Pages

Wednesday, January 15, 2014

ပင်စင်ခံစားခွင့် ပါ လူမှု ဖူလုံရေး စနစ်သစ် ဧပြီလတွင် စတင် ကျင့်သုံးမည်

ပင်စင်ခံစားခွင့်များ၊ အိမ်ရာ စီမံကိန်းများ ပါဝင်သည့် လူမှုဖူလုံရေး စနစ်သစ်ကို လာမည့် ဧပြီလတွင် စတင် ကျင့်သုံး မည် ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ လက်ထောက် ညွှန် ကြားရေးမှူး ဒေါ်ခင်မာအေးက ပြောကြားသည်။ အဆိုပါ စနစ်သစ်ကို စတင် ကျင့်သုံးနိုင် ရန် ဧပြီလ တွင် လူမှုဖူလုံရေး နည်း ဥပဒေ ကို ထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လူမှုဖူလုံရေး စနစ်သစ်တွင် ယခုအသုံးပြုနေသည့် စက္ကူကတ်အစား ကွန်ပျူတာစနစ်ဖြင့် အသုံးပြုမည့် Smart Card စနစ်ကို ပြောင်းလဲသုံးစွဲမည် ဖြစ်သည်။ လုပ်သားများကို Smart Card ထုတ်ပေးရန် လူမှု ဖူလုံရေး အဖွဲ့က အဖွဲ့ငါးဖွဲ့ဖွဲ့ကာ ဆောင်ရွက်ခဲ့ပြီး ကတ်ပြုလုပ်ရန် ကိုယ်ရေးအချက်အလက် ထည့် သွင်းခြင်း (Data Entry Project) ထည့်သွင်းသူ ၇၂၃,၁၄၁ ဦးအနက် ၅၅၉,၇၈၈ ဦးကို ဓာတ်ပုံနှင့် လက်ဗွေ ယူထာပြီး ဖြစ်ကြောင်း၊ ဓာတ်ပုံနှင့် လက်ဗွေ ယူထားပြီးသူများအနက် ၂၇၂၂၉၂ ဦးကို Smart Card ထုတ်ပေး လိုက်ပြီ ဖြစ်ကြောင်း ဒေါ်ခင်မာအေးက ဆိုသည်။

“လူမှုဖူလုံရေး အဖွဲ့တွေ မရှိတဲ့အတွက် ချင်းပြည်နယ် တစ်ခုပဲ ကျန် (Smart Card) တယ်” ဟု ၎င်းကထပ်မံ ပြောကြားသည်။ Smart Card ပြုလုပ်ပေးသည့် လုပ်ငန်းစဉ်တွင် မပြုလုပ်ရဘဲ ကျန်ရှိနေသေး သည့် လုပ်သားများကိုလည်း ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း လူမှုဖူလုံရေး အဖွဲ့ထံမှ သိရှိရ သည်။ Smart Card ပြုလုပ်ရန် လုပ်သားများ၏ ကိုယ်ရေး အချက်အလက် ထည့်သွင်းခြင်း၊ လက်ဗွေနှိပ်ခြင်း စသည်တို့ကို လူမှု ဖူလုံရေးအဖွဲ့က ၂၀၁၃ ခုနှစ် ဇွန်လဆန်းတွင် စတင်ခဲ့သည်။

လူမှုဖူလုံရေး ဥပဒေသစ်တွင် ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံ၊ အလုပ်လုပ်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့် အာမခံ၊ အသက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ ပင်စင် အကျိုး ခံစား ခွင့် အာမခံ၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်၊ အခြား လူမှုဖူလုံရေး စနစ် (အိမ်ရာ စီမံကိန်းများ) ပါဝင်သည်။ ၂၀၁၂ခုနှစ် လူမှုဖှုလုံရေး ဥပဒေကို အဆိုပါနှစ် သြဂုတ်လ ၃၁ ရက်နေ့ က နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးခဲ့သည်။

The Voice Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်