Pages

Tuesday, January 14, 2014

ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်း အဝေး (ပထမနေ့) တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ပြောကြား သည့် ကြိုဆို နှုတ်ခွန်းဆက် စကား

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ ခင်ဗျား

၂ဝ၁၄ ခု၊ နှစ်သစ် မှာ မင်္ဂလာ ပါ။  လွှတ်တော် ကိုယ်စားလှယ် များနှင့် ပြည်ထောင်စု သား အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ပါစေ ကြောင်း ဦးစွာ နှုတ်ခွန်းဆက် ပါတယ်။ ဒီနေ့ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက် ဟာ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်း အဝေး ရဲ့ ပထမ နေ့ ဖြစ်ပါ တယ်။ ယခု အစည်းအဝေး သို့ တက်ရောက် ခွင့် ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် များ အားလုံး နီးပါး  တက်ရောက် လာကြပြီး စုံစုံ လင်လင် ပြန်လည် တွေ့ဆုံခွင့် ရတဲ့ အတွက် လည်း ဝမ်းမြောက် ဝမ်းသာ ဖြစ်ရ ပါကြောင်း ထပ်လောင်း ပြောကြား လို ပါတယ်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ ခင်ဗျား

ပြည်ထောင်စု တစ်ဝန်း နေရာ ဒေသ အနှံ့အပြား က လွှတ်တော် ကိုယ်စားလှယ် များနဲ့ ပါဝင် ဖွဲ့စည်း ထားတဲ့ ပြည်ထောင်စု လွှတ်တော် ဟာ နိုင်ငံ တော် နဲ့ နိုင်ငံတော် အတွင်း မှီတင်း နေထိုင် ကြတဲ့ ပြည်သူ တစ်ရပ်လုံး ၏ အကျိုး စီးပွား ကို အဓိက ထားပြီး လွှတ်တော် ဆိုင်ရာ လုပ်ငန်း တာဝန်များ ကို ဆောင်ရွက် နေတဲ့ အဖွဲ့ အစည်း တစ်ရပ် ဖြစ်ပါတယ်။ ယခု အချိန် ဟာ ရေရှည် တည်တံ့ ခိုင်မြဲ တဲ့ ပြည်တွင်း ငြိမ်းချမ်းမှု ရရှိရေး အတွက်  တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် အမျိုးသား ပြန်လည် ပေါင်းစည်း ရေး လုပ်ငန်း စဉ်များ ကို အထူး ဂရုပြု ဆောင်ရွက် လျက် ရှိသလို နိုင်ငံတော် အ တွင်း တည်ငြိမ် အေးချမ်းရေး နဲ့  တရား ဥပဒေ စိုးမိုးရေး တို့ အတွက် အလေးထား ပူးပေါင်း လုပ်ဆောင် လျက် ရှိကြတဲ့ ကာလ လည်း ဖြစ်ပါ တယ်။

ဒီနေ့ နိုင်ငံတော် မှာ ပြောင်းလဲ နေတဲ့ ခေတ်စနစ် နဲ့ အညီ ပါတီ စုံ ဒီမိုကရေစီ စနစ် နှင့် ဈေးကွက် စီးပွားရေး စနစ် ကို ပိုမို ခိုင်မာ တိုးတက် စေရန်နှင့် ငြိမ်း ချမ်း သာယာ၍ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ် ဖြစ်ပေါ် လာစေရေး တို့ အတွက် ဥပဒေ ပြုရေး၊ အုပ်ချုပ် ရေး နှင့် တရား စီရင်ရေး ကဏ္ဍ အလိုက် အကောင် အထည် ဖော် လုပ်ဆောင် နေကြရာ မှာ လည်း မိမိ တို့ရဲ့ အခန်း ကဏ္ဍ အလိုက် ပူးပေါင်း ပါဝင် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလို ဆောင် ရွက်ကြ ရာမှာ ပြည်ထောင်စု လွှတ်တော် ဟာ ပြည်သူ့ ကိုယ်စားလှယ် များ ဖြင့် ဖွဲ့စည်း ထားသော ပြည်သူ အားလုံး ကို ကိုယ်စား ပြုသော အဖွဲ့ အစည်း ဖြစ်တာနဲ့ အညီ ပြည်သူ များ အပေါ် ထားရှိ ရမည့် ကတိ သစ္စာများ အတိုင်း အမြဲတမ်း မဖောက် မပြန် အလေးထား ဆောင်ရွက် ပေးကြ ရမည် ကို  ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်များ အားလုံး ခံယူ ထားကြ ရမှာ ဖြစ်ပါ တယ်။

ထို့ အတူပဲ တိုင်းရင်းသား ပြည်သူများ လိုလားသော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပါ အဝင် တန်းတူ ညီမျှ သော အခွင့် အရေးများ ရရှိရေး အတွက် မှန်ကန်သော နည်းလမ်း များနဲ့ စနစ် တကျ ဆောင်ရွက် ပေးရန်  တာဝန် ဟာ လည်း  ယနေ့ ကာလမှာ ပြည်ထောင်စု လွှတ်တော် က မဖြစ် မနေ လုပ်ဆောင် ပေးရမယ့် လုပ်ငန်း တာဝန် အဖြစ် ကျရောက် နေပြီ ဖြစ်ပါ တယ်။ ဒီတာဝန် များ ကို ကျေပွန် အောင် ဆောင်ရွက် ကြရာမှာ ပြည်သူ့ ဘဏ္ဍာငွေ များ ကို မှန်ကန် မျှတစွာ  ခွဲဝေ သုံးစွဲရေး သည် လည်း  အရေးကြီး သော အကြောင်း အရာ ကိစ္စရပ် ဖြစ်ပါတယ်။ အဲဒီ အတွက် ပြည်သူ့ ဘဏ္ဍာ ငွေများ ရရှိ အောင် ဆောင်ရွက် ရာမှာ လည်း  တရား မျှတသော အခွန် အခ စည်းကြပ် ကောက်ခံ မှုများ အတွက်  အခွန် ထမ်းဆောင် သင့်  ထမ်းဆောင် ထိုက်သော အခွန်ထမ်း ပြည်သူများ အားလုံး က သိရှိ နားလည်ပြီး တာဝန် သိသိ ပါဝင် ထမ်း ဆောင်နိုင်ရေး အတွက် ဥပဒေ အရ သော် လည်းကောင်း၊ ဥပဒေနှင့် ညီညွတ် သော စီမံ ခန့်ခွဲရေး နည်းလမ်း များ အရ သော်လည်းကောင်း ဆောင်ရွက် ကြရမှာ ဖြစ်ပါ တယ်။

အဆိုပါ လုပ်ငန်းစဉ် သည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍမှာ ပါဝင် လျက် ရှိပြီး ပြည်ထောင်စု လွှတ်တော် ရဲ့အဓိက လုပ်ငန်း တာဝန် တစ်ခု လည်း ဖြစ်ပါ တယ်။  ပြည်ထောင်စု အစိုးရ အဖွဲ့၊ အခွန် အကောက် နှင့် သက်ဆိုင် သော ပြည်ထောင်စု အ ဆင့် ဌာန၊ အဖွဲ့ အစည်း များ၊ ကျွမ်းကျင် ပညာရှင် များ ပါဝင် ၍ လည်းကောင်း၊  ပြည်သူ လူထု ကိုယ်စားလှယ် များ ပါဝင် ၍ လည်းကောင်း ညှိနှိုင်း ဆွေးနွေး ပြီး ဖြစ်ပေါ် လာတဲ့ အခွန် ဥပဒေ ကြမ်းများ နဲ့ အမျိုးသား စီမံကိန်း ဥပဒေ ကြမ်း၊   ပြည်ထောင်စု ၏ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေ ကြမ်းများ ကို  ချိတ်ဆက် ၍  ပွင့်လင်း မြင်သာစွာ  ဆောင်ရွက် ကြ ရမယ့်  အချိန် ကာလ ဖြစ်ပါ တယ်။  ဒါကြောင့် သက်ဆိုင်သူ အားလုံး က စေတနာ မှန်၊  လုပ်နည်း လုပ်ဟန် မှန်ကန်စွာ ဖြင့် အားထုတ် ကြိုးပမ်း လုပ်ဆောင် ကြရန်  ပြောကြား လို ပါတယ်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ ခင်ဗျား

ယနေ့ ကျင်းပ တဲ့  နဝမ အကြိမ် ပုံမှန် အစည်း အဝေး ဟာ အဓိက အားဖြင့် ၂ဝ၁၄ - ၂ဝ၁၅ ခုနှစ်၊ နိုင်ငံတော် ၏ အမျိုးသား စီမံကိန်း ဥပဒေ ကြမ်း နဲ့ ၂ဝ၁၄ - ၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စု ၏ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေ ကြမ်း တို့ကို ဆွေးနွေး ညှိနှိုင်း ဆုံးဖြတ် အတည်ပြု ပေးကြ ရမှာ ဖြစ်တဲ့ အတွက် ဘဏ္ဍာရေး နှစ် တစ်နှစ် အတွင်း အရေးကြီး ဆုံး အစည်း အဝေး ကာလ တစ်ရပ် လို့ သတ်မှတ် ရမှာ ဖြစ်ပါ တယ်။

ယခု ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ကနေ ဆွေးနွေး အတည်ပြု ပေးရမယ့် နိုင်ငံတော် ၏ အမျိုးသား စီမံကိန်း ဥပဒေ ကြမ်းမှာ ပါဝင် တဲ့ အကြောင်း အရာများ ဟာ ပြည်သူ တွေ ကိုယ်စား ပြုတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေက ပြည်သူ များ ရဲ့ဘဝ နဲ့ ထင်ဟပ် ပြီး လေးလေး နက် နက် စဉ်းစား ဆောင်ရွက် ပေးရမယ့် ဦးစားပေး လုပ်ငန်း များ ဖြစ်ပါ တယ်။ '' ပြည်သူ့ အသံ လွှတ်တော် အသံ၊ ပြည်သူ့ ဆန္ဒ လွှတ်တော် ဆန္ဒ၊  ပြည်သူ တို့ မျှော်လင့်ချက် လွှတ်တော် က ဖော်ဆောင်ရွက်''  ဆိုတဲ့ ဆောင်ပုဒ် နဲ့ အညီ  နိုင်ငံတော် ၏ အမျိုးသား စီမံကိန်း ဥပဒေ ကြမ်း မှာ ပြည် သူ့ အသံ၊  ပြည်သူ့ ဆန္ဒများ နှင့် သက်ဆိုင် တဲ့ အကြောင်း အရာများ ပါဝင်ရေး ကို အလေးထား ဆွေးနွေး ကြ ရမှာ ဖြစ်ပါတယ်။ ပြည်သူ များ ကိုယ်စား မိမိတို့ တင်ပြ တောင်းဆို ခဲ့တဲ့ လုပ်ငန်း များ ပါသင့် ပါထိုက် သမျှ အားလုံး ပါဖို့၊ ပြည်ထောင်စု အစိုးရ အဖွဲ့ ချမှတ် ဆောင်ရွက် နေတဲ့ လုပ်ငန်း စီမံကိန်း တွေ အမြန် အကောင် အထည် ဖော်ဖို့၊   ရရှိ လာတဲ့ အကျိုး ကျေးဇူး တွေကို ပြည်သူများ လက်ငင်း ခံစား ရဖို့၊ တောင်သူ လယ် သမား၊ အလုပ် သမား တွေရဲ့ ရသင့် ရထိုက် တဲ့ အခွင့် အရေး ရရှိ အောင်  ဆောင်ရွက် ပေးနိုင်ရေး တို့ အတွက် ဦးတည် ချက် ထားပြီး အမျိုးသား စီမံကိန်း  ဥပဒေ ကြမ်း ကို  လေ့လာ စိစစ် ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် ၏ ထုတ်လုပ် မှုနှင့် ဝန်ဆောင်မှု တန်ဖိုးများ တိုးတက် လာဖို့ အတွက် လွှတ်တော် ကို တင်ပြ လာတဲ့ စီမံကိန်း များ ဟာ ပြည်သူ အများစု ကို ဗဟို ပြုရဲ့လား ဆိုတာ ကို လည်း ဝိုင်းဝန်း စဉ်းစား အဖြေ ရှာ ဆောင်ရွက် ကြရမှာ ဖြစ်ပါ တယ်။

နောက်တစ်ပိုင်း ကတော့ ပြည်ထောင်စု ရဲ့ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေ ကြမ်း ကိစ္စပဲ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရ အဖွဲ့ က တင် သွင်း လာတဲ့ အမျိုးသား စီမံကိန်း ဥပဒေကြမ်း ကို လွှတ်တော် က ဆွေးနွေး အတည် ပြုပြီးတဲ့ အခါ အဆိုပါ စီမံကိန်း ဥပဒေ နဲ့ ယခုနှစ် အတွက် အခွန် အခ ကောက်ခံ မှု နှုန်းထား သတ်မှတ် ချက်များ နှင့် စပ်လျဉ်းတဲ့  ဥပဒေ၊ အမိန့် ကြော်ငြာ စာ၊ ညွှန်ကြား ချက်များ နှင့် အညီ ရေးဆွဲ ထားတဲ့ ပြည်ထောင်စု ၏ ဘဏ္ဍာ ငွေ အရ အသုံး ဆိုင်ရာ ဥပဒေ ကြမ်း ကို တင်သွင်း ရမှာ ဖြစ်ပါတယ်။ ကြိုတင် ရေး ဆွဲထားပြီးသား ဥပဒေကြမ်း က လက်တွေ့ ဆောင်ရွက် မယ့် စီမံကိန်း ဥပဒေ နဲ့ မကိုက်ညီ ရင် ကိုက်ညီ အောင် ဆွေးနွေး ပြင်ဆင် ပြီး ပြည်ထောင်စု လွှတ်တော် က အတည်ပြု ပေးရမှာ ဖြစ်ပါ တယ်။

ပြည်ထောင်စု ၏ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေကြမ်း ဆိုတာ အခွန် အကောက် ဆိုင်ရာ ဥပဒေ အရ ရရှိ မည့် အခွန် အခများ အပါ အဝင် ဝင်ငွေ အရပ်ရပ်နဲ့ အမျိုးသား စီမံကိန်း ဥပဒေ အရ ဘယ် စီမံကိန်း အကောင် အထည် ဖော်ဖို့ ဘယ်လောက် သုံးရမယ် ဆိုတာ တွေကို ကိန်း ဂဏန်း များနဲ့ ပြန်လည် ရေးသား ခြင်း သာ  ဖြစ်ပါ တယ်။ ဒါကြောင့် ဒီ Budget ဥပဒေ ကြမ်း ဟာ အမျိုးသား စီမံကိန်း ဥပဒေ နဲ့ ကိုက်ညီမှု ရှိ မရှိ၊ ပြည်သူ များ၏ လိုအပ်ချက် နှင့် ကိုက်ညီမှု ရှိ မရှိ တို့ကို ပြည်ထောင်စု လွှတ်တော် က အဓိက ထား စိစစ်ပေး ရမှာ ဖြစ်သလို နိုင်ငံတော် ရဲ့  ရင်းနှီး မြှုပ်နှံမှု နဲ့ စီးပွားရေး တိုးတက်မှု နှုန်း ဟာ ကျေနပ်ဖွယ်ရာ ဖြစ်သင့် ဖြစ် ထိုက်တဲ့ အနေ အထား မှာ  ရှိရဲ့လား ဆိုတာ အလေးထား စဉ်းစား  လုပ်ဆောင် ကြရမှာ ဖြစ်ပါ တယ်။

တစ်ဆက် တည်း ပြောကြား လိုတာ ကတော့ ၂ဝ၁၃ ခုနှစ် ပြည်ထောင်စု ၏ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေ အရ မြို့နယ် အလိုက် သက်ဆိုင် ရာ လွှတ်တော် ကိုယ်စား လှယ်များ ၏ စီမံ ကြီးကြပ်မှု နဲ့ ဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင် ရွက် နိုင်ရန် အတွက် လွှတ်တော် ရုံး ၏ ရသုံး ငွေစာရင်း တွင် ဖွံ့ဖြိုးရေး ရန်ပုံ ငွေ ကို သာမန်အား ဖြင့် ကျပ် သိန်း တစ်ထောင်စီ အသုံးပြု ဆောင်ရွက် နိုင် ရန် ခွဲဝေ သတ်မှတ် ထားပြီး ဖြစ်ပါ တယ်။ ရန်ပုံ ငွေ ထိန်းသိမ်း ခြင်း နှင့် သုံးစွဲခြင်း ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ လ မှစ၍   သက်ဆိုင်ရာ မြို့နယ် အလိုက် စနစ်တကျ အသုံးပြု နိုင်ရေး အတွက် လွှတ်တော် ကိုယ်စားလှယ် များ ကိုယ်တိုင် အောက်ခြေ အထိ ဆင်းပြီး  အပင်ပန်း ခံ ဆောင်ရွက် လျက် ရှိကြ တာတွေ ကိုလည်း ဝမ်းမြောက် စွာ ကြားသိ ရပါတယ်။ မြို့နယ် အတွင်း ရပ်ကွက် နှင့် ကျေးရွာ များ ရှိ အခြေခံ ပြည်သူ လူထုများ ရဲ့ လက်တွေ့ လိုအပ်မှု တစ်စိတ် တစ်ပိုင်း ကို ဖြည့်ဆည်း ပေးနိုင်ရေး အတွက်  လုပ်ထုံး လုပ်နည်း ညွှန်ကြား ချက် နှင့် အညီ  စနစ် တကျ မှန်မှန် ကန်ကန် အသုံး ပြု ကြရန်မှာ တာဝန် ရှိသူ အားလုံး က ပါဝင် ပူးပေါင်း ဆောင်ရွက် သွားကြရန် လိုအပ် ကြောင်း ပြောကြား လို ပါတယ်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ ခင်ဗျား

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၈၃ ပါ နိုင်ငံသား တိုင်း စောင့်ထိန်း ရ မည့် ပြည်ထောင်စု မပြိုကွဲ ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲ ရေးနှင့် အချုပ် အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ တာဝန် အရေး သုံးပါး တို့ကို  အလေး အနက် ထားကာ ငြိမ်းချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက် သော နိုင်ငံတော်ကြီး ဖြစ်ထွန်း လာရေး အတွက် အရေး အကြီး ဆုံး ဖြစ်တဲ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ခေတ်စနစ် နှင့် ကိုက်ညီ ပြီး ပြည်သူ တစ်ရပ်လုံး ၏ နိုင်ငံ ရေး၊ စီးပွား ရေး၊ လူမှု ရေး လိုအပ် ချက်များ နှင့် သဟဇာတ ဖြစ်တဲ့ အခြေခံ ဥပဒေ တစ်ရပ် အဖြစ်  ပေါ်ပေါက် လာစေဖို့ အတွက် ဥပဒေနှင့် အညီ ပြင်ဆင် ကြရမှာ ဖြစ်ပါတယ်။ ထို့ အတူ ပြည်သူ့ အကျိုး စီးပွား ကို အမှန် တကယ် ဖော်ဆောင် နိုင်မည့် ဥပဒေ များ၊ လုပ်ထုံး လုပ်နည်း များ ကို သတ်မှတ် ပြဋ္ဌာန်း ပေးနိုင်ဖို့ အတွက်လည်း ဆက်လက် ဆောင်ရွက် သွားကြ ရမှာ ဖြစ်ပါ တယ်။

မိမိတို့ ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ခရီးစဉ် ကို ကြိုးပမ်း ဖော်ဆောင် ခဲ့ကြ တာ လပေါင်း ၃ဝ ကျော် ကြာမြင့် ခဲ့ပြီး ဖြစ်ပါ တယ်။ ဖြစ်ထွန်း ပေါ်ပေါက် လျက် ရှိတဲ့ ဖွံ့ဖြိုး တိုးတက် မှုများ ဟာ နိုင်ငံရေး ယဉ်ကျေးမှု သစ် တစ်ရပ်ရဲ့ အောင်မြင် မှု အတိုင်း အတာ တစ်ခု အဖြစ် ပြည်တွင်း က သာမက ဘဲ ကမ္ဘာ တစ်လွှား ကပါ စိတ်ဝင် တစား အကဲခတ် စောင့်ကြည့် နေတဲ့ အချိန် အခါ ဖြစ်သလို ပေါ်ပေါက် လာမယ့် အကျိုးရ လဒ်များ ဟာလည်း အနာဂတ် မြန်မာ နိုင်ငံ အရေးကို ခန့်မှန်း တွက်ဆ နိုင်မည့် အခြေအနေ တစ်ရပ် လည်း ဖြစ်ပါ တယ်။ ဒါ့ အပြင် ယနေ့ အချိန် အခါ သည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ ၏ နိုင်ငံတော် နှင့် ပြည်သူများ အပေါ် ထားရှိသည့် မှန်ကန် သည့် စိတ်ရင်း စေတနာ နှင့် အမြော် အမြင် ကြီးမားစွာ ဖြင့်  လုပ်ကိုင် ဆောင်ရွက် နိုင်မှု  အရည် အချင်းများ ကို  မှတ်ကျောက်တင် ခံရမည့် အချိန် လည်း ဖြစ်ပါ တယ်။ ဒါကြောင့် မိမိ တို့၏ စိတ်ကောင်း စေတနာ နှင့် အရည် အချင်းများ ကို မှန်ကန်စွာ ဖော်ထုတ် ပြသပြီး  ပြည်ထောင်စုကြီး ၏ အကျိုး စီးပွား အတွက် ဆောင်ရွက် နိုင်ကြ ပါစေကြောင်း နှင့် မိမိ တို့ နိုင်ငံတော် နှင့် နိုင်ငံ သားများ သာမက နိုင်ငံ တကာ က အလေး ထား သော လွှတ်တော် ကြီးဖြစ်လာစေရေး အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်များ အားလုံး က စေတနာ မှန်မှန်၊ နည်းလမ်း မှန်မှန် ဖြင့် မိမိ တို့၏ ကိုယ်စီ တာဝန် ကျေပွန် မှုများ ကို ထုတ်ဖော် ပြသ နိုင်ကြ ပါစေကြောင်း ဆုမွန် ကောင်း တောင်းရင်း  ကြိုဆို နှုတ် ခွန်း ဆက်သ ပါတယ်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်