Pages

Thursday, April 4, 2013

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ဟိုပုံးမြို့၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေး





ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ဟိုပုံးမြို့၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေး

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့် တပ်မတော် အရာရှိကြီးများ လိုက်ပါလျက် ဧပြီ ၃ တွင် နေပြည်တော်မှ ထွက်ခွာ လာခဲ့ရာ တောင်ကြီးမြို့သို့ နံနက်ပိုင်းတွင် ရောက်ရှိကြပြီး  အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် တာဝန် ရှိသူများမှ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့မှ မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာပြီး ဟိုပုံးမြို့ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေးရာ ရှင်းလင်းဆောင် ခန်းမ၌ ကျောင်းအုပ်ကြီးမှ သင်ကြား လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တပ် တည်ဆောက်ရေး လုပ်ငန်းကြီး (၄) ရပ် ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တင်ပြချက်များ အပေါ် လိုအပ်သည် များကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ (၂)၌ သင်တန်းသား များနှင့် အတူ တကွ နေ့လယ်စာ စားသုံးကြသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စားချက်ဆောင်အတွင်း ချက်ပြုတ်နေမှု အခြေအနေများ၊ ရိက္ခာအမယ်စုံ ထားရှိမှု အခြေအနေများ လှည့်လည်ကြည့်ရှု စစ်ဆေး ကြသည်။

၎င်းနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံရှိ ဆံသဆိုင်၊ အင်တာနက် café ဆိုင်နှင့် ရာသီ သီးနှံ စိုက်ခင်းတို့အား ကြည့်ရှု စစ်ဆေးပြီး အိမ်ထောင်သည် လိုင်းခန်းအတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ (၁)၌  တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံမှ အရာရှိ၊ စစ်သည် မိသားစုများနှင့် သင်တန်းသား များကို တွေ့ဆုံ အမှာစကား ပြောကြားသည်။

ရှေးဦးစွာ အဖွဲ့ဝင်အဖြစ် လိုက်ပါလာ ကြသော အရာရှိကြီး များမှ တပ်စစ်ဆေး ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ထောက်ဆိုင်ရာ ကိစ္စရပ် များနှင့် စစ်ဦးစီး ဆိုင်ရာ ကိစ္စရပ် များကို အသီးသီး ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ချိန် တပ်မတော်၏ လုပ်ငန်း တာဝန်များ၊ တပ်ရင်း/ တပ်ဖွဲ့အလိုက် တပ်တွင်း/ တပ်ပြင် စည်းရုံးရေး လုပ်ငန်းများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ် ဆိုင်ရာများအား အသေးစိတ် ရှင်းလင်း မှာကြားခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များက ဟိုပုံးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအတွက် စားသောက် ဖွယ်ရာများ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံရှိ သုတေသနနှင့် နည်းပညာ ပြခန်း၊ စာပေ ဌာနနှင့် လက်တွေ့သင်ကြားရေး ဆိုင်ရာ အလုပ်ရုံတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းေ ဆာင် ရွက် ပေး ခဲ့ကြောင်း သတင်း ရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားသမ္မတနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး H.E.Mr. Hatta Rajasa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ ၂ နံနက် (၁၁) နာရီတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး H.E. Mr. Hatta Rajasa ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဦးဝင်းမြင့်၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အင်ဒိုနီးရှားသမ္မတနိုင်င စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Sebastianus Sumarsono လည်း တက်ရောက်သည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ရေး၊ လယ်ယာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သတ္တု တူးဖော်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ၊ ရာဘာ၊ ဆီအုန်း၊ သားငါးနှင့် သီးနှံစုံ ထုတ်လုပ်မှုကဏ္ဍများ အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ နှစ်ဆတိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ရုံး

ကမ္ဘာလှည့် ခရီးသည်များ ပြည်တွင်းသို့ ဝင်ရောက် ရာတွင် ပြည်ဝင် ဗီဇာများ ရယူနိုင်ရန် ကောင်းမွန် ပြည့်စုံသော ပြည်ဝင် စနစ် မူဝါဒ ချမှတ် နိုင်ရေး ဆွေးနွေး

 
 
နိုင်ငံတော်တွင် ပြည်သူ ဗဟိုပြု လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် များကို ရုပ်လုံး ဖော်လျက်ရှိရာ စီးပွားရေး လုပ်ငန်းများအတွက် တန်းတူ ယှဉ်ပြိုင်ခွင့်နှင့် ရင်းနှီး မြှုပ်နှံမှု အတွက် အခြေခံကောင်းများ ဖန်တီးပေးပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ကာ ဈေးကွက် စီးပွားရေး စနစ် ပုံပေါ်အောင် ကြိုးပမ်း ဆောင်ရွက်နေချိန် ဖြစ်ကြောင်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာများ စီးဝင်ရေးအတွက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့် အထူးစီးပွား ရေးဇုန် ဥပဒေများ ပြဋ္ဌာန်းကာ ရင်းနှီးမြှုပ်နှံ မှုများအား ဖိတ်ခေါ် လျက်ရှိရာ နိုင်ငံအတွင်း ဝင်ရောက် ရင်းနှီး မြှုပ်နှံလိုသူများ အများအပြား ရှိလာပြီ ဖြစ်ကြောင်း၊ မကြာမီ ကာလအတွင်း  အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးအား အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပရန်ရှိခြင်း၊ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ရန်ရှိခြင်း တို့ကြောင့်လည်း နိုင်ငံတကာ မှ နိုင်ငံခြားသားများ ဝင်ထွက် သွားလာမှု ပိုမိုများပြား လာမှာ ဖြစ်ကြောင်း၊ ထိုသို့ အကြောင်း အမျိုးမျိုးဖြင့် နိုင်ငံအ တွင်း ဝင်ရောက် လာကြသူများ အတွက် ပြည်ဝင်ဗီဇာ လွယ်ကူ ချောမွေ့စွာ ထုတ်ပေး နိုင်ရေးသည် အရေးပါသော လုပ် ငန်း တစ်ရပ် ဖြစ်ကြောင်းဖြင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၌ ကျင်းပသည့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ ပြည်ဝင် ဗီဇာစနစ် မူဝါဒ (Visa Policy in Myanmar) ကျင့်သုံး အကောင် အထည် ဖော်ဆောင်ရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက အမှာစကား ပြောကြားသည်။
 
ဆက်လက်၍ လက်ရှိ စနစ်အရ မြန်မာနိုင်ငံ အတွင်း ဝင်ရောက်လိုသူ များအား ကမ္ဘာလှည့် ဗီဇာ၊ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာ၊ သံတမန် ဗီဇာ၊ အကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာ ဟူ၍ ဗီဇာ ခြောက်မျိုးဖြင့် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ အပြည်ပြည် ဆိုင်ရာ ရေဆိပ်နှင့် နယ်စပ် ဝင်ပေါက်များမှ ဝင်/ ထွက်ခွင့် ပြုလျက်ရှိကြောင်း၊  အပြည်ပြည် ဆိုင်ရာ လေဆိပ်များမှ ဝင်ရောက်/ ထွက်ခွာရာတွင် ပိုမိုလျင်မြန် စေရန်အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ် များတွင် စစ်ဆေးရေး ကောင်တာများ တိုးချဲ့ခြင်း၊ နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူပြု နိုင်ရေးအတွက် ကနဦး အဆင့်အဖြစ် လုပ်ငန်းဗီဇာ၊ ဖြတ်သန်းဗီဇာ၊ ပြည်ဝင် ဗီဇာသုံးမျိုးအား ၁- ၆- ၂ဝ၁၂ ရက်မှစ၍ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် လည်းကောင်း၊ ၁- ၁၁- ၂ဝ၁၂ ရက်မှစ၍ မန္တလေး အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် လည်း ကောင်း၊ နိုင်ငံ ၂၇ နိုင်ငံအား ဆိုက်ရောက် ဗီဇာ (Visa On Arrival) စနစ်သစ်ဖြင့် ဝင်ခွင့် ပြုခဲ့ ပြီး ၁- ၂- ၂ဝ၁၃ ရက်မှစ၍ နောက်ထပ် ၂၂ နိုင်ငံကို လည်းကောင်း၊ ၁၈- ၃- ၂ဝ၁၃ ရက်တွင် နီပေါလ် နိုင်ငံကိုလည်းကောင်း ထပ်မံ ခွင့်ပြုခဲ့ရာ ယခုအခါ နိုင်ငံပေါင်း ၅ဝကို ဆိုက်ရောက် ဗီဇာ (Visa On Arrival) စနစ်သစ်ဖြင့် ခွင့်ပြုပေးပြီး ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ အတွင်းသို့ လုပ်ငန်းဗီဇာ၊ လူမှုရေး ဗီဇာများဖြင့် ဝင်ရောက်၍ ကာလ ကြာရှည်စွာ အခြေချ နေထိုင်နေသော နိုင်ငံခြားသား များအား ဗီဇာ စည်းကမ်းများနှင့် ညီညွတ်မှု ရှိ/ မရှိ စိစစ်နိုင်ရေး အတွက် စနစ်ကျသော နိုင်ငံခြားသား ထိန်းသိမ်းရေး လုပ်ငန်းစဉ် များကိုလည်း အားဖြည့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လက်ရှိ ရရှိထားသော တည်ငြိမ် အေးချမ်းမှုနှင့် တရား ဥပဒေ စိုးမိုးရေး အခြေအနေများ အရ နယ်စပ် ဒေသများတွင် ပါဝင်/ ထွက်သွားလာမှု လုံခြုံချော မွေ့လာပြီဖြစ်ပြီး နိုင်ငံ၏ ပြည်ဝင်ခွင့် စနစ်ကိုလည်း တိုးချဲ့ပြုပြင် ပြောင်းလဲရန် လိုအပ် လာပြီ ဖြစ်ကြောင်း၊ နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် အမျိုးသား ယဉ်ကျေးမှု ဓလေ့ စရိုက်များ ရေရှည်တည်တံ့ ခိုင်မြဲစေရန် အတွက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် စည်းကမ်းပျက်၊ နိုင်ငံခြား သားများ ဝင်/ထွက် သွားလာမှုများကို စနစ်တကျ  ထိန်းသိမ်း ကြပ်မတ်ပေးရန် လိုအပ် သကဲ့သို့ တစ်ဖက်မှလည်း ဖွံ့ဖြိုး တိုးတက်ရေးကို အားယူ ဆောင်ရွက် နေသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ရင်းနှီးမြှုပ်နှံ လိုသူများ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုနိုင်သည့် ကျွမ်းကျင် ပညာရှင်များ၊ တိုင်းပြည်ဝင်ငွေ တိုးတက် လာစေမည့် ကမ္ဘာလှည့် ခရီးသည်များ ပြည်တွင်းသို့ ဝင်ရောက်ရာတွင် စနစ်ကျ သော ပြည်ဝင် ဗီဇာများ လွယ်ကူ ချောမွေ့စွာ ရယူနိုင်ရေး ကိုလည်း ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အစည်းအဝေး တက်ရောက် ကြသူများမှ နိုင်ငံတော် အကျိုးစီးပွားကို ရှေးရှု၍ အမျိုးသားရေး ရှုထောင့်၊ စီးပွားရေး ရှုထောင့်၊ နိုင်ငံတကာ ရှုထောင့်စသည့် ရှုထောင့် အမျိုးမျိုးမှ လေ့လာ သုံးသပ်ပြီး ကောင်းမွန် ပြည့်စုံသော ပြည်ဝင် စနစ်မူဝါဒ ချမှတ်နိုင်ရေး အတွက် ဝိုင်းဝန်းအကြံ ပြု ဆွေးနွေး သွားကြရန် တိုက်တွန်း ပြောကြားသည်။
 
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြည်ဝင်စနစ် မူဝါဒကျင့်သုံး အကောင်အထည် ဖော်ရေး ဆိုင်ရာ စီမံ ဆောင်ရွက် ထားရှိမှုများကို  အကျယ်တဝင့် ရှင်းလင်း တင်ပြသည်။
 
ဆက်လက်၍ အစည်းအဝေး သို့ တက်ရောက် လာကြသည့် ပြည်ထောင်စုဝန် ကြီးများ၊ ဒုတိယ ဝန်ကြီးများ နှင့် တိုင်းဒေသကြီး နှင့်ပြည်နယ် အစိုးရ အဖွဲ့များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ထပ်မံဖြည့်စွက် တင်ပြကြသည်။ ယင်းနောက် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက တင်ပြချက်များ အပေါ် သုံးသပ်ညှိနှိုင်း ပေါင်းစပ်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း နှင့် ဦးခင်ရီ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြသည်။
 
MWD

မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက်တင်မည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား

မိတ္ထီလာမြို့ ပဋိက္ခဖြစ်စဉ်တွင် သံဃာတော်တစ်ပါးအား မီးရှို့သေ ဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန်ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ယခုရက်ပိုင်း အတွင်း တရားရုံးတွင် စွဲချက်တင်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက Eleven Media Group သို့ ပြောကြား ခဲ့သည်။

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်း ၀ယ်ရာမှ သာမန်ခိုက်ရန် ဖြစ်ပွားကာ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေ အတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ် . . .

ရွှေဆိုင်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း တစ်ဦး အား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၂၉၄၊ ၃၂၅ တို့ဖြင့် လည်းကောင်း၊ သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှု ကျူးလွန်ခဲ့သူလေးဦးအား ပုဒ်မ ၃၀၂၊ ၁၁၄၊ ၃၂၆၊ ၄၃၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က "ဒီမိတ္ထီလာ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့တဲ့လူတွေ အများကြီးရှိတယ်။ အဲ့ဒီထဲ ကမှ ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံးစစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေ အတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ်" ဟု ပြောကြားခဲ့သည်။

ကျန်ရှိနေသည့် ကျူးလွန်သူများကို ဆက်လက်စစ်ဆေးပြီး အမှုအား ခိုင်မာစွာ တည်ဆောက်ကာ စွဲချက် တင်ပြီး အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့်သေဆုံးသူ ၄၃ ဦး (ဧပြီလ ၃ ရက်နေ့အထိ သိရှိရသော စာရင်းအရ) ထိ ရှိသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။

ယခုလက်ရှိတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင် ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

Eleven

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက် သည့် သတင်းထုတ်ပြန်ချက်



ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် စတင်ပြင်ဆင်


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်နိုင် ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပါတီ၏ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဆက်လက်ဝင်ရောက် အရွေးခံလိုခြင်းရှိ၊ မရှိကို ဆန္ဒသဘောထား ကောက်ခံနေပြီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဌေးဦးက ပြောကြားသည်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပြည်သူလူထု အကျိုးကို စေတနာအပြည့်ဖြင့် စွမ်းဆောင်ေ ပးနိုင်ခြင်း၊ ပြည်သူနှင့် ဆက်ဆံရေး အဆင်ပြေမည့်သူများ ဖြစ်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁,၁၅၄ နေရာ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၈၂ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခဲ့သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်  လစ်လပ်နေရာ ၄၅ နေရာ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ်လောင်း တစ်ဦးမှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။

ပါတီတွင် ဖွဲ့စည်းပုံ ကျစ်လျစ်ခိုင်မာစေရန်နှင့် မူဝါဒသဘောထားများ ပြန်လည်သုံးသပ်နိုင်ရန် ပထမဦးဆုံးအကြိမ် ပါတီညီလာခံကို ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် လူမှုရေး အသင်းအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်၌ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပကာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

တန်ဖိုးမျှတအိမ်ရာ မြေဖိုးမပါ တည်ဆောက်မှု ကုန်ကျစရိတ်အတိုင်းသာ ရောင်းပေးမည်

ရန်ကုန်စည်ပင်မှ ဆောက်လုပ်သော တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို အကျိုးအမြတ်မယူဘဲ တည်ဆောက်မှု ကုန်ကျစရိတ် အတိုင်းသာ ရောင်းချပေးသွားမည်ဟု သိရသည်။ ယင်းအပြင် မြေတန်ဖိုးကိုလည်း ထည့်တွက်မည် မဟုတ်ဘဲ မြေပိုင်ရှင်အဖြစ် စည်ပင်သာယာမှသာ ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။ ရန်ကုန်စည်ပင်မှ ၂၀၁၅ ခုနှစ်တွင် အပြီး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း လေးခုကို အကောင်အထည်ဖော်ရန်ရှိပြီး လက်ရှိတွင် စီမံကိန်းတစ်ခုကို စတင်အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။

မတ်လဆန်းမှ စတင်ကာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၄၈) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းတွင် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းကို ဆောင်ရွက်နေပြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၄၂) ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတွင် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် (၁၃၀) ရပ်ကွက် မင်းရဲကျော်စွာလမ်းတွင် မင်းရဲကျော်စွာ အိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၆၂) ရပ်ကွက် ဧရာဝဏ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ဧရာဝဏ်အိမ်ရာ စီမံကိန်းများကို ဆက်လက် အကောင်အထည် ဖော်သွားရန်ရှိကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။ အဆိုပါ အိမ်ရာစီမံကိန်းများရှိ အခန်းတန်ဖိုးကို လက်ရှိအချိန်တွင် မည်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မည်ဟု တွက်ချက်ပေးနိုင်မှု မရှိသေးဟု အထက်ပါဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

“PAE စနစ်ရဲ့ ကုန်ကျစရိတ်အတိုင်း ရောင်းပေးမှာ ဖြစ်တဲ့အတွက် ကျယ်ရင်ကျယ်သလို ဈေးကတော့ မြောက်သွားနိုင်တယ်။ ဒီအတွက် စဉ်းစားနေတယ်။ အထပ်မြင့်ဆောက်ရင် ဓါတ်လှေကားပါ ထည့်ရမယ်။ ဒါဆို ဈေးကမြင့်သွားမယ်။ အခု အခန်းအရေအတွက်ကို ညှိနေတယ်” ဟု ၄င်းက ပြောသည်။ PAE (Plant Area Estimate) ဆိုသည်မှာ တိုင်၊ ကြမ်းခင်း၊ အမိုး စသည်ဖြင့် ခွဲခြားတွက်ချက်ခြင်း မဟုတ်ဘဲ တစ်စတုရန်းပေ ပတ်လည်လျှင် ဈေးနှုန်းတစ်မျိုးတည်း သတ်မှတ်၍ ကုန်ကျစရိတ် တွက်ချက်ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းများအား အနည်းဆုံး စတုရန်းပေ အကျယ် ၅၅၀ ထားရှိရန် သတ်မှတ်ထားသည်။ သို့သော် အမှန်တကယ် အိမ်ရာအဆင့်မီ ပုံစံမှာ စတုရန်းပေ ၁၀၀၀ ကျော်ရှိသင့်သည်ဟု ၄င်းကဆက်လက် ပြောသည်။ ၂၀၁၅ အပြီးတည်ဆောက်မည့် ယင်းအိမ်ရာစီမံကိန်းများမှ အခန်းများကို တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ်ဖြင့် ပြည်သူများသို့ ရောင်းချသွားမည်ဟု ရန်ကုန်စည်ပင်မှ သိရကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများ ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချ မည်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း အမေရိကန်သမ္မတဟောင်း Mr. Jimmy Carter နှင့်ဇနီး Mrs. Rosalynn Carter ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 



 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ဧပြီ ၃ နံနက် (၁၁) နာရီတွင် အမေရိကန်သမ္မတဟောင်း Mr. Jimmy Carter နှင့်ဇနီး Mrs. Rosalynn Carter ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အမေရိကန် သမ္မတဟောင်းနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်နေသော ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များ၊ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်မည့် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စရပ်များ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ ရခိုင်ဒေသ အပါအဝင် ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများမှ ဒုက္ခသည်များအတွက် အိုးအိမ် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး မြှင့်တင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ချစ်ကြည်မှုနှင့် ဆက်ဆံရေးတိုးမြှင့်ရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဧည့်သည်တော် အမေရိကန် သမ္မတဟောင်းနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား ဂုဏ်ပြုနေ့လည်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံတော် သမ္မတရုံး

ဆက်သွားချင်သေးတယ် ဆိုရင်