Pages

Tuesday, January 14, 2014

တပ်မတော် ဘာလဲ …. ဘယ်လဲ အပိုင်း (၁)

ကျွန်တော် အခုရေး တဲ့ ဆောင်းပါး ဟာ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ကို ချီတက် တဲ့ လမ်းခရီး မှာ စစ်တပ် ရဲ့ သဘောထား အမြင် ကို စစ်သားဟောင်း တစ်ယောက် အနေနဲ့ သုံးသပ် ကြည့်တာ ဖြစ်ပါတယ် …။ တပ်မတော် ရဲ့  မူဝါဒ လို့ အတိ အကျ မဆိုနိုင် ပေမယ့် အပြင် အရပ်သား တစ်ယောက် ထက်တော့ တပ်ရဲ့  အနေ အထား နဲ့ စဉ်းစားပုံ ကို နီးစပ် အောင် ချဉ်းကပ် နိုင်မယ် လို့  ယူဆ ပြီး ရေးမိ တာ ဖြစ် ပါတယ် ....။

အပိုင်း သုံးလေး ပိုင်း ခွဲရေးရမယ် ထင်ပြီး ဖက်ဒရယ် စနစ်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ နဲ့  တပ်မတော် ရဲ့ ရပ်တည် မှု အနေ အထား အထိ ရေးမယ် လို့ ရည်ရွယ် ပါတယ်။ စစ်သား ဟောင်း လို့ စကားခံ ခဲ့ တဲ့ အတိုင်း ပညာရှင် မဟုတ် တဲ့ အတွက် လိုအပ် ချက် တွေ အများကြီး ရှိနေမှာ ပါ ..။ ဒါပေမယ့် စစ်တပ် နဲ့ ပြည်သူ ကြား နားလည် မူ တည်ဆောက် တဲ့ နေရာ မှာ အုတ် တစ်ချပ် သဲတစ်ပွင့် ဖြစ်မလား လို့ ဒီစာ ကို ကျွန်တော် ရေး ပါ တယ် ...။

( ၁ )

မြန်မာ့ နိုင်ငံရေး ခရီး မှာ တပ်မတော် ရဲ့ ရည်ရွယ်ချက် ကို အရပ်စကား နဲ့ နားလည်အောင် ပြောပြ ပါလို့  ကျွန်တော့် ကို လာမေးရင် တော့ ဘယ် အစိုးရ တက်တက် ဘယ်ဝါဒ ကို ကျင့်သုံး ကျင့်သုံး တိုက်စရာ ရှိရင် သူပဲ တိုက်ရမှာ ပဲ လို့ စဉ်းစားပြီး တပ်မတော် ရဲ့ ရပ်တည်မှု ကို မခြိမ်းခြောက် နိုင်အောင် ဖြိုခွဲ လို့ မရအောင် အင်အား တည်ဆောက် ထားရမယ် လို့  ယူဆ တဲ့ အတွေး အခေါ်လို့  ကျွန်တော် ပြောရမှာ ပါ …။

တပ်မတော် ဟာ လွတ်လပ်ရေး မရခင် ကတည်းက စခဲ့တဲ့ လူမျိုးရေး ၀ါဒ ရေးရာ မှိုင်းများ အောက်မှာ ပြိုကွဲ လု နီးပါး ဖြစ်ခဲ့ တဲ့ အတွေ့ အကြုံ ကို အခြေခံ ပြီး ဒီ အတွေး အခေါ် ပေါ်ထွက် လာတာ လို့ ပြောရင် လဲ မှားမယ် မထင် ပါဘူး ……။



၁၉၄၈ လွတ်လပ်ရေး ရပြီး ခါစမှာ တပ်မတော် ရဲ့ ရှိစု မဲ့စု တပ်ရင်း ၁၀ ရင်း ထဲက တပ်ရင်း တစ်ချို့ ဟာ တောခို သွား ခဲ့ပါ တယ်။ တစ်ဖက် မှာလဲ တိုင်းရင်းသား လက်နက်ကိုင် တပ်ရင်း တွေ အတော် များများက တစ်ပြိုင် တည်း ပုန်ကန် ခဲ့တဲ့ ဖြစ်ရပ် အတွက် တပ်မတော် ဟာ အတော် အထိနာ သွားခဲ့ ပြီး ရန်သူ က မန္တလေး အပါ အ၀င် မြန်မာ ပြည် တစ်ပြည်လုံး နီးပါးနဲ့  ရန်ကုန် မြို့ အင်းစိန် ထိ ထိုးစစ်ဆင် သိမ်းပိုက် လိုက် တဲ့ ဖြစ်ရပ်၊ တပ်ရင်း တွေဟာ တပ်ရင်း လိုက် တောင် တိုက်ပွဲ မ၀င်နိုင် တော့ပဲ တပ်ခွဲ လိုက် မြန်မာပြည် အနှံ့ အပြား ပြန့် ကျဲ ခံစစ်ဆင် ခဲ့ရတဲ့ ဖြစ်ရပ်၊ လက် တစ်ဆုပ်စာ လောက် တပ်တွေ ဟာ မြန်မာ ပြည် အရှေ့ အနောက် တောင်မြောက် အရူး မီးဝိုင်း အပြေး အလွှား ချီတက် တိုက်ခိုက် ရင်း ကိုယ့်ထက် အင်အား ငါးဆ လောက်များ တဲ့ ရန်သူ ကို အသေခံ ကာကွယ် ခဲ့ရတဲ့ အဖြစ် အပျက် တွေ ဟာ သက်တမ်း နုနယ် လှသေးတဲ့ အမြဲတန်း တပ်မတော် တစ်ခုရဲ့ စိတ် ကို အင်မတန် အနာ တရ ဖြစ်စေ ခဲ့ပါ တယ် ……။

အဲဒီနောက် ထပ်ပြီး ခါးသီး စရာ ဖြစ်ခဲ့ရ တာ ကတော့ ပြည်ပ နိုင်ငံတွေ ရဲ့ အထောက် အပံ့ ရထား တဲ့  ဗမာပြည် ကွန်မြူနစ် ပါတီ နဲ့ ရင်ဆိုင် ရတဲ့ ကာလရှည် စစ်ပွဲကြီး ရယ်၊ ဗူးလေးရာ ဖရုံဆင့် ဆိုသလို နောက်ထပ် စစ်မျက်နှာ အသစ် တစ်ခု ဖွင့်လိုက် ရတဲ့  တရုတ်ဖြူ ကျူးကျော်မှု ရယ်၊ အဲဒါ နဲ့ အတူ တစ်ပြိုင်တည်း ပေါ်လာတဲ့ ရခိုင် မြောက်ပိုင်း နယ်စပ် က မူဂျာ ဟစ်လှုပ် ရှားမှု ရယ်ပါ …။




တပ်မတော် ဟာ လွတ်လပ်ရေး ရခါစ တိုင်းပြည် မှာ အရပ်ဆယ် မျက်နှာ ကို လှည့်ပတ် စစ်တိုက် နေရတဲ့ ဘ၀ ကနေ သတိ ပြုမိ လာတာ ကတော့ အစိုးရ အဖွဲ့ ရဲ့ ဆောင်ရွက်ချက် အားလုံး ဟာ တပ်မတော် ရဲ့ အနာဂတ် ကို ဖန်တီး ပေးနေ တယ် ဆိုတာပါ …။ အစိုးရ အဖွဲ့ ထဲက နိုင်ငံရေး သမားများ ရဲ့  နိုင်ငံရေး ကစားကွက် တွေဟာ တပ်ထဲ က စစ်သည် အတော် များများ ရဲ့ အသက် ကို ချွေပစ် နိုင်တယ် ဆိုတာ ၁၉၆၁ သြဂုတ် ၂၆ရက်နေ့ မှာ ဦးနု က ဗုဒ္ဓဘာသာ ကို နိုင်ငံတော် ဘာသာ လို့  ကြေငြာ လိုက်ပြီး တစ်လ အတွင်း ဒီရေလို တိုးလာ တဲ့  KIA သောင်း ကျန်း သူ အရေ အတွက် ကို ကြည့်ပြီး ကောင်းကောင်း သဘောပေါက် လာခဲ့ ပါတယ် ….။

ဒါဟာ မြန်မာ့ တပ်မတော် ရဲ့  အမျိုးသား နိုင်ငံရေး မှာ တပ်မတော် က ပါကို ပါရ မယ်၊ ဒါမှ နိုင်ငံရေး သမားတွေ မဲ ရဖို့  တပ်ကို ထိုးကျွေး တဲ့ ကိစ္စမျိုး ကို တားဆီး နိုင်မယ် ဆိုတဲ့  အယူအဆ တစ်ခု ကို ထွက်ပေါ်စေ ခဲ့ ပါတယ် ….။
(၂)

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် နေ၀င်း ဟာ နိုင်ငံရေး အာဏာကို ရယူ ခဲ့ပါတယ်။ တော်လှန် ရေး အစိုးရ ဟာ ဇူလိုင် ၄ ရက်နေ့ မှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ကို ဖွဲ့ စည်း ခဲ့ ပြီး ဆိုရှယ်လစ် စနစ်နဲ့ တိုင်းပြည် ကို ခုတ်မောင်း ဖို့ ပြင်ဆင် ခဲ့တဲ့ အတွက် တပ်မတော် ဟာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ရဲ့  ဦးဆောင်မှု အောက် ကနေ ဆက်လက် ချီတက် ရပါ တော့ တယ် ….။

ဒီ ကာလမှာ တပ်မတော် အနေနဲ့ အမြတ်ထွက် ခဲ့တာ ကတော့ အရင်က နောက်ကျော ဓါး နဲ့ ထောက်သလို ဖြစ်နေ တဲ့  နိုင်ငံရေး ပါတီ တွေက ကျောထောက် နောက်ခံ ပြုထားတဲ့  ပြူစောထီး တပ်တွေ စစ်ဝန်ထမ်း တပ်တွေ ပြည်ထောင်စု စစ်ရဲ တပ် တွေ အားလုံး ကို တပ်မတော် တပ်ရင်း တွေ အဖြစ် အသွင် ပြောင်း ဖွဲ့ စည်း လိုက် နိုင်တာ ပါပဲ။ ကျန်တာ ကတော့ ဘာမှ သိပ်မထူး လှပါဘူး ..။

တပ်မတော် သား အများစု ဟာ ဆိုရှယ်လစ် စနစ် ဆိုတာကို သိပ်မသိ သလို ဒီမိုကရေစီ ဆိုတာ ကိုလဲ သိပ်တော့ နား မလည် လှ ပါဘူး။ သူ တို့ ဟာ တစ်နှစ် မှာ ရက် သုံးရာ လောက် ရှေ့ တန်းမှာ တိုက်ပွဲဝင် နေကြ ရတာပါ။ သူတို့ သိတာ က တစ်ခု ပဲ ရှိပါတယ်၊ အဲဒါ ကတော့  ရဲဘော် ရဲဘက် စိတ် ပါ၊ စစ်သား မဖြစ်ဘူး တဲ့ သူ တစ်ဦး ဘယ်လို မှ နားမလည် နိုင်တဲ့ စိတ်ပါ။ အပြင်လူ နားလည် အောင် အနီးစပ် ဆုံး ပြောရရင် တော့ အမြောက် ဗုံး ဆံတွေ တဂျိမ်းဂျိမ်း ပစ်နေတဲ့ ကြားထဲ ဒဏ်ရာ နဲ့ လဲ နေတဲ့ သူငယ်ချင်း ကို ပြန်တက် ဆွဲတာ ဟာ ဒီ စိတ် က မောင်းနှင် ပေးတဲ့ ခွန်အား တစ်ခု ပေါ့ …။

ဒါပေမယ့် ဘယ်လို ပဲ ပဲ့ကိုင်သူ တွေ ပြောင်းပြောင်း တပ်မတော် အနေ နဲ့ ဆက်ရင်ဆိုင် ရတာ ကတော့ မဆုံးနိုင် တဲ့ တိုက်ပွဲ ခရီး ကြမ်း အထပ်ထပ် ပါပဲ၊ အရေ အတွက် လေး ငါးဆယ် နီးပါး ရှိတဲ့ လက်နက်ကိုင် တွေနဲ့  ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ အကြိမ်ကြိမ် လုပ်၊ သူ့ ဖက် ကိုယ့်ဖက် အပြန် အလှန် အပြစ် ဖို့ ၊ နောက်ဆုံး တော့ ဒုံရင်း ဒုံရင်း ကျောပိုးအိတ် လွယ်ပြီး အမြဲတန်း ပဲ သေနတ် ပြန်ကိုင် ရနေကျ မို့ အသစ် ၀င်ရောက် လာတဲ့ တပ်မတော် ရဲ့ ဒုတိယ မျိုးဆက် ခေါင်းဆောင် ငယ်တွေ ဟာ အမှန် ပြောရရင် တော့ ဘယ်သူ့ ကိုမှ သိပ် မယုံကြည် လှတော့ ပါဘူး …..။

အချိန် တန်ရင် အိမ်ပြန် ရတာ မဟုတ် ပဲ တောတွင်း တစ်နေရာ မှာ သူ့ သူငယ်ချင်း ကို ကျင်းတူး မြုပ်နှံ ရတာပဲ ဖြစ်နေ တော့ ဘယ်သူ တွေ ဘယ်လို ပြောပြော မြန်မာ ပြည်လို တိုင်းပြည် မျိုးမှာ "သူတို့ အင်အား ရှိမှ သူတို့ အသက် ရှင်မယ်" ဆိုတဲ့ သင်ခန်းစာ ကို အတော် များများ ဟာ အရိုးထဲ စွဲသွား ခဲ့ပါ တယ် …..။


၁၉၆၂ တော်လှန်ရေး အ စိုးရ ရဲ့ အဖွဲ့ ဝင် အများစု ဟာ တပ်မတော်သား တွေ ဖြစ်တဲ့ အတိုင်း သူတို့ လက်ထက် မှာ ပြည်တွင်း သောင်း ကျန်း မှု အမြစ်ပြတ် ချေမှုန်းရေး ကို ဦးစားပေး ခဲ့ပါ တယ်။ ငြိမ်းချမ်ရေး ဆွေးနွေးပွဲ တွေ အဆင် မပြေ တဲ့ နောက် အစိုးရ ရဲ့ မူဝါဒ အတိုင်း တပ်မတော် ဟာ ၁၉၆၄ ဒီဇင်ဘာ မှာ ကေအိုင်အေ ကို စတင် ပြီး ထိုးစစ်တွေ ဆင်နွဲ ပါတော့ တယ်။ ၁၉၆၆ အရောက် မှာ ကေအိုင်အေ ဟာ နယ်စပ်ကို ထွက်ပြေး ခဲ့ ရတဲ့ အဆင့် ထိ ဖြစ်လာခဲ့ ပြီး ၁၉၈၇ မေလ မှာ တော့ ကေအိုင်အေ ရဲ့ ဗဟို ဌာန ချုပ် ပါဂျို ၊ နားဖော့ စခန်းကြီး နဲ့  ဂျာပူ ၊ နမ့်ဆန်ယန်၊ ကဇူး စခန်း တွေ ကို တပ်မတော် က သိမ်းပိုက် ချေမှုန်းပစ် လိုက် ပါတယ်။

ဒါပေမယ့် သူတို့ ကို မဆုံးနိုင် တဲ့ နောက်ထပ် တာဝန်ကြီး တစ်ခုက အသင့် စောင့်ကြို နေပါပြီ၊ တစ်ထောင့် တစ်ည ပုံပြင် ဇာတ်လမ်း တွေ ထဲကလို လွတ်လပ်ရေး ရတဲ့  အချိန် ကနေ ၁၉၈၉ ထိ အနှစ် လေး ဆယ် ကျော် ဆက်တိုက် ထမ်းဆောင် ရတော့ မယ့် တာဝန်ကြီး လဲ ဖြစ်ပါတယ်။ အဲဒါ ကတော့ သူတို့ ရဲ့ မဟာ ရန်သူ တော်ကြီး ဗမာပြည် ကွန်မြူနစ် ပါတီ ပါပဲ …။




ဗကပ ကို အမြစ်ဖြတ် ဖို့ ဆုံးဖြတ် လိုက်တဲ့  တပ်မတော် ဟာ ၁၉၆၆ နှစ်ဦး ပိုင်း မှာ လက်ရှိ တပ်မတော် ရဲ့အဓိက တိုက်ခိုက် ရေး အင်အားစု တွေ ဖြစ်တဲ့  ခြေမြန် တိုက်ခိုက်ရေး တပ်မ တွေကို စတင် ဖွဲ့ စည်း ခဲ့ ပါတယ်။ ၁၉၆၈ စက်တင်ဘာ မှာ တပ်မ ၇၇ ဟာ ဗကပ ဗဟို ဌာနချုပ် ကို သိမ်းပိုက် နိုင်ခဲ့ ပြီး သခင် သန်းထွန်း လဲ ရဲဘော်မြကြီး ( ခ ) ကျုံတိတ် ( ခေါ် ) လုံတိတ် ရဲ့ ဖြုတ်ထုတ် သတ် လုပ်ကြံ မှု ကြောင့် ကျဆုံး ခဲ့တဲ့ အတွက် ကာလရှည် တိုက်ပွဲ ကြီးမှာ တပ်မတော် က အသာစီး ရလာ တယ် ဆိုနိုင် ပေမယ့် ကိုယ် ကိုယ်တိုင် မကြာ ခဏ အထိနာ ခဲ့ရတဲ့ ဖြစ်စဉ် တွေ ဟာလဲ မနည်း မနော ပါ ….။

၁၉၇၀ ၊ ၇၁ တစ်ဝိုက် မှာ စဖြစ် ခဲ့ တဲ့  ဗကပ အရှေ့ မြောက် စစ်ဒေသ ရဲ့ နာမည် ကျော် ကြူကုတ် ၊ ပန်ဆိုင်း တိုက်ပွဲ၊ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ တွေ အပြီး ၁၉၇၅ ပဲခူး ရိုးမ တိုက်ပွဲစဉ် တွေမှာ သခင်ဇင် ၊ သခင်ချစ် ကျဆုံး ပြီး ဗကပ ဗဟို ပြိုလဲ သွားတဲ့ အတွက် အထိ နာ သွား တဲ့ ဗကပ ဟာ ၁၉၇၇ မှာ ခြူးရွှေ ၊ ပန်ကောက် တိုက်ပွဲ၊ ၁၉၇၈ မှာ နောင်လိုင် ၊ ပါဖန် တိုက်ပွဲ နဲ့  ၁၉၈၆ မှာ စီစီ ၀န် ၊ တာပန် တိုက်ပွဲ တွေ ကို ဆက် လက် ဆင်နွဲ ခဲ့ပါတယ်။ အဲ ဒီ တိုက်ပွဲ တွေ အပြီး မှာ တပ်မတော် က ဗကပ ခြေကုပ် စခန်းကြီး တွေ ဖြစ်တဲ့  ကြူကုတ် ၊ ပန်ဆိုင်း ၊ ကွန်ဟိုင်း၊ နောင်မ၊ မာန်ဟီးရိုး စခန်းတွေ ကိုပါ ဆက်တိုက် တန်ပြန် ထိုးစစ်ဆင် သိမ်းပိုက် ခဲ့ လို့ ဗကပ ဟာ အကြီး အကျယ် အထိနာ သွားခဲ့ တယ် ဆိုပေမယ့် တပ်မတော် ဘက်က အကျ အဆုံး လဲ နည်းလှ တယ် တော့ မဟုတ် ပါဘူး ...။

အထူး သဖြင့် အရှေ့ မြောက် ဒေသ တိုက်ပွဲ တွေ မှာ ရင်ဆိုင် ရတဲ့ ရန်သူ ဟာ ပြောက်ကျား စစ် ၊ တောတွင်း တိုက်ပွဲ စတာတွေ မဟုတ်တော့ ပဲ နိုင်ငံ နှစ်ခု က စစ်တပ် တွေ တိုက်ကြ သလို သမား ရိုးကျ စစ်ဆင် တိုက်ခိုက်နည်း တွေနဲ့ တိုက်လာ ပြီး လူ လက်နက် ခဲယမ်း စတာတွေ ဟာ ပြည်တွင်း သောင်းကျန်းသူ အဆင့်ကို ကျော်လွန် နေပြီ ဖြစ်တဲ့ အတွက် တပ်မတော် ဘက် ကလဲ အတော် အကျ အဆုံး များခဲ့ ရပါတယ် …။ ရှိစု မဲ့စု တပ်မ ၇၇ ၊ ၈၈ ၊ ၉၉ သုံးခု ထဲက နှစ်ခု ကို အရှေ့ မြောက် ဒေသ မှာ အမြဲ လိုလို တပ်စွဲ ထားခဲ့ ရပြီး သူ တို့ ရဲ့ ရန်သူ တော်ကြီး ကို ရင်ဆိုင် ခဲ့ ရ ပါတယ်။ ဒါဟာ အနာဂတ် မှာ ပြည်ပ အထောက် အပံ့ ရ တဲ့  ရန်သူ နဲ့ ရင်ဆိုင် တိုက် ဖို့ ၊ ဒါမှ မဟုတ်လဲ အိမ်နီးချင်း နိုင်ငံ တွေ ရဲ့ တပ်မတော် တွေနဲ့  ယှဉ်ပြိုင် နိုင်ဖို့ အတွက် တပ်မတော် ရဲ့ ဖွဲ့ စည်းပုံ ကို တိုးချဲ့ ပြင်ဆင် ဖို့ လို လာမယ် ဆိုတာကို တပ်မတော် ရဲ့ ဒုတိယ မျိုးဆက် ခေါင်းဆောင် တွေ ကို သတိပြု မိစေ ခဲ့ပါ တယ် …..။
(၃)

၁၉၆၂ တော်လှန်ရေး အစိုးရ ဟာ ပြည်တွင်း စစ် အကြီး အကျယ် ဖြစ်နေတဲ့ တိုင်းပြည် ကို အုပ်ချုပ် တဲ့ နေရာ မှာ အထောက် အကူ ပြု ဖို့ ရည်ရွယ်ပြီး လုံခြုံရေး နဲ့ အုပ်ချုပ်ရေး ကော်မတီ တွေကို ဗဟို ၊တိုင်း၊ ခရိုင် နဲ့ မြို့ နယ် အထိ အဆင့် လိုက် စတင် ဖွဲ့ စည်း ခဲ့ ပါတယ်။ ကော်မတီ အဖွဲ့ ဝင် တွေဟာ သက်ဆိုင်ရာ နယ်မြေ တွေမှာ လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့ တပ်မတော် သား တွေ ဖြစ်ပြီး ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ နဲ့  ပါတီ ကို အထောက် အကူပြု ဖို့ ရည်ရွယ် ခဲ့ပါတယ်။ ဒီ ဆောင်ရွက်ချက် ဟာ တပ်မတော် အနေ နဲ့ မြို့ ပြ အုပ်ချုပ်ရေး ဘက်မှာ တရားဝင် စပြီး ပါဝင် လာတယ်လို့ ပြောရင် လဲ မမှား ပါဘူး ..။

ဒီနေ့ ခေတ် အခြေ အနေနဲ့ စဉ်းစား ရင် ဒါဟာ အင်မတန် နားလည်ရ ခက်ခဲ တဲ့ ကိစ္စ ဖြစ်ပေမယ့် လို့ အဲဒီ ခေတ် အနေ အထား ကတော့ ကျေးလက် ဒေသတွေ အတော် များများ မှာ သောင်းကျန်း သူ အမာခံ တွေ စိမ့်ဝင် ချုပ်ကိုင် နေတဲ့ ကာလ မို့ အုပ်ချုပ်ရေး ယန္တရား ကို အမှန် တကယ်ပဲ အထောက် အကူ ပြုနိုင်ခဲ့ ပါတယ်။ တစ်ခါ ၁၉၄၈ ကနေ ၆၂ ခုနှစ် အတွင်း သူ ရင်ဆိုင် ခဲ့ ရတဲ့ ခရီးကြမ်း အတွေ့ အကြုံ တွေ အရ တပ်မတော် ဟာ အရပ်သား နိုင်ငံရေး သမား အများစု အပေါ် မယုံကြည် ရဘူး လို့ ပဲ ကောက်ချက်ချ ခဲ့ပြီး အုပ်ချုပ်ရေး အာဏာ တစ်စိတ် တစ်ပိုင်း ထဲမှာ ပါတီရဲ့ အမာခံ ကေဒါ တွေ အနေနဲ့  နေရာ ၀င်ရောက် ရယူ ခဲ့တာလဲ တစ်ချက် ပါဝင် နိုင်ပါတယ် …။

တပ်မတော် အနေနဲ့ မြို့ ပြ အုပ်ချုပ်ရေး မှာ တစ်စိတ် တစ်ပိုင်း ပါဝင် လာပြီ ဖြစ်ပြီး  တပ်မတော် ခေါင်းဆောင် အတော် များများ ဟာလဲ တော်လှန်ရေး ကောင်စီဝင် တွေ ဖြစ်နေ တဲ့ အတွက် ဘေး ပယောဂ ပါ မပါ ဒီနေ့ ထိ အငြင်း ပွား နေရတဲ့  လူထု အရေး အခင်း တွေမှာ လူထု နဲ့ ထိပ်တိုက် ရင်ဆိုင်မှု တွေကိုလဲ ရှောင်လွဲ လို့ မရနိုင် ခဲ့ပါဘူး ..။

ဝါဒ ရေးရာ အားကောင်း လွန်း ပြီး မြန်မာ ပြည်ရဲ့ ရေခံ မြေခံ နဲ့ အင်မတန် ကြီးထွား လွယ်တဲ့ ၊ တပ်မတော် ရဲ့ အင်အား သုံးပုံ တစ်ပုံ လောက်ကို တောခို သွားအောင် စွမ်းဆောင် နိုင် ခဲ့တဲ့ အရှေ့ တောင် အာရှ မှာ တိုက်ရည် ခိုက်ရည် အကောင်းဆုံး တပ်မတော် တစ်ခု တောင် အနှစ် လေးဆယ် လောက် တိုက်ခဲ့ ရတဲ့ ဗကပ အန္တရာယ် ကို တပ်မတော် ဟာ အင်မတန် ပဲ စိုးရိမ် စိတ် ကြီး ခဲ့ ပါတယ်။ လူထု အရေး အခင်း အတော် များများ ကိုလဲ ပြီးခဲ့တဲ့ ဆယ့်လေး ငါးနှစ် အတွေ့ အကြုံတွေအရ လူထုတိုက်ပွဲနည်းနဲ့ တိုက်ခိုက်လာတဲ့ ဗကပ ယူဂျီ တွေ ရဲ့ လှုံ့ ဆော်မှု  အဖြစ်ပဲ ရှူမြင် ခဲ့ ပါတယ်။ ဒီ စိုးရိမ်စိတ် ဟာ ဒီကနေ့ စတုတ္ထ မျိုးဆက် တပ်မတော် အရာရှိ တွေ အထိ ကူးစက် ခဲ့ တယ် ဆိုရင် လဲ မမှားဘူး လို့ ဆို နိုင်ပါတယ် …။

တော်လှန်ရေး အစိုးရ ဟာ ၁၉၆၂ နောက်ပိုင်း မှာ ၂ နှစ်လောက် စောင့်ဆိုင်း ပြီး လက်နက် ကိုင် အဖွဲ့ တွေ ကို ငြိမ်းချမ်း ရေး ကမ်းလှမ်း  ခဲ့ ပေ မယ့် မအောင်မြင် တဲ့ ဖြစ်ရပ်၊ ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ၀ိဓူရ သခင် ချစ်မောင် စတဲ့  နိုင်ငံရေး သမားကြီး ၃၃ ဦး ကို ဖိတ်ခေါ် ပြီး ၃၃ဦး ကော်မရှင် ဖွဲ့ ကာ တိုင်းပြည် ကို ဘယ်လို တည်ဆောက် မလဲ ဆွေးနွေး ပေမယ့် အချင်းချင်း သာ အငြင်းပွား ပြီး အဖြေ မထွက် ခဲ့တဲ့ ဖြစ်ရပ်၊ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ကို တည်ထောင် ခဲ့ပြီး ကျန် ပါတီများ ကိုပါ ပါဝင်ဖို့ ဖိတ်ခေါ် ခဲ့ သော်လည်း မအောင်မြင် တဲ့ ဖြစ်ရပ် တွေ ကြောင့် ၁၉၆၄ မတ် ၂၈ မှာ တစ် ပါတီ စနစ်နဲ့ သွား ဖို့ပဲ ဆုံးဖြတ်ချက် ချခဲ့ ပါတယ် …။

မဆလ ပါတီ လုပ်ဆောင် ခဲ့ တဲ့  အမှားတွေ အများကြီး ရှိခဲ့တဲ့ အထဲက လုပ်ငန်း တွေကို ပြည်သူ ပိုင် သိမ်းဆည်း ခဲ့ ခြင်း၊ တာဝန် ကျေ စပါး ရောင်းချ ရခြင်း နဲ့ ငွေစက္ကူ တရား မ၀င် ကြေငြာခြင်း တို့ ဟာ လူထု ကို တိုက်ရိုက် အကြီး အကျယ် ထိခိုက် ခဲ့တဲ့ လုပ်ရပ် တွေ ဖြစ်လို့  အုပ်ချုပ် သူ အစိုးရ ကို မကျေနပ် ချက်များ လာတဲ့ ပြည်သူ ဟာ အစိုးရ အပေါ် အယုံ အကြည် လျော့နည်း လာပြီး တပ်မတော် အပေါ်လဲ မကျေမနပ် ဖြစ်စ ပြုလာ ခဲ့ ပါတယ် …။

တပ်မတော် အနေနဲ့ ကတော့ ၁၉၆၂ နှောင်း ပိုင်း မြို့ ပြ အုပ်ချုပ်ရေး မှာ တပ်မတော် ခေါင်းဆောင် ပိုင်း နဲ့  ဦးစီး အရာရှိ တစ်ချို့ သာ ပါဝင်ခဲ့ တာ ဖြစ်ပြီး တပ်မတော် ရဲ့ ၉၀ ရာခိုင်နုန်း ကတော့ မြန်မာ ပြည် အနှံ့ အပြား က တောနက် တွေ ထဲမှာ မရပ် မနား တိုက်ပွဲ ၀င် နေရတာ ဖြစ်ပေ မယ့် မြေပေါ် မြေအောက် နိုင်ငံရေး ပါတီတွေ ရှုပ်ပွ နေတဲ့ မြန်မာ ပြည်မှာ ၁၉၆၂ ခုနှစ် အာဏာ ရယူ ခဲ့ တာ ကို မှန်ကန် တဲ့ လုပ်ရပ် အဖြစ် ဒီ ကနေ့ ထိ တပ်မတော် တစ်ခုလုံး က ရှုမြင် ခဲ့ ပါတယ် ….။

ပြည်တွင်း စစ် ရဲ့ အဆိုးဝါးဆုံး ကာလတွေ ကို ကျော်လွန် ခဲ့ တာ နှစ် အတော်ကြာ ရှိနေပြီး ဒေသ အသီးသီး မှာ ငြိမ်းချမ်း စပြု လာတဲ့ အချိန် မှာ လက်ရှိ အစိုးရ အပေါ် အဆင် မပြေမှု နဲ့ မကျေနပ်ချက် တွေ တစ်စ တစ်စ များပြား လာတဲ့  ပြည်သူ လူထု ဟာ ၁၉၈၆ ခုနှစ် လောက်မှာ ဗကပ တို့ ရဲ့ လူထု တိုက်ပွဲနည်း အတွက် အကောင်းဆုံး ပစ်မှတ် တစ်ခု ဖြစ်လာ ခဲ့ ပါတယ် ..။

အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဟာ ၁၉၇၆၊ ၇၈၊ ၇၉၊ ဂ၂ ၊ ၈၇ ခုနှစ် တွေမှာ အင်း ဒေသ စစ်ဆင်ရေး ၊ ၀ရဇိန် ၊ စွန်ရဲ စစ်ဆင်ရေး တွေနဲ့ ဗကပ မြေအောက် ဆဲလ် ၄၀၀ ကျော်ကို ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ ပေမယ့် ၁၉၈၆ ခုနှစ် တည်းက မြေပေါ် လှုပ်ရှားမှု အတွက် ကြိုတင် ပြင်ဆင် နေပြီ ဖြစ်တဲ့  ဗကပ ယူဂျီ ၄၈၂၈ ဒေသ ပါတီ ကော်မတီ ရဲ့ လှုပ်ရှားမှု ကို ဒီတစ်ခါ တော့ ကြိုတင် မထိန်းချုပ် နိုင်တော့ ပါဘူး။ ပြည်တွင်း သောင်းကျန်း မှု ပေါင်းစုံ ကို တလကြမ်း နှိမ်နင်းရင်း သောင်းကျန်း သူ အများစု ကို နယ်စပ် ထိ ရောက်အောင် တိုက် ထုတ် နိုင်လိုက် တဲ့ အတွက် အသက်ရူ ချောင်စ ဖြစ်လာ တဲ့ တပ်မတော် ဟာ အနားယူ ဖို့ စဉ်းစား လို့ ရအုန်း မယ် မဟုတ် ပါဘူး။ စစ်ရေး မှာ ဆက်တိုက် အထိနာ ခဲ့တဲ့  သူတို့ ရန်သူ တော်ကြီး က နောက်ဆုံး ပိတ် အိတ်နဲ့ လွယ် တိုက်ပွဲကြီး ကို ဆင်နွှဲဖို့ အစပျိုး ပြင်ဆင် စပြု နေပြီ ဖြစ်ပါ တယ်။
(၄)


၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက် နေ့ ညမှာ အင်းစိန် ကြို့ကုန်း ဘူတာ အနီး လဘက်ရည် ဆိုင် တစ်ခုမှာ အာအိုင်တီ ကျောင်းသား အချို့ နဲ့ အရပ် သား လူငယ် အချို့ ခိုက်ရန် ဖြစ်ပွား ခဲ့ ပါတယ်။ ဒီ ဖြစ်စဉ် ဟာ ညတွင်းချင်း ကြီးကျယ် သွားခဲ့ ပြီး ကျောင်းသား များ က ရပ်ကွက် သမဆိုင် ကို မီးတင်ရှို့ ခဲ့ ရာက ရပ်ကွက် ကိုပါ ကူးစက် လောင်ကျွမ်း လာတဲ့ အတွက် ရဲ တပ်ဖွဲ့ က ပစ်ခတ် လူစု ခွဲရာ မှာ ကျောင်းသား ကို ဖုန်းမော် သေဆုံး ခဲ့ ပြီး ဆူပူမှု တွေ အစပျိုး လာလို့ ကျောင်းများ ကို ဇွန်လ ထိ ခဏ ပိတ်ခဲ့ ရပါ တယ်။ ဒါဟာ ဗကပ ယူဂျီ ဆဲလ် များ အတွက်တော့ လူထု ဖောက်ခွဲမှု လုပ်ဖို့  အကောင်း ဆုံး စနစ်တံ တစ်ချောင်း ကို ရလိုက်တာ ပဲ ဖြစ်ပါတယ် ..။

ဇွန်လ ကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန် မှာတော့ ဆူပူမှု များဟာ တစ် နိုင်ငံ လုံးကို ကူးစက် ဖို့ တာစူ နေပါပြီ။ အဲဒီ နောက်မှာ တော့ တစ် နိုင်ငံလုံး အနှံ့ ကူးစက် ပြန့် ပွား သွားတဲ့  အရေး အခင်း ကြီး ဟာ သုံးလ အတွင်း လောက်မှာ ထိန်းချုပ် လို့ မရနိုင်တော့ ပဲ မဆလ ပါတီ ကို ဖျက်သိမ်း စေခဲ့ ရပြီး ရက်ပိုင်း အတွင်း မှာပဲ သမ္မတ သုံးယောက် တိတိ အပြောင်း အလဲ ဖြစ်စေ ခဲ့ ပါတယ် ..။

ရှစ်လ ပိုင်း အရောက် မှာတော့ တိုင်းပြည် တစ်ခုလုံး ရဲ့ အုပ်ချုပ်ရေး ယန္တရား ဟာ တော်လှန်ရေး သမား တွေရဲ့ လက်ထဲ ကျရောက် သွားခဲ့ ပါပြီ။ အကြမ်းဖက် မှုများ ကို လူထု ခေါင်းဆောင်များ ကိုယ်တိုင် ထိန်းချုပ် လို့ မရတော့ တဲ့ အခြေ အနေကို ဆိုက်ရောက် လာပါ တော့တယ် ….။

၆.၉.၈၈ ရက်နေ့ မှာ ဗကပ ယူဂျီ များ ဟာ ရန်ကုန် မြို့ မှာ အထွေထွေ သပိတ် ကော်မတီ (GSC) ကို ဖွဲ့ စည်း နိုင်ခဲ့ ပြီး GSC အတွင်း မှာ သပိတ် အဖွဲ့ ပေါင်း ၅၀ ကျော် ပါဝင် ခဲ့ ပါတယ်။ ဗကပ ဆဲလ်များ ဟာ GSC အတွင်း အရေးပါ တဲ့ နေရာ ၁၃ နေရာ ထိ စိမ့်ဝင် ထားနိုင်ခဲ့ တဲ့ အတွက် တစ် နိုင်ငံ လုံး က သပိတ် ကော်မတီ တွေနဲ့  ချိတ်ဆက် ကာ လူထု တိုက်ပွဲကြီး ကို အရှိန်မြှင့် ဆွဲတင် ရင်း လိုသလို ထိန်း ကျောင်း လာ နိုင်ခဲ့ ပါတယ် ..။

တစ်ပြည်လုံး မှာ တစ်လ အတွင်း အကြမ်းဖက် စီးနင်း ခံရတဲ့  ကောင်စီ နဲ့ ပါတီ ယူနစ် ရုံးပေါင်း ၇၃ ရုံး ရှိခဲ့ ပြီး ပြည်နယ် ရဲမှူးကြီး တစ် ဦး အပါ အ၀င် ရဲ တပ်ဖွဲ့ ဝင် ၃၇ ဦး သေဆုံး ကာ ၈၃ ဦး ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။ ရန်ကုန် တိုင်း တစ်ခု တည်း မှာတင် စက်ရုံ အလုပ်ရုံ ၄၅ ခု ၊ ဂိုဒေါင် ၆၁ ခု ၊ အစိုးရ အဆောက် အအုံ ၇၅ခု ၊ ယာဉ် ၃၇ စီး မီးရှို့ ဖျက်ဆီး ခံခဲ့ ရပါ တယ်။ တစ်နိုင်ငံ လုံးက ထောင် တွေမှာ အုပ်စု လိုက် ထောင်ဖောက် ပြေးဖို့  ကြိုးစား ခဲ့တဲ့ အတွက် ထောင် တာဝန်ကျ များ မှ ပစ်ခတ် နှိမ်နှင်း ခဲ့ ရာမှာ အကျဉ်းသား ၈၄ ယောက် သေဆုံး ပြီး ၂၀၁ ယောက် ဒဏ်ရာ ရခဲ့ ပါတယ် …။

သြဂုတ်လ ၃ ရက်နေ့ မှာ အစိုးရ အဖွဲ့ က စစ် အုပ်ချုပ်ရေး ကြေငြာ ခဲ့ လို့  လမ်းတွေ ပေါ်ကို လုံခြုံရေး တာဝန် ထမ်းဆောင် ဖို့ ၀င်ရောက် လာတဲ့ တပ်မတော် သားတွေ ဟာ သဘောထား ပျော့ပျောင်း တဲ့  သမတ အသစ် ဒေါက်တာ မောင်မောင် ရဲ့ သြဂုတ် ၂၄ ရက် နေ့ မှာ စစ် အုပ်ချုပ်ရေး ကို ပြန် ရုပ်သိမ်း လိုက်တဲ့  အမိန့် ကြောင့် လမ်းတွေ ပေါ်က ပြန် ထွက်ခွာ သွားရ ပါတော့ တယ်။ ဒါပေမယ့် အခြေ အနေ ဟာ အရမ်း နောက်ကျ နေခဲ့ ပါပြီ။ စစ်ကား တန်းကြီး တွေ ပြန်ထွက် သွားပြီး ရက်ပိုင်း အတွင်းမှာပဲ ဆူပူ သူတွေ ဟာ တောင် ဥက္ကလာပ မှာ  တစ်ရက် တည်း ယောက်ျား မိန်းမ ၂၃ ယောက် တိတိ ကို ထောက်လှမ်းရေး လို့ စွပ်စွဲ ပြီး ခေါင်းဖြတ် မီးရှို့သတ် ပြစ်ခဲ့ ပါတယ် ..။


သြဂုတ်လ အကုန် ပိုင်း မှာ မြန်မာ တစ်ပြည်လုံး က မြို့ တစ်မြို့ နဲ့ တစ်မြို့ ကြား လမ်းတွေ ဟာ ဒေသ လိုက် သပိတ် ခေါင်းဆောင် တွေ ရဲ့ ခွင့်ပြု ချက် မပါရင် ဖြတ်သန်း လို့ မရတော့ တဲ့ ကင်း စခန်းတွေ နဲ့ ပြည့်နေ ပါတယ်။ အစိုးရ ဌာန အားလုံး သပိတ်ထဲ ပါဝင် နေပြီ ဖြစ် လို့ အုပ်ချုပ်ရေး ဟာ လုံးဝ ရပ်ဆိုင်း သွားပြီး အရပ်သား ၀န်ထမ်း တွေ လစာ မရ တာလဲ သုံးလ နီးပါး ရှိနေ ပါပြီ။ ရေဒီယို ရုပ်မြင် သံကြား နဲ့ သတင်းစာ အားလုံး ဟာလဲ သပိတ် မှောက် သမားများ ရဲ့ လက်ကို ကျရောက် သွားခဲ့ ပြီး တော်လှန်ရေး သတင်း တွေ ကိုပဲ အချိန်ပြည့် ထုတ်လွှင့် နေပြီ ဖြစ် ပါတယ်။ တပ်မတော် အနေ နဲ့  စိတ် အပူပန်ဆုံး ကိစ္စ ဟာလဲ အရိပ် အယောင် တော့ စနေ ပါပြီ။ သပိတ် စစ်ကြောင်း တွေရဲ့ ရှေ့ မှာ တပ်မတော် ယူနီ ဖောင်း ၀တ်ဆင် ထားသူ အချို့ ကို စပြီး တွေ့ မြင်နေ ရပြီ ဖြစ်ပါ တယ် ….။

၁၉၈၈ ခုနှစ် စက်တင်ဘာ လ ရဲ့  နံနက်ခင်း တစ်ခု မှာ မြန်မာ့ ကြယ်ငါးပွင့် ကော်ပိုရေးရှင်း ပိုင် " အင်းဝ " သင်္ဘော ဟာ ရန်ကုန် ကို ဦး တည် ခုတ်မောင်း ရင်း အရေးကြီး ကြေးနန်း တစ်စောင် ကို အမြန်ဆုံး ပေးပို့ နေပါတယ်။ ရန်ကုန် မြစ်ဝ က ရေမိုင် ၁၉၀ အကွာ မြန်မာ့ ရေပိုင်နက် အတွင်းမှာ လေယာဉ် တင် စစ် သင်္ဘော အုပ်စုကြီး တစ်ခု ကို တွေ့ ရတဲ့ အကြောင်း ပါ …။ အဲဒီ ထဲက သင်္ဘော အမှတ် ၄၃ ဟာ ကမ်းတက် ရေ ယာဉ်တွေ နဲ့ လေ့ ကျင့် နေ တယ် ဆိုတဲ့ သတင်း နဲ့ တပ်မတော် ထောက်လှမ်း ရေး တပ်ဖွဲ့ က တင်ပြ လာတဲ့ တရုတ် နယ်စပ် မှာ ရောက် လာ တဲ့ သံချပ်ကာ တပ်မကြီး ရဲ့ သတင်း ဟာ တပ်မတော် ကို တစ်ကယ်ပဲ မျက်စိ မျက်နှာ ပျက်အောင် ခြိမ်းခြောက် နိုင်စွမ်း ရှိခဲ့ ပါတယ် ….။

တစ်ဆက် တည်း တက်လာ တဲ့ သတင်း တစ်ခု ကတော့ ကုန်သွယ် ရေး ၀န်ကြီး ဌာနမှာ လုံခြုံရေး တာဝန် ထမ်းဆောင် နေတဲ့  ဗိုလ်ကြီး ခင်မောင်ချို ဦးစီး တိုက်ခိုက်ရေး တပ်ခွဲ တစ်ခွဲ ကို လူအုပ်ကြီး က ၀ိုင်းဝန်း ပိတ်ဆို့  ပြီး လက်နက် အပ်ခိုင်း နေတာ ပါပဲ။ နာရီ အတော် ကြာ စောင့်ဆိုင်း နေပြီး ပစ်မိန့် မရ ခဲ့တဲ့ တပ်ခွဲမှူး ဟာ နောက်ဆုံး မှာ တော့ လူအုပ် ကြီး လက်ကို လက်နက် အပ် လိုက်ရ ပါတော့ တယ်။ ဗကပ နဲ့ အနှစ် လေးဆယ်ကျော် တိုက်လာ တဲ့ တပ်မတော် တစ်ခု အနေနဲ့ တော့ ဗကပ ရဲ့ လူထု တိုက်ပွဲ စစ်နည်းဗျုဟာ တွေ ကို အတော် များများ ခန့် မှန်း လို့ ရနေ ပါပြီ ……..။


 
တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ရုံး ဟာ နောက်ဆုံး အခြေ အနေ တွေ အားလုံး ကို သုံးသပ် ပြီး စက်တင်ဘာ လ ထဲမှာပဲ ထိပ်တန်း လျို့ ၀ှက် အဆင့် ရှိတဲ့ တပ်လှဲ လှယ် ရွေ့ ပြောင်းမှု အစီ အစဉ် တစ်ခု ကို စတင် လိုက်ပါ တယ်။ အဲဒီ အစီအစဉ် အရ ဒေါန တောင်တန်း ရဲ့ တောင်ဘက် နဲ့ မြောက်ဘက် ခြမ်းမှာ ရန်သူ နဲ့ ရင်ဆိုင် နေရာ ယူထားတဲ့ ခြေမြန် တိုက်ခိုက်ရေး တပ်မ နှစ်ခု ထဲကနေ တစ်ခု ကို ပြန် ရုပ်သိမ်း နေပြီ ဖြစ်ပါ တယ်။ ရှေ့တန်း မှာ တစ်နှစ် နီးပါး ရှိပြီ ဖြစ်တဲ့  အဲဒီ တပ်မ က စစ်သည် တွေဟာ အတော် ပျော်ရွှင် နေကြ ပါတယ်။ ဒါပေမယ့် သူ တို့ မသိ တာက သူတို့ ဟာ အိမ်ပြန် ကြရမယ် မဟုတ် ပါဘူး။ ဘယ်သူ မှ မထိန်းသိန်း နိုင်တော့ တဲ့  မြို့ လယ်ခေါင် တွေက အိပ်မက် ဆိုးကြီး ကို ၀င်ပြီး ထိန်းသိမ်း ရတော့ မှာပါ …..။

အိပ်မက် ဆိုးကြီး အပြီး မှာ တစ်နိုင်ငံ လုံး သေဆုံး သူ ၆၉၁ ယောက် ဒဏ်ရာ ရသူ ၆၄၃ ယောက် ရှိကြောင်း အကြိမ်ကြိမ် ရှင်းပြ ခဲ့ ပေမယ့် ပြည်သူ တွေ ကတော့ မယုံကြည် ကြတော့ ပါဘူး။ ဒီ မယုံကြည် မှု ဟာ နောက်ထပ် ၂၂ နှစ် တိတိ တပ်မတော် အပေါ် ဆက်လက် ကူးစက် ခံရတော့ မှာ လဲ ဖြစ်ပါတယ်။ တပ် တွေ အရွေ့ အပြောင်း လုပ်နေ တဲ့ ကာလ မှာ ကေအန်ယူ အဖွဲ့ က စစ်ရေး အရ တိုက်ကွက် ဖော်ထုတ် ခဲ့တဲ့ အတွက် သမိုင်းဝင် မဲသဝေါ ဒေသ တိုက်ပွဲကြီး ပေါ်ပေါက် ခဲ့ ရ ပါတယ်။ တကယ် တော့ အဲဒီ တပ်ရွေ့ ပြောင်းမှု ဟာ တပ်မတော် အတွက် တော့ မိအေး နှစ်ခါနာ ဖြစ်ခဲ့ ရတဲ့ သမိုင်းဝင် တပ် ရွေ့ ပြောင်း မှု ပါ ပဲ …။

(၅)

(၁၅.၉.၈၈) ရက်နေ့  နံနက် ၄ နာရီ ၄၅ မိနစ်မှာ တပ်မတော် ရဲ့ ရှေ့တန်း ခံစစ် စခန်း ဖြစ်တဲ့ ကစို စခန်း ပေါ်က ဘန်ကာ တစ်လုံး ဟာ ရန်သူ့ လက်နက်ကြီး ကျည် ထိမှန် ပြီး မွမွ ကြေ သွား ခဲ့ ပါတယ်။ ဒါဟာ မဲသဝေါ ဒေသ တိုက်ပွဲစဉ် ကြီးရဲ့ အချက်ပေး ခရာသံ လို့ ဆိုနိုင် သလို တပ် မတော် ရဲ့ သမိုင်း တစ်လျောက် ခါးသီး လှတဲ့ စာမျက်နှာ တစ်ခု ကို ထပ်ဖွင့် လိုက် ရတယ် ဆိုလဲ မမှား ပါဘူး ..။

ကေအန်ယူ တပ်မဟာ ( ၇ ) တစ်ခု လုံး ဟာ မဒတ (အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု) ရဲ့ အစီအစဉ် နဲ့  မဲသဝေါ ဒေသ တစ်ခုလုံး ကို အင်အား ၂၀၀၀ ကျော် နဲ့  ထိုးစစ် ဆင်နွှဲ ခဲ့တာ ဖြစ်ပါ တယ်။ စက်တင်ဘာ ၂၆ ရက် နေ့ မှာ တော့ တပ်မတော် ဟာ မဲသဝေါ ဒေသ ရဲ့ ကာ ကင်း ကုန်း တစ်ခု ဖြစ်တဲ့  အံ့ကျော်ကုန်း စခန်း ၊ပွိုင့် ၁၇၇၈ စခန်း တို့ ကို လက်လွှတ် ခဲ့ ရပြီး မရှေး မနှောင်း မှာပဲ ကဆာနလီ တောင် ကြော နဲ့ မဲသဝေါ ပင်မ စခန်း တို့ ကပါ ဆုတ်ခွာ ရ ပါ တော့တယ် ….။

၁၉၈၈ ခုနှစ် ထိ ခြေမြန် တပ်မ (၈) မပဲ ရှိသေး တဲ့ တပ်မတော် အဖို့ ကတော့ တစ်ခြား တိုက်ခိုက် ရေး တပ်မ တွေကို အဲဒီ ဒေသ ကို စစ်ကူ လွှတ် နိုင် လိမ့်မယ် မဟုတ် ပါဘူး။ ဘာကြောင့် လဲ ဆိုတော့ တပ်မ တွေဟာ နယ်မြေ ခံ မြို့စောင့် တပ် တွေနဲ့ မနိုင် တော့ပဲ ဆူပူ မှူ တွေ အပြင်း အထန် ဖြစ်နေတဲ့ မြို့ ကြီး အတော် များများ ကို ၀င်ရောက် တာဝန်ယူ နေရပြီး အရှေ့ မြောက် မိုင်းယန်း ဒေသ နဲ့ ကချင် ပြည်နယ် ဒေါ့ဖုန်းယန် တို့ မှာလဲ ဗကပ နဲ့  ကေအိုင်အေ တို့ က တစ်ပြိုင် တည်း ထိုးစစ် ဆင်နွှဲတာ ကို အပြင်း အထန် ခုခံ နေရ ပြီ ဖြစ်ပါ တယ် …။



၁၉၈၈ ခု စက်တင်ဘာ ၂၃ ရက် မှာ ဗကပ ပန်ဆန်း ဗဟို ရဲ့ တိုက်ရိုက် ကွပ်ကဲမှု နဲ့  ချီတက် လာတဲ့  လက်ရွေးစင် တပ်ရင်း ၁၃ ရင်း ဟာ မိုင်းယန်း ဒေသမှာ တပ်စွဲ ထားတဲ့ တစ်ခု တည်းသော တပ်မတော် ခြေလျင် တပ်ရင်း တစ်ရင်း ကို စတင် တိုက်ခိုက် ခဲ့ပါတယ်။ နယ်မြေ တွင်း က စစ်ကူ စစ်ကြောင်း တွေ မလာနိုင် အောင် အဖက်ဖက် က ပိတ်ဆို့ ဖြတ်တောက် ပြီးမှ အပိုင် တိုက်ခိုက် ခဲ့တာ လည်း ဖြစ်ပါ တယ်။ ဒီတိုက်ပွဲ ဟာ တိုက်ပွဲ ကြီး ၁၄ ကြိမ် တိုက်ပွဲငယ် ၂၃ ကြိမ် အနီးကပ် လှံစွပ်ထိုး တိုက်ပွဲ အကြိမ် ၃၀ ထိ တိုက်ခိုက် ခဲ့ပေ မယ့် အဲဒီ တပ်မတော် ခြေလျင် တပ်ရင်း ဟာ စစ်ကူ စစ်ကြောင်း တွေ ကို စောင့်ဆိုင်း ရင်း (၈) ရက် လုံးလုံး မဆုတ်ခွာ ပဲ အသေခံ ခုခံ နေတာ ကြောင့် ဗကပ တို့ ရဲ့ မိုင်းယန်း ကနေ မူဆယ် နမ့်ခမ်း ကြူကုတ် ထိ သိမ်းပိုက် မယ့် စစ်ရေး စီမံချက် ဟာ သဲထဲ ရေသွန် ဖြစ်ခဲ့ ရပါ တယ် …..။

စစ်ကူ စစ်ကြောင်း တွေ ရောက်လာ ချိန် မှာတော့ အဲဒီ တပ်ရင်း ဟာ တပ်ရင်းမှူး နဲ့ အရာရှိ လေးဦး အပါအ၀င် စစ်သည် ၄၇ ဦး ရဲ့ အလောင်း တွေ ပြန့် ကျဲ နေပြီး ၁၂၄ ဦး ကိုတော့ ဒဏ်ရာ အပြင်း အထန် နဲ့  သူတို့ ကတုတ် ကျင်း တွေ ထဲမှာ တွေ့ ခဲ့ ရပါ တယ်။ သူတို့ စခန်း ပေါ်က မြန်မာ နိုင်ငံ အလံ ကတော့ တစ်လူလူ လွှင့်လျက် ပါပဲ …..။

မိုင်းယန်း တိုက်ပွဲ ကို အနိုင်တိုက် လိုက် နိုင်တဲ့  တပ်မတော် ဟာ မဲသဝေါ ဒေသ တိုက်ပွဲ တွေရဲ့ အစ မှာတော့ အကြီး အကျယ် အထိနာခဲ့ ပါ တယ်။ တိုက်ပွဲ ကာလ သုံးလ ကျော် ကြာမြင့် ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့ မှာ တော့ ဆုံးရှုံး ခဲ့ရတဲ့ မဲသဝေါ ပင်မ စခန်းကြီး ကို ပြန် သိမ်းပိုက် နိုင်ခဲ့ ပေမယ့် တိုက်ပွဲစဉ် တစ်ခုလုံး တိုက်ပွဲ ကြီး ၈၅ ကြိမ် တိုက်ပွဲငယ် ၁၄၅ ကြိမ် နဲ့  အနီးကပ် လှံစွပ်ထိုး တိုက်ပွဲ ၄၇ ကြိမ် ဆင်နွှဲ ခဲ့ ရပြီး တပ်မတော် ဘက်က အရာရှိ ၁၂ ဦး အပါ အ၀င် ၂၄၂ ဦး ကျဆုံး ခဲ့ရ ပါတယ်။ အရာရှိ ၄၉ ဦး အပါ အ၀င် ၉၂၂ ဦး ဒဏ်ရာ ရရှိခဲ့ ပါတယ်။ ဒါဟာ တပ်မတော် အတွက် တော့ အမြဲတန်း သတိရ နေတော့ မယ့် ကိန်းဂဏန်း အရေ အတွက် တစ်ခု လည်း ဖြစ်ပါ တယ …..။

မျက်မှောက် ခေတ် နိုင်ငံရေး သမား အတော် များများ ဟာ ၈၈ အရေး အခင်းကြီး ကို ဒီမိုကရေစီ အတွက် ICON တစ်ခု အဖြစ် သတ်မှတ် ဂုဏ်ယူ ခဲ့ ကြပြီး အရေးအခင်း တစ်ခုတည်း ကိုသာ ကွက်ပြီး စဉ်းစားလေ့ ရှိပေမယ့် တပ်မတော် အနေ နဲ့ ကတော့ ၈၈ အရေး အခင်း လို့ ဆို လိုက်တာ နဲ့  မြေပေါ် ဗကပ လှုပ်ရှား မှု တွေ တိုက်ခိုက်ရေး တပ်မတွေ ကို မြို့ ကြီး တွေမှာ လုံခြုံရေး တာဝန် ထမ်းဆောင် ဖို့ စေလွှတ် လိုက် ချိန် မှာ အချိန် ကိုက် ၀င်တိုက် ခံရတဲ့ မိုင်းယန်း ၊ မဲသဝေါ တိုက်ပွဲ စဉ် တွေ၊ မိုးညှင်း မြို့ ကိုဝင်တိုက် ခဲ့ တဲ့ ကေအိုင်အေ အင်အား ၄၀၀၊ ဒေါ့ဖုန်းယန် တိုက်ပွဲ က ကေအိုင်အေ အင်အား ၉၀၀ ကျော် ဒါတွေ ကိုပဲ တစ်စု တစ်စည်းတည်း ပြေးမြင် လေ့ ရှိပြီး တပ်မတော် ကို ချေမှူန်း ဖို့ အချိန် ကိုက် ဟန်ချက် ညီ ဆောင်ရွက် ခဲ့တဲ့ စစ်ရေး နိုင်ငံရေး ဖြစ်စဉ် ကြီး လို့ ပဲ ယူဆလေ့ ရှိပါတယ် ....။

ဒါဟာ လက်ရှိ ဖြစ်နေ တဲ့ နိုင်ငံရေး သမားတွေ နဲ့ တပ်မတော် ကြား က အမြင် မတူညီ မှူတွေရဲ့ အဓိက ကွဲလွဲချက် လဲ ဖြစ်နိုင် ပြီး ၁၉၉၀ ရွေးကောက် ပွဲ အပြီး အာဏာ ကို ချက်ချင်း ပြန်မလွှဲ တော့ပဲ တပ်မတော် ရဲ့ စစ်ရေး အင်အား ကို ခိုင်မာ အောင် တည်ဆောက် ဖို့ ကြိုးစား ခဲ့ တဲ့ ဖြစ်ရပ် ကို ဖြစ်ပေါ်စေ ခဲ့တဲ့ အတွေး အခေါ် တစ်ခု လို့ လဲ မလွဲမသွေ ဆိုနိုင် ပါတယ် .....။

ဆက်ရန်

ရဲမိုး


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်