၁၉၉၅ ဇန်န၀ါရီ ၅ ရက်နေ့ မှာ တော့ ကေအန်ယူ တပ်ဖွဲ့ တွေ ဟာ အင်အား အလုံး အရင်း နဲ့ ဒီကေဘီအေ အဖွဲ့ ကို ထိုးစစ်ဆင် ချေမှုန်း နေပြီ ဖြစ်ပါ တယ်။

သံလွင်မြစ် ကို ဖြတ်ကူး လာတဲ့ အမှတ် ၆၆ ခြေမြန် တပ်မ ဟာ  မြောက်ဘက် စစ် မျက်နှာ မှာ ပွိုင့် ၁၈၀၁၊ တောင်ဘက် စစ် မျက်နှာ မှာ ဘော်နော် စခန်း နဲ့  အလယ် တည့်တည့် ကတော့ ဆင်ဖြူတောင် စခန်း များ ကို တစ်ပြိုင် တည်း ၀င်ရောက် တိုက်ခိုက် သိမ်းပိုက် ခဲ့ ပြီး နော်တ ခံစစ်ကြောင်း ကို ထိုးဖောက် နေတဲ့ တပ်မ ၂၂ ရဲ့ တပ်ရင်း တွေ ကတော့ နော်တ ခံစစ်ကြောင်း ရဲ့ စစ် ဗျူဟာ အရေးကြီး မြေ ကျောက်တောင် ကုန်း စခန်း ကို စီးနင်း သိမ်းပိုက် လိုက်ပါ တယ်။ ဒီ စခန်း ကျဆုံး သွားတဲ့ အတွက် နော်တ ခံစစ် ကြောင်း က ခံစစ် စခန်း အများ အပြား ဟာ တပ်မ ၂၂ တိုက်ခိုက် ရေး တပ်ရင်းတွေ ရဲ့ ၀င်ရောက် လုံးထွေးမှု ကို ခံကုန် ရပြီး ၂၅ ရက် နေ့ မှာတော့ အဓိက ခံစစ် ဖြစ် တဲ့ ကြယ်ပြောင် ကုန်း စခန်း ကျဆုံး သွားခဲ့ ပါ တယ် ..။

ညနေ ၄ နာရီ ၃၀ ချိန် မှာ တော့ ခံစစ်ကုန်း အားလုံး နဲ့ ABSDF ရင်း ၂၀၇ ဌာန ချုပ် အပါ အ၀င် နော်တ ခံစစ် ဒေသ ကြီး တစ်ခု လုံး ဟာ အမှတ် ၂၂ ခြေမြန် တပ်မ ရဲ့  ချေမှုန်း သိမ်းပိုက်မှု ကို ခံလိုက် ရပါပြီ ……။

မာနယ် ပလော ဌာနချုပ် ကို ချီတက် နေတဲ့ တပ်မ ၆၆ ကတော့ ၂၅ ရက်နေ့ တစ်ရက် လုံးလုံး အပြင်း အထန် တိုက်ခိုက် နေ ရပြီး ၂၆ ရက်နေ့ မှာ ပွိုင့် ၅၉၅ တောင်ကုန်း နဲ့ ချောင်းဆုံ တောင်ကုန်း တို့ ထိ ၀င်ရောက် တိုက်ခိုက် နေရာ ယူ ထိန်းချုပ် လိုက်နိုင် ခဲ့ပါ တယ်။ တစ်ဆက် တည်း မှာပဲ သောင်ရင်းမြစ် အနောက် ဘက် ပွိုင့် ၉၁၃ စခန်း နဲ့ ပွိုင့်  ၁၂၃၈ စခန်း ဘက်က ချီတက် လာတဲ့ စစ်ကြောင်း များ ဟာ နေရာ သုံးခု ကနေ တစ်ပြိုင် တည်း ထိုးဖောက် ၀င်ရောက် လာပြီး မာနယ် ပလော ကို အပြင်း အထန် တိုက်ခိုက် ပါတော့ တယ်။ ၂၇.၁.၉၅ ရက် နေ့ ညနေ ၅ နာရီ ၂၅ မှာ တော့ ကေအန်ယူ တို့ ရဲ့ လွတ်မြောက် နယ်မြေ မာနယ် ပလော ဗဟို ဌာနချုပ် တစ်ခု လုံး ဟာ တပ်မ ၆၆ ရဲ့ သိမ်းပိုက် ချေမှုန်း ခြင်း ခံလိုက် ရပါပြီ …..။



မြစ် အောက် ဘက် မိုင် ၄၀ လောက် အကွာမှာ တိုက်ပွဲဝင် နေတဲ့ အမှတ် ၄၄ ခြေမြန် တပ်မ ဟာ စခန်း သိမ်း တိုက်ပွဲ စတင် တာနဲ့  တစ်ပြိုင် နက် တပ်မ ရဲ့ အမာဆုံး တပ်ရင်းများ ကို ရွေးထုတ် ပြီး ဘယ်ဘက် စစ်မျက်နှာ စာ မှာ တပ်ရင်း ၂ရင်း ညာဘက် စစ် မျက်နှာ စာမှာ တပ်ရင်း ၂ ရင်း စုစု ပေါင်း တပ်ရင်း လေးရင်း နဲ့ တပ်ဖြန့် ဖို့ ခက်ခဲ လှတဲ့ ၀ါးခ သစ် စခန်း ရဲ့ အိုမီဂါ ပုံ မျက်နှာ စာ ကို တစ်နေ ကုန် အကြိမ် ကြိမ် ဇွဲနပဲ ကြီးစွာ နဲ့  ၀င်ဆောင့် နေခဲ့ ပါတယ်။ အကျ အဆုံး ဟာ ကြောက် ခမန်း လိလိ များပြား လှပေ မယ့် သူရဲ မရဲ စီး သလို  အကြိမ်ကြိမ် လှံစွပ် ထိုး နေတဲ့ စစ်သည် တွေ ကြောင့် ညနေ သုံး နာရီ ၀န်းကျင် မှာ တော့ ရန်သူ့ ခံစစ် ဟာ လုံးဝ ပြိုလဲ သွား ခဲ့ ပြီး စစ်ကြောင်း နှစ်ခုလုံး ဟာ ဘန် ကာ များ အားလုံး ကို လှံစွပ် ထိုး သိမ်းပိုက် လိုက် ပါတယ်။ တပ်မ ၄၄ ဟာ ၀ါးခသစ် စခန်း ကို ထိုက်ထိုက် တန်တန် သိမ်းပိုက် ရရှိ သွားခဲ့ ပါပြီ ....။

ဒီ ကျဆုံး မှု ဟာ ကေအန်ယူ အဖွဲ့ အတွက် တော့ မြန်မာ ပြည်တွင်း မှာ ရှိတဲ့ နောက်ဆုံး အခြေ စိုက် စခန်းကို လက်လွှတ် လိုက်ရတာ ဖြစ် သလို အနာဂတ် ကာလ မှာ ဘယ်လို စစ်ရေး လှုပ်ရှား မှု ကြီးကြီး မားမား ကိုမှ ဆက်လက် လုပ်ဆောင် နိုင်ခြင်း မရှိ တော့ မယ့် အခြေ အနေ လဲ ဖြစ်ပါ တယ်။ ဒေါန မြေ က သေနတ်သံ တွေ ကတော့ အတော် အတန် စဲသွား ခဲ့ပြီ ဖြစ်ပြီး တပ်မတော် အနေ နဲ့ သမိုင်း မှာ ဘယ်တုန်း ကမှ မရခဲ့ ဖူးဘူး တဲ့ အသာစီး အနေအထား ကို ရရှိ သွားပြီ လဲ ဖြစ်ပါတယ် ...။

(၁၃)

၁၉၉၃ ဇန်န၀ါရီ ၉ ရက်နေ့ ရန်ကုန် မြို့ အလုံ လမ်း သမ္မတ အိမ်တော် အစည်း အဝေး ခန်းမ မှာ တပ်မတော် အစိုးရ ဦးစီး တဲ့ ကိုယ်စား လှယ် အတော် များများ ဟာ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့ အတွက် အမျိုးသား ညီလာခံ ကို ကျင်းပ လျက် ရှိပါ တယ် ….။

ဒါဟာ ရွေးကောက်ပွဲ အနိုင်ရ ပါတီနဲ့ တပ်မတော် ကြား အဏာ ချိန်းပြောင်း လွှဲအပ်ရေး အတွက် ဆွေးနွေး ပွဲ ဖြစ် သလို နိုင်ငံရေး ပါတီ တွေ အနေနဲ့ အနာဂတ် မှာ တပ်မတော် ရဲ့ အနေအထား ကို အာမခံ ချက် ဘယ်လို ပေးမလဲ ဆိုတာ အပြန် အလှန် ညှိနိုင်း ကြတဲ့ ပွဲ လည်း ဖြစ်ပါတယ် ..။

ကနဦးမှာ ရွေးကောက်ပွဲ အနိုင် ရ ပါတီ၊ မဲရ ထားသော အခြား ပါတီ ကိုယ်စားလှယ် တွေနဲ့ တိုင်းရင်း သား လက်နက် ကိုင် ကိုယ်စား လှယ် များပါ ပါဝင် ခဲ့ ပေမယ့် ထိန်းသိမ်း ခံထားရ တဲ့ ပါတီခေါင်းဆောင် ကို ဇူလိုင် လ အတွင်း နေအိမ် အကျယ်ချုပ် က ပြန်လွှတ် ပေးခဲ့ ပြီးတဲ့ နောက် ၁၉၉၅ နိုဝင်ဘာ ရဲ့ နေ့ တစ်နေ့ မှာ ရွေးကောက် ပွဲ အနိုင်ရ ပါတီ ရဲ့ ညီလာခံ ကိုယ်စား လှယ် ၈၆ ဦး ဟာ အမျိုး သား ညီလာခံ ကို သပိတ်မှောက် ခဲ့ ပါတယ် …။

တပ် စကား နဲ့ ပြောရရင် တော့ အခြေအနေ ဖန်တီး နိုင်ခွင့် ကိုယ့် ဆီမှာ မရှိပဲ ရန်သူ ကို ထိုးစစ် သွားဆင် သလို ဖြစ် ခဲ့ပြီး တပ်မတော် အစိုး ရ ကတော့ သပိတ်မှောက် ပြီး သုံးရက် အကြာ မှာ ကိုယ်စား လှယ် ၈၆ ဦးလုံး ကို ညီလာခံ က ထုတ်ပစ် လိုက်တာ နဲ့ ပဲ တုန့် ပြန် ခဲ့ ပါတယ် …။

အနှစ်လေး ငါး ဆယ် တိုက်ပွဲတွေ ကြားမှာ ပဲ တိုက်ရင်း ခိုက်ရင်း ကြီးထွား လာပြီး အရပ် ဖက် နိုင်ငံရေး ပါတီတွေ ကို သတိ နဲ့ ဆက်ဆံ ဖို့ အကြောင်း ဖန်လာ တဲ့ တပ်မတော် တစ်ခု အတွက် ဒီလို သဘော ထား တင်းတင်း မာမာ တုန့် ပြန် တာဟာ သိပ် မထူးဆန်း လှ ပေမယ့် ပြည်သူ အများစု ထောက်ခံ တဲ့၊ ပညာ တတ် ခေါင်းဆောင် အများ အပြား ပါဝင် တဲ့ အရပ် ဖက် နိုင်ငံရေး ပါတီ ကြီး တစ်ခု အနေ နဲ့ တော့ ဒီ သဘော ထား တင်းမာ လှတဲ့ ညီလာခံ ကို သပိတ်မှောက် တဲ့ ဆုံးဖြတ် ချက် ရဲ့ အကျိုးဆက် ကို နောက် ထပ် ၁၇ နှစ် တိတိ နင့်နေ အောင် ခံရပါ တော့ မယ် ..။

၁၇ နှစ် အတွင်း ပါတီ ရဲ့ အင်အား အများစု ဟာ ချိနဲ့ ပြုန်းတီး သွားအောင် ချေမှုန်း ခံခဲ့ ရပြီး နောင် ၁၇ နှစ် အကြာ မှာလဲ ၁၉၉၅ ခုနှစ် က ထက ပိုမို ဆိုးရွား တဲ့ အခြေ အနေမျိုး ကိုပဲ အလျော့ပေး လက်ခံ ခဲ့ရ ပါ တော့ တယ်။ ဒါဟာ စစ်တပ် က ၂၂ နှစ် လောက် ကြာ အောင် နေရာယူ ဖြစ်သွား စေတဲ့ အကြောင်း ပေါင်း များစွာ ထဲက တစ်ခု လို့ လဲ ဆိုနိုင် ပါတယ် …။

အမျိုးသား ညီလာခံ ဟာ တကယ် တော့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲ ဖို့ ဆိုတဲ့ မှတ်ချက် ထက် စာရင် တပ်မတော် အ နေနဲ့  အနာ ဂတ် နိုင်ငံရေး ခရီးမှာ သူ့ ကို အားအင်ချိ နဲ့ သွားအောင် မဖြိုခွဲ ပါဘူး ဆိုတဲ့ အာမခံချက် မျိုး၊ များပြား လှတဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ များ အားလုံး ကို တပ်မတော် ရဲ့ ကွပ်ကဲမှု အောက်မှာ တစ်စု တစ်စည်း တည်း စံနစ် တကျ ထားရှိဖို့ ဆို တဲ့ ကတိက ၀တ်မျိုး၊ ပြည် နယ် တွေ အနေနဲ့ ဘယ်တော့ မှ ခွဲမထွက် သွားပါဘူး ဆိုတဲ့ သဘော တူညီ ချက် မျိုး ကို ခိုင်ခိုင်မာမာ ရချင် တာပဲ ဖြစ်နိုင် ပြီး ဒီ အချက် တွေ ထည့်သွင်း ရေးဆွဲ ထားမယ့် နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ကို နောက်လာ မယ့် အစိုးရ များက အလွယ် တကူ ပြင်ပစ် လို့ မရနိုင် ဖို့ ဥပဒေ ပြု လွှတ်တော် တွင်း မှာ တပ်မတော် သား အမတ် ရာခိုင်နူန်း တစ်ခု ကို အချိန် အတိုင်း အတာ တစ်ခု အထိ ထည့်သွင်း ထားခဲ့ ဖို့ ရည်ရွယ် တာပဲ ဖြစ်နိုင် ပါတယ် …။

တပ်မတော် နေရာ က စဉ်းစား ရင် သူတို့ အကြိမ်ကြိမ် လှံစွပ် ထိုး သိမ်းပိုက်၊ တပ်ရင်း လိုက် ပြုတ်လု နီးပါး ရင်းနှီး တည်ဆောက် ထား တဲ့ စခန်းတွေ ဟာ အနာဂတ် ကာလ မှာ အာဏာရ ပါတီ က လူကြိုက်များ တဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ တွေ ကျင်းပ၊ လက်ခုပ် သံ တဖြောင်း ဖြောင်း လျံကျ၊ တစ်ယောက် နဲ့ တစ်ယောက် လက်ဆွဲ နူတ်ဆက်၊ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရဲ့ နောက်ဆက် တွဲ အဖြစ် တောင် ကုန်း ပေါ်က ပြန်ဆုတ် လာတဲ့  နောက်ဆုံး စစ်သည် အောက် မရောက် ခင် တောင်ကုန်း တစ်ဖက် က လက်နက်ကိုင် တပ် တွေ က ၀င်ရောက် နေရာ ယူနေ တဲ့  မြင်ကွင်း မျိုး ကို သူတို့ အကြိမ် ပေါင်း များစွာ ကြည့်ခဲ့ ရပေါင်း များလှ ပါပြီ ..။

မအောင်မြင် တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ တောင်လို ပုံနေ တဲ့ မြန်မာ ပြည် မှာ စခန်း တစ်ခု ထဲကို လေးငါး ခြောက်ခါ ပြန်သိမ်း ရင်း ကျဆုံး ခဲ့ ရတဲ့ စစ်သည် အရေ အတွက် ဟာ အဲဒီ တောင်လောက် နီးပါး မြင့်နေရပြီ ဆိုတာ သူတို့ ဖြတ်သန်း လာတဲ့ သမိုင်း က သူ တို့ ကို ကောင်းကောင်း သင်ပြ ထားခဲ့ ပြီးလဲ ဖြစ်ပါ တယ် ....။

တပ်မတော် အနေ နဲ့ တော့ အုပ်ချုပ်ရေး အာဏာ ကို ဆုပ်ကိုင် ထားလို့ မရဘူး ဆိုတာ ရှင်းရှင်း လင်းလင်း နားလည် ပုံ ရပေ မယ့် သူ တို့ လိုချင် တဲ့ ကတိ က၀တ် မျိုး၊ သူတို့ လိုချင် တဲ့ အာမခံချက် မျိုး၊ သူတို့ ရပ်တည် မှု ကို ခြိမ်းခြောက် မယ့် နိုင်ငံရေး အခင်း အကျင်း မျိုး နဲ့ တော့ အာဏာကို လွှဲပေးဖို့ မဖြစ် နိုင်ဘူး ဆိုတာ တပ်မတော် အနေနဲ့ ယတိ ပြတ် ဆုံးဖြတ် ထားပြီး ဖြစ်ပုံ ရပါတယ် ….။

(၁၄)

၁၉၉၅ ဇူလိုင် လ ရဲ့ ညနေခင်း တစ်ခု မှာ ရွေးကောက် ပွဲ အနိုင်ရ ပါတီ ခေါင်းဆောင် ရဲ့ အိမ်ရှေ့ မှာ ရာနဲ့ ချီတဲ့ လူအုပ် ကြီး တစ်ခု စုဝေး ရောက်ရှိ နေပါ တယ် ..။ ဒါဟာ ညနေလေး နာရီ တိုင်း မှာ ကျင်းပ နေကျ ဖြစ်တဲ့ တရားပွဲ တစ်ခုရဲ့ မြင်ကွင်း ဖြစ်သလို နေအိမ် အကျယ်ချုပ် က ကင်းလွတ် ခွင့် ရသွား တဲ့ ပါတီ ခေါင်းဆောင် ရဲ့ နိုင်ငံရေး အံတု မှု တစ်ခုလဲ ဖြစ်ပါတယ် …။ အပြန် အလှန် အမေး အဖြေ တွေနဲ့ စည်း ကမ်း သေ၀ပ် လှတဲ့ တရားပွဲ ဟာ အတော့် ကို ချီးမွမ်း ဖွယ် ကောင်းတာ မှန်ပေ မယ့် မြန်မာ့ နိုင်ငံရေး အတွက် တော့ အရေးပါ တဲ့ အပြောင်း အလဲ တစ်စုံ တစ်ရာ ကို ပေးနိုင်စွမ်း မရှိ ခဲ့ ပါဘူး …။

တပ်မတော် အစိုးရ အနေနဲ့ ကတော့ ဒီကာလ အပိုင်းအခြား တွေ ဟာ တည်ငြိမ်မှု အတော် အတန် ရရှိ လာပြီး အရေး အခင်း ကာလ တွေနဲ့ နိုင်းယှဉ် ရင်တော့ ဘေးကျပ် နံကျပ် အခြေအနေ က လွတ်ကင်း ခဲ့ ပြီ လို့ ဆိုနိုင် ပါတယ် ..။

ရွေးကောက်ပွဲ အနိုင်ရ ပါတီနဲ့ တပ်မတော် အစိုးရ ကြား ညှိနိုင်း လို့ မရ နိုင် အောင် လိုလားချက် တွေ ကွာခြား လာနေ ချိန် မှာ တပ်မတော် အစိုးရ အနေ နဲ့ ကတော့ အတိတ် ကို ပြန်တွေး ကြည့် တဲ့ အခါ တိုင်း အပိုင်းအစ ငယ်လေး များ အဖြစ် ပြိုကွဲ ဖို့ အမြဲ ယိမ်းယိုင် နေတဲ့ နိုင်ငံ တစ်ခု ရဲ့ အိပ်မက်ဆိုး တွေ ကို ဘယ်တော့မှ မေ့လို့ မရ ခဲ့ ပါဘူး။ သူတို့  အနေနဲ့ သံသယ စိတ် ကြီးမား တာ ဖြစ်နိုင် သလို ခြိမ်းခြောက်မှု က အမှန် တကယ် ရှိနေ တာလဲ ဖြစ်နိုင် ပါတယ် ….။

တစ်ဖက် ကလဲ တိုင်းပြည် ကို ချုံးချုံးကျ သွားစေ တဲ့ ဆိုရှယ်လစ် လမ်းစဉ် အပြီး သက်တမ်း အတော်လေး ရလာ တဲ့ တပ်မတော် အစိုးရ အဖို့ တော့ ဒီ အခက် အခဲတွေ က လွန်မြောက် ဖို့ လမ်းစ တွေ့ ပြီ လို့ လဲ ထင်နေပုံ ရပါတယ် ….။

ဆယ် စုနှစ် သုံးလေး ငါးခု ဖွတ်ဖွတ် ညက်ညက် ကြေအောင် တိုက် ခဲ့ ရတဲ့ လက်နက်ကိုင် များ ကို အနိုင် ရပြီး တိုင်းပြည် စီးပွားရေး အတွက် အခြေခံ အဆောက် အအုံ အများ အပြား ကို တည်ဆောက်၊ သစ်လွင်ပြီး အင်အား ရှိတဲ့ တပ်မတော် ကို ဖွဲ့ စည်း၊ နိုင်ငံ အနှံ့ အပြား နဲ့ နိုင်ငံရေး ပါတီ များ အတွင်း စိမ့်ဝင် နေတဲ့ မြေအောက် အဖွဲ့ အစည်း များရဲ့ အမာခံ တွေကို ဖော်ထုတ် ရှင်းလင်း၊ တပ်မတော် က ခေါင်း ဆောင် ပြီး ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲ၊ ပြီးလျင် တော့ သိက္ခာ ရှိရှိ စစ် တန်းလျား ပြန်ကြမယ် ဆိုတာ ဟာ သူတို့ စဉ်းစား ခဲ့ ကြ တဲ့ အကြံ ဖြစ်ပုံ ရပါ တယ် ….။

ဒါပေမယ့် သူတို့ ထည့် မတွက်မိတာ တစ်ခုက တိုင်းပြည် ရဲ့ မဟာ ဗျူဟာ မြောက် မြေအနေ အထား ပါ။ အာဖရိက တိုက် က မထင် မရှား နိုင်ငံငယ် လေး တစ်ခု မှာ ဒီလို နိုင်ငံရေး အနေ အထား ဟာ လူမသိ သူမသိ လျှင်လျှင် မြန်မြန်ပဲ အဆုံး သတ် သွားမှာ ဖြစ်ပေ မယ့် ဒီ တိုင်းပြည် မှာတော့ ဒီလို မဟုတ် ပါဘူး။ မြန်မာ ပြည်မှာ အနောက် ကို သိသိ သာသာ ယိမ်းတဲ့ အတိုက် အခံ ပါတီ အာဏာ ရလာ တာ ကို လိုလား တဲ့ အတွက် အနောက် အုပ်စု ရဲ့ ပိတ်ဆို့ မှု တွေ ဟာ မကြာခင် ပဲ လျှင်လျှင် မြန်မြန် ကြီး ၀င်ရောက် လာတော့ မှာပါ။ ဒါဟာ အတိုက် အခံ ပါတီ နဲ့ တပ်မတော် အစိုးရ ကြား က ဆယ်စုနှစ် နဲ့ ချီပြီး ကြာမြင့် တော့ မယ့် စစ်အေး တိုက်ပွဲ ရဲ့ အစ လို့ လည်း ဆိုနိုင် ပါတယ် ...။

အတိုက် အခံ ပါတီ ဟာ သူ ရဲ့ ထိပ်တိုက် ရင်ဆိုင်ရေး လမ်းစဉ် က တပ်မတော် အစိုးရ ကို ဖယ်ရှား ဖို့ အတွက် အလုပ် ဖြစ်ပုံ မရတော့ တဲ့ အခြေ အနေ မှာ နည်း ဗျူဟာ အသစ် တစ်ခု နဲ့ ပြောင်းလဲ ပြီး ရင်ဆိုင် ဖို့ စီစဉ် တဲ့ သဘော ရှိပါ တယ်။ နည်းဗျူဟာ အသစ် ဟာ တပ်မ တော် အစိုးရ ကို ဖြုတ်ချ နိုင်ဖို့ သိပ် မသေချာ ပေမယ့် စီမံ ခန့် ခွဲမှု ညံ့ ဖျင်း ပြီး တိုင်းပြည် ကို တိုးတက် အောင် မလုပ်နိုင် တဲ့ အစိုးရ အဖြစ်တော့ အရှက် တကွဲ အကျိုးနည်း ဖြစ်သွား စေနိုင် ဖို့ ဖြစ်နိုင် ချေ အတော် များလှ ပါတယ် ...။

ရွေးကောက် ပွဲ အနိုင်ရ ပါတီ ကြီး အနေနဲ့  ကတော့ ရွေးကောက် ပွဲ ရလာဒ် ကို ဆုပ်ကိုင် နိုင်ဖို့ ဆိုတာ နည်းလမ်း များများ စားစား မရှိ တော့ တဲ့ အတွက် ဒီ နည်းဗျူဟာ ကို ပဲ အသုံးချ ရတော့ မှာ ဖြစ်သလို တပ်မတော် အစိုးရ အနေ နဲ့ ကလဲ နောက် ပြန်ဆုတ် ဖို့ သိပ်ခက်ခဲ လှတဲ့ အခြေ အနေ ဖြစ်နေတဲ့ အတွက် ရှေ့ ကို ပဲ ဆက်တိုး ကြ ရတော့ မှာပါ …..။

ဒီ တိုက်ပွဲ မှာ အတိုက် အခံ ပါတီ အနေနဲ့ တိုင်းပြည် ရဲ့ စီးပွားရေး ယန္တရား ကို ဦးတည် တိုက်ခိုက် တော့မှာ ဖြစ်သလို တပ်မတော် အစိုးရ အနေ နဲ့ လည်း ဒီ ယန္တရား ဆက်ပြီး လည်ပတ် နိုင်ဖို့ ရရာ နည်းလမ်း ၊ ရရာ နိုင်ငံ တွေနဲ့ ဆက်သွယ် ရတော့ မှာပါ။ ဒီ နည်းဗျူဟာ ဟာ တိုင်းပြည် ကို ချွတ်ခြုံ ကျသွား စေတဲ့ အဓိက အကြောင်း တရား လည်း ဖြစ်သလို အိမ်နီးချင်း နိုင်ငံ ကြီး က အလွယ် တကူ ၀င်ရောက် အမြတ်ထုတ် ခြယ်လှယ် ခွင့် ရသွား စေခဲ့ တဲ့ သော့ချက် လည်း ဖြစ်ပါတယ် ….။

၁၉၉၆ အောက်တိုဘာ လ ထဲမှာ ဥရောပ သမဂ္ဂ ဟာ မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ မှု အသစ် တစ်ခု ကို ထပ်မံ ပြဌာန်း လိုက်ပါ တယ်။ ဒါဟာ ၁၉၉၀ - ၉၁ ၀န်းကျင် က အစပျိုး ခဲ့တဲ့ အကူအညီ ရပ်ဆိုင်းမှု တွေရဲ့ အဆက် ဖြစ်သလို နောင် ထပ်မံ တိုးချဲ့ ပိတ်ဆို့ တော့ မယ့် ၂၀၀၀ - ၂၀၀၁ အရေး ယူ မှုများ ရဲ့ ကနဦး အစ လည်း ဖြစ်ပါ တယ် .…။

ဒီ ပိတ်ဆို့ မှု ဟာ မြန်မာ နိုင်ငံ ရဲ့ ထွက်ကုန် အားလုံး ကို ၀ယ်ယူ ဖို့ ပိတ်ပင် လိုက် သလို မြန်မာ ပြည် ငွေကြေး အဖွဲ့ အစည်း တွေ နဲ့ ဆက်သွယ် လုပ်ကိုင် တာကို လဲ တားမြစ် တဲ့ အတွက် နော်ဝေး ၊ဆွစ်ဇာလန် ၊ သြစတြေးလျ ၊ ကနေဒါ နဲ့ အမေရိကန် ပြည်ထောင် စု တို့ ကပါ စီးပွားရေး ပိတ်ဆို့ ထားပြီး ဖြစ်တဲ့ တိုင်းပြည် တစ်ခု အဖို့ တော့ သွေးရူး သွေးတန်း အခြေ အနေ ကို ဆိုက်ရောက် သွားစေ ခဲ့ရ ပါတယ် ....။

ပက်စီကိုလာ အပါ အ၀င် ကုမ္ပဏီ ကြီး အတော်တော် များများ ဟာ ဒရော သောပါး ပြန်လည် ထွက်ခွာ သွားကြ ပြီး ၁၉၉၈ မှာ အသစ် ထပ်မံ ပိတ်ဆို့ တဲ့ အမေရိကန် ပြည်ထောင်စု ရဲ့ ပိတ်ဆို့ မှု ကတော့ ဖွံ့ဖြိုးစ ခရီးသွား လုပ်ငန်း ကို အားပါး တရ ရိုက်ချိုး ပစ်လိုက် ပါတယ် ….။

၁၉၉၀ ခုနှစ် ၀န်းကျင် က မျှော်လင့် တကြီး ဆောက်လုပ် ခဲ့တဲ့ ဟိုတယ် ၊ မိုတယ် နဲ့ အင်း အများ အပြား မှာ ခရီးသွား တွေ လျော့နည်း ခမ်းခြောက် သွားစေ ခဲ့ ပြီး ၂၀၀၄ ခုနှစ် မှာ ထုတ်ပြန် ခဲ့ တဲ့ မြန်မာပြည် ရဲ့ သွင်းကုန်များ ကန့် သတ်ခြင်း နဲ့ မည် သည့် ငွေပေး ချေမှု မှ မပြုလုပ်ရ ဆိုတဲ့  ဆုံးဖြတ်ချက် ကတော့ မြန်မာ ပြည် ရဲ့ အထည်ချုပ် လုပ်ငန်း ကို ဗုံးဗုံးလဲ သွား စေခဲ့ ပါတယ် ....။

၂၀၀၅ ခုနှစ် မှာ HIV ၊တီဘီ နဲ့  ဌက်ဖျား တိုက်ဖျက်ရေး အဖွဲ့ အစည်း ( Globel Fund ) ဟာ ပြင်းထန် လှတဲ့ ပြည်ပ နိုင်ငံ ရေး ဖိအား ပေးမှု တွေကြောင့် ပြန်လည် ထွက်ခွာ သွားပြီး ၂၀၀၈ ခုနှစ် မြန်မာ့ ကျောက်မျက် တွေ အပေါ် ကန့် သတ် တဲ့ ဥပဒေ အသစ် ထွက်လာချိန် မှာတော့ တိုင်းပြည် ရဲ့ စီးပွားရေး ဟာ လုံးဝ ကျဆုံး နေခဲ့ ပါပြီ ….။

စီးပွားရေး ပြိုလဲမှု နဲ့ အတူ ပြည်ပ ရွှေ့ ပြောင်း အလုပ် သမား ဦးရေ ဟာ ဒီရေ လို မြင့်တက် လာခဲ့ ပြီး အစိုးရ အနေနဲ့  အခြားခြား သော ပြဿနာ အမြောက် အများ ကိုလဲ ရင်ဆိုင် ဖြေရှင်း ရပါတော့ တယ်။ ဒါဟာ အတိုက် အခံ ပါတီရဲ့ နည်း ဗျူဟာ အောင်မြင် တယ် လို့ ဆိုရမှာ ဖြစ်သလို သူ အာဏာ ရတဲ့ အချိန် မှာ ဆက်လက် ရင်ဆိုင် ရမယ့် ပြဿနာ တစ်ထွေး ကြီး ကိုပါ မွေးမြူ လိုက် သလို ဖြစ်သွား တဲ့ အတွက် ခေါင်း မှာ ခါချဉ် ကိုက် ခံရလို့ လှည်းဘီး အောက်ကို ခေါင်းထိုး ထည့်လိုက်မိတဲ့ မြွေလို အဖြစ် မျိုး ကိုလဲ ဆိုက်ရောက် သွားစေ ခဲ့ ပါတော့ တယ် …။

ဆက်ရန်

ရဲမိုး

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်