Pages

Saturday, February 2, 2013

ခေတ်သစ် သားတရား စီရင်ခန်း ( သို့မဟုတ် ) KIO / KIA ဘီလူးမ လက်က ကချင် တိုင်းရင်းသားများ



မဟော်သဓာရဲ့ သားတရား စီရင်ခန်းကို အားလုံး ဖတ်ဖူးကြမှာပါ။ ဟိုတစ်ချိန်က ဒဿမ တန်းဖတ် စာပေါ့။
ဇာတ်တော်ရဲ့ ရှေ့ပိုင်း ဇာတ်ကြောင်း တွေဟာ အတော် များများက သိပြီးသား ဆိုတော့ အထွေ အထူး ပြောမနေ တော့ပါဘူး။ ကလေး တစ်ယောက်ကို ဘီလူးမက စားဖို့ရာ အတွက် ခိုးပြေးတယ်။ ဒါကို မိခင်ဖြစ်သူက သိသွားတဲ့ အခါ သူ့ကလေးကို ပြန်ပေးဖို့ တောင်းဆိုတယ်။ ဘီလူးမက ပြန်မပေးဘဲ မဟော်သဓာ ပညာရှိရဲ့ ဘုန်းသဘာ ၊ ပါရမီကိုလည်း ကြောက်ရှာတော့ သူသာလျှင် မိခင်အရင်း ပါဆိုပြီး လိမ်ညာ ပြောတယ်။ ဒီတော့ မဟော်သဓာက ကလေးကို အလယ်ခေါင် ကထား ၊ ပြီးတော့ ကလေးရဲ့ ခြေလက် တွေကို မိခင်အရင်းနဲ့ ဘီလူးမကို အသီးသီး ကိုင်စေပြီး “ကလေးကို ရအောင် ဆွဲနိုင်သူဟာ မိခင်အရင်းပဲ ဆိုပြီး အားကုန် ဆွဲခိုင်းတယ်။
 
ကလေးရဲ့ ခြေနဲ့ လက်တွေကို ခွန်အား ကြီးမားတဲ့ လူကြီး နှစ်ယောက်က အားကုန်ဆွဲတဲ့ အခါမှာ၊ ကလေးဟာ နာကျင် လွန်းရှာတော့ သည်းသည်း ထန်ထန် ငိုကြွေး တော့တာပေါ့။ ဒီလို ကလေးရဲ့ ငိုသံကို ကြားလိုက်ရတဲ့ အခါမှာတော့ မိခင် အရင်းဟာ သူရဲ့ အသည်း နှလုံးတွေ ကြေမွ သွားမတတ် ခံစား လိုက်ရတဲ့ အတွက် ၊ ကလေးငယ်ကို မလွှတ်တမ်း ဆုပ်ကိုင် ထားတဲ့ သူ့ရဲ့လက်အစုံကို မလွှတ်ချင် လွှတ်ချင် လွှတ်လိုက်ရပါ တော့တယ်။ ဒီတော့မှ မဟော်သဓာက မိခင်ရင်း ဖြစ်သူရဲ့ မေတ္တာ တရားနဲ့ ဘီလူးမရဲ့ အသနား အညှာတာ ကင်းစွာ ရက်စက်တဲ့ စိတ်ကို နှိုင်းယှဉ်ပြပြီး ပညာရှိ ပီသစွာ ဆုံးဖြတ်ပေး လိုက်ပါသတဲ့။

ဒါ ကျွန်တော် ကျောင်းသား ဘဝတုန်းက သင်ခဲ့ရတဲ့ ဇာတ်တော်ပါ။ ဒါပေမယ့် ကျွန်တော် စဉ်းစားကြည့်တယ်။ အဲဒီ အဖြစ်အပျက် ဖြစ်ပေါ်ချိန် ကာလ ၊ ဒေသ ၊ ပရောဂ တွေနဲ့ အခုခေတ် အခုအချိန် လုံးဝ မတူပါဘူး။ ဆုံးဖြတ်ပေးတဲ့ ပညာရှိ ကလည်း မဟော်သဓာပါ။ နယ်နယ်ရ လူသာမန် ပညာရှိ မဟုတ်ပါဘူး။ ပါရမီ အထူး ရင့်ကျက်ပြီး ဖြစ်တဲ့ ဘုရားအလောင်း ပါ။ ကမ္မဇိဒ္ဓိ တန်းခိုးရှိတဲ့ ဘီလူးမ ကတောင် လေးစား ကြောက်ရွံ့ပြီး မဟော်သဓာ ရဲ့ အဆုံးအဖြတ်ကို နာခံရသူပါ။ ခေတ်အခြေအနေ အရလည်း လူတွေ အားလုံးက ကတိသစ္စာ တည်ကြည် ကြတဲ့ အချိန်ပါ။ အခုခေတ်လို လူအတော် များများ သီလ မစင်ကြယ် နိုင်တော့တဲ့ အချိန် ၊ အားကိုး လောက်စရာ ပါရမီရှင် ပညာရှိ လည်း မရှိတဲ့ အချိန်မျိုး မှာသာ ဒီအဖြစ်မျိုး ဖြစ်ခဲ့ရင် ဘယ်လို နေမလဲ။ ကျွန်တော် စဉ်းစားကြည့် ပါတယ်။ ကျွန်တော်သာ မိခင်အရင်း ဆိုရင် ဘာလုပ်မလဲ။ ကလေးကို သနားလို့ လွှတ်လိုက် တယ်ပဲ ထားတော့။ ဘီလူးမက ပြန်ပေး ပါ့မလား။ လူတွေတောင် သီလ မစင်ကြယ် ကြတော့လို့ လူက ဘီလူး ဖြစ်နေတဲ့ ခေတ်ကြီးမှာ ရိုင်းစိုင်း ကြမ်းတမ်း သားစား ကြူးတဲ့ ဘီလူးက ကတိသစ္စာ တည်နိုင် ပါ့မလား။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။
အဲဒီအတွက် ဘီလူးလည်း လှစေ၊ သားလည်း ရစေ ဆိုပြီး ဖြေရှင်း ပေးနိုင်တဲ့ ပညာရှိ ကလည်း မရှိပါဘူး။ ဒါဆို ဘယ်လို လုပ်မလဲ။ အဖြေက ရှင်းပါတယ်။ ကိုယ့် သားသမီး ကိုယ်ပြန်ရဖို့၊ တစ်ဖက် ရန်သူဟာ ဘီလူးပင် ဖြစ်လင့်ကစား လုံးသတ်ရ ပါလိမ့်မယ်။ အခု လတ်တလော ဖြစ်ပေါ်နေတဲ့ ကချင်ပြည်နယ် အရေးဟာ လည်း ဒီသဘောပါပဲ။ ပြည်သူ့ တပ်မတ်ာဟာ KIO/KIA ဆိုတဲ့ ဘီလူးလက် ကနေ ကချင်ပြည်နယ် နဲ့ ကချင် တိုင်းရင်းသား တွေကို ( ပြည်ထောင်စုကြီး မပြိုကွဲဖို့) မရရတဲ့ နည်းနဲ့ ပြန်ုယူ ပေးရမယ့် တာဝန်ရှိပါတယ်။ (တာဝန်ရှိတာ ကိုသာ ထောက်ပြခြင်း ဖြစ်ပြီး စစ်ဖြစ်အောင် တိုက်ခိုင်း နေတာ မဟုတ်ကြောင်း သတိပြု စေလို ပါတယ်။) ဒီနေရာမှာ KIO/KIA ကို ဘီလူးလို့ ဘာကြောင့် ပြောရသလဲ။ ကျွန်တော့မှာ အကြောင်းရှိ ပါတယ်။ ကျွန်တော် ပြောတာ မှန်မမှန် အားလုံးလည်း ဝေဖန်လို့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ မျိုးဆက် တစ်ဆက်စာလုံး အာဏာရှင် စနစ်ဆိုတဲ့ စနစ်ဆိုးကြီးကို ဖြတ်သန်း ခဲ့ရပါတယ်။ ဒါအားလုံး အသိပါ။ ပြည်သူတွေ အားလုံး ၊ ပြည်ထောင်စု ကြီးတစ်ခုလုံး ကျောကော့ အောင် ခံနေရတဲ့ အာဏာရှင် စနစ်ရဲ့ လက်အောက်မှာ KIO/KIA ဟာ လုံးဝ ပါးစပ်ပိတ် အသံတိတ်ပြီး အပစ်အခတ် ရပ်စဲထား ပါတယ်။ ရိုးရိုးလေးပဲ စဉ်းစား ရအောင်ပါ။ ဒါဟာ သူတို့ ကျေနပ်လို့ပေါ့။ နိုင်ငံတော်ရဲ့ အဖိုးတန် ရတနာတွေ ဖြစ်တဲ့ ကျွန်းသစ်နဲ့ ကျောက်စိမ်း တွေကို သူတို့လို သလို ထုတ်ယူခွင့် ရခဲ့ လိမ့်မယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။ တစ်ခြား တရားမဝင်တဲ့ လုပ်ငန်း တွေလည်း အများကြီး ရှိမှာပါ။ ဘာလို့လည်းဆိုတော့ KIO/KIA အကြီးအကဲတွေ အထက် အရာရှိ ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှု တွေဟာ နိုင်ငံခြား တိုင်းပြည်တွေမှာ လက်ညှိုးထိုး မလွဲပါပဲ။ ဒါတွေကို လက်ရှိ အစိုးရလည်း သိလိမ့် မယ် ထင်ပါတယ်။ ညင်သာသော နည်းလမ်းနဲ့ တိုင်းရင်းသား ရင်ကြားစေ့ ရေးကို လုပ်ဆောင် ချင်လို့သာ ချမပြတာ ဖြစ်ပါလိမ့်မယ်။
အာဏာရှင် စနစ်ရဲ့ လက်က လွတ်ဖို့ ပြည်ထောင်စုကြီး တစ်ခုလုံး အတွက် ကယ်တင်ရှင် ကို အရေးပေါ် လိုအပ် နေတုန်းကတော့ KIO/KIA ဟာ ရဲရဲတောက် ရှေ့ထွက် မလာခဲ့ပါဘူး။ ဖက်ဒရယ်မူ လည်း မကြားရ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်လည်း မတောင်းဆိုဘဲ ၊ အာဏာရှင် လက်တစ်ဆုပ် စာနဲ့ ညှိယူ နေတယ်လို့ ထင်ပါတယ်။ အခုချိန် ကျန်တဲ့ အဖွဲ့တွေ အပစ်အခတ် ရပ်စဲထား ကာမှ နေ့ချင်းညချင်း လက်ရှိ ဒီမိုကရေစီ အစိုးရနဲ့ ဘာ့ကြောင့် ပြဒါး တစ်လမ်း သံတစ်လမ်း ဖြစ်ကုန်ကြ တာလဲ မတွေး တတ် နိုင်အောင်ပါပဲ။
အခုလည်း ကချင်လူမျိုး ကောင်စားရေးလို့ သူတို့ကကြွေးကျော် နေပြန်ပါတယ်။ ဘယ်လောက်များ အတ္တကြီး လိုက်ပါသလဲ။ လှပတဲ့ ပြည်ထောင်စု စိတ်ဓာတ် ထဲကနေ ကချင် တိုင်းရင်းသား တွေကို ခွဲထုတ်ပြီး ပြောနေတာပါ။ အမှန်တကယ် ကချင် တိုင်းရင်းသားတွေ ကောင်းစား သွားမယ် ဆိုရင်လည်း ဘာမှပြောစရာ မရှိပါဘူး။ အခုတော့ဗျာ ကချင် တိုင်းရင်းသား တွေခမျာ KIO/KIA နဲ့ အဆင်ပြေတဲ့ အာဏာရှင် စနစ်တုန်း ကမှ အေးအေး နေရသေး တယ်လို့ ပြောရမလို ဖြစ်နေ ပါတယ်။ ဒါကို ကြည့်ရင် ကချင်လူမျိုး ကောင်းစားရေး အတွက်လား။ KIO/KIA လူကြီးမင်များ ကောင်းစားရေး အတွက်လားဆိုတာ သိသာပါတယ်။
ဘာမှမသိ နားမလည်တဲ့ ကချင် တိုင်းရင်းသား တွေကို ဘီလူးလို ပြန်ပေးဆွဲပြီး လက်ရှိအစိုးရကို အကြပ်ကိုင် နေတဲ့ သူဟာ KIO/KIAပါ ။ ပြည်သူ တစ်ရပ်လုံးနဲ့ မီဒီယာတွေ အားလုံး ဒါကို မြင်အောင် ကြည့်စေချင် ပါတယ်။ အဲဒါကို မဟုတ်ပါဘူးလို့ ခြေကန် ငြင်းမယ် ဆိုရင် ကျွန်တော် တစ်ခု ပြောပါ့မယ်။ အပြစ်မဲ့တဲ့ ကချင် တိုင်းရင်းသား တွေကို ဘေးလွတ်ရာပို့၊ ဒါမှမဟုတ် သက်ရှိတွေ လုံးဝမရှိတဲ့ မြေပြင် တစ်ခုကို ရှာပြီး ခင်ဗျားတို့အသက်ကိုပဲ ရင်းလို့ ဒီအယူဝါဒ စစ်ပွဲကို တိုက်ရဲသလားလို့ KIO/KIA ကို မေးကြည့်ပါ။ စိန်ခေါ်တာ လုံးဝ မဟုတ်ပါဘူး။ KIO/KIA ရဲ့ ရပ်တည်မှုကို ရှင်းစေချင်လို့ပါ။
ကျွန်တော်ဟာ ကဗျာ၊ ဝတ္ထုတွေက လွဲရင် ဒီလိုစာမျိုးတွေ လုံးဝမရေးဖူး ပါဘူး။ အခုလို ရေးနေတာ ဟာလည်း အစိုးရကို ဖားချင်လို့၊ ဒါမှမဟုတ် အခွင့်အရေး တစ်ခုခုကို မျှော်ကိုးလို့ လုံးဝမဟုတ်ပါဘူး။ ဘာမှ မရတဲ့အပြင် ဖုန်းကတ်ကုန်လို့ မိန်းမ ဂျီတွန်တာကို တောင် ခံရပါသေးတယ်။  အာဏာရှင် စနစ်ကို မုန်းတီး စက်ဆုပ်တဲ့ နေရာမှာလည်း အခုလက်ရှိ နိုင်ငံရေး လုပ်နေတဲ့ သူတွေထက် မသာရင် သာရှိမယ် မလျော့ပါဘူး။ 
ဒါပေမယ့်ဗျာ မြန်မာ့ တပ်မတော် ကိုတော့ မြန်မာ တစ်ယောက် အနေနဲ့ ဘယ်လိုမှ သူစိမ်းပြင်ပြင် သဘောထားလို့ မရဘူးဗျ။ တကယ်တော့ အာဏာရှင် စနစ်ဆိုတာ စိတ်ဓာတ်နဲ့ပဲ ဆိုင်တဲ့ကိစ္စပါ။ လူပုဂ္ဂိုလ်တွေ ၊ အဖွဲ့အစည်း တွေနဲ့ လုံးဝ မဆိုင်ပါဘူး။ အဘ မကောင်းတာနဲ့ သူ့မြေးကို အခြောက်တိုက် မုန်းနေလို့တော့ မရဘူး ထင်ပါတယ်။ ပြန်ကြည့်ရင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဟာလည်း လူထုအုံကြွမှု တစ်ခုတည်း ကြောင့် ပြောင်းလဲ သွားတာ မဟုတ်ပါဘူး။ မပြောင်းရင် မဖြစ်တော့ လို့ကို ပြောင်းသွား ရတာပါ။
အကြွေး ဗလပွနဲ့ ကူညီမဲ့သူ မရှိတဲ့ အိမ်ထောင်စု တစ်ခုမှာ ဘယ်သူမှ အိမ်ထောင် ဦးစီး ဖြစ်ချင်မှာ မဟုတ်ပါဘူး။ ဒီတော့ လက်ရှိ ဖြစ်နေတဲ့ အိမ်ထောင်ဦးစီး ဆိုတာကလည်း သူ့အကြောင်းနဲ့သူတော့ ရှိမှာပေါ့။ ဒါကို အညင်သာဆုံး နည်းလမ်း တွေနဲ့ ချဉ်းကပ် စေချင်ပါတယ်။ အစိုးရရယ် ၊ ပြည်သူရယ် ၊ တပ်မတော်ရယ် ၊ နိုင်ငံရေး အဖွဲ့တွေရယ် ဟောဒီ နိုင်ငံကြီးကို ဓာတ်တော်ပင့် သလို ညင်ညင်သာသာ တစ်လှမ်းချင်း ပင့်တင် နေကြတဲ့ အချိန်မှာ မီဒီယာ အသိုင်းအဝိုင်းက စိတ်ရှည် သည်းခံပြီး ဝိုင်းဝန်း ထိမ်းကျောင်း ပေးရမှာပါ။ ကျွန်တော့ တစ်ယောက် တည်းရဲ့ ခံစားချက်ကတော့.
အာဏာရှင် စနစ်ကို ဆန့်ကျင်ပါတယ်။
တပ်မတော်သား တွေကို လေးစားပါတယ်။
အမေစုနဲ့ လက်ရှိအစိုးရ သင့်မြတ်နေတာကို ဝမ်းသာပါတယ်။
ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် အစိုးရရဲ့ လုပ်ဆောင်ချက်မှန်သမျှ ထောက်ခံပါတယ်။ အခုဒီစာကို အချိန်ပေးဖတ်တဲ့ မိတ်ဆွေမှန်သမျှကို အထူး ကျေးဇူးတင်ပါတယ်။
ဇော်သစ်
မှတ်ချက်။ ။ လျှပ်စစ်မီးတွေ ခဏခဏ ပျက်နေပါတယ်။ တန်ဖိုးနည်း ဖုန်းတွေ အခုချိန်ထိ ထွက်မလာ သေးပါဘူး။ အဂတိ လိုက်စားမှုတွေ အခုချိန်ထိ ရှိနေတုန်းပါ။ လယ်မြေ ကိစ္စတွေလည်း ရှုပ်ထွေး နေတုန်းပါ။ ဒီလို ကိစ္စတွေ အတွက် ကျွန်တော် အစိုးရဘက်က လိုက်ပြီး လုံးဝ မရေးပါ။ ပြည်ထောင်စုကြီး မပြိုကွဲဖို့အတွက်ကတော့ အချက်အလက် မှန်တွေသာ ရပါစေ ခါးတောင်း မြောက်အောင် ကြိုက်ပြီး အော်ပဲ ဆဲရ ဆဲရ ကျွန်တော် ရေးပါမယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်