Pages

Thursday, January 16, 2014

ဘယ်သူ သမ္မတ လုပ်မလဲ

သမ္မတ ဆိုတာက နိုင်ငံတော် ရဲ့ အထွတ်အထိပ် ဆိုတော့ သမ္မတ ဖြစ်လို သူများ အစစ အရာရာ ကြိုတင် ဖြည့်ဆည်း ထားနိုင်လေ တိုင်းပြည် ဂုဏ် တက်နိုင်လေ လို့ ပြောရင် မှားမယ် မထင်။ အခုအခါ မှာ သမ္မတ ရာထူး အတွက် ရည်မှန်းချက် ထားပြီး နိုင်ငံရေး လုပ်နေသူ များ အလျှို အလျှို ပေါ်ပေါက် လာနေ ပါတယ်။ သမ္မတ ဖြစ်လို ကြောင်း လူသိ ရှင်ကြား ထုတ်ဖေါ် ပြောဆို သူများ ရှိကြ သလို လူမသိ သူမသိ ကြိတ်ပြီး ကြိုးစား နေကြ သူများလည်း ရှိမှာ မုချပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမိုကရေစီ စနစ်ကို ထူထောင် နေကြတဲ့ အခုလို ကာလမျိုး မှာ နိုင်ငံတော် ရဲ့ အထွတ် အထိပ် ရာထူး ကို ရယူလို ကြတယ် ဆိုတာ ကောင်းပါ တယ် လို့ ယေဘူယျ အားဖြင့် ပြောရ မှာပါပဲ။ သမ္မတ ဘယ်သူ ဖြစ်မလဲ ဆိုတဲ့ ကိစ္စ အပေါ် စိတ်ပါ ဝင်စားမှု ကလည်း ပြည်တွင်း ပြည်ပ မှာ တစ်နေ့ တစ်ခြား မြင့်တက် လာနေ ပါတယ်။ လူထု နဲ့ နိုင်ငံတကာ ကလည်း ဂရုတစိုက် စောင့်ကြည့် နေကြ ပါပြီ။

အာဏာရှင် ခေတ်လို မဟုတ်ဘဲ သမ္မတ ရာထူး ရရင် အမှန် တစ်ကယ် လူထုနဲ့ နိုင်ငံတော် အကျိုးကို သယ်ပိုး ရမယ် ဆိုတာ အခု သမ္မတ ရာထူး ရည်မှန်း ကြသူများ ရော အားလုံး သော နိုင်ငံရေး သမားများ ပါ သိရှိ နားလည် ကြပါတယ်။ ဒီတော့ အခု ခေတ်စနစ် ပြောင်းလာပြီး တဲ့ နောက် ပိုင်း သမ္မတ တာဝန် ထမ်းဆောင် လိုတယ် ဆိုတာ အာဏာ အတွက်၊ အခွင့်အရေး အတွက် တစ်နည်း အားဖြင့် လူထု ကို ဖိနှိပ်ပြီး ကိုယ်ကျိုး ရှာဖို့အတွက် မဟုတ်ဘူး ဆိုတာတော့ သမ္မတ ရာထူး ရည်မှန်း သူတို့ သိပြီး ဖြစ်မှာပါ။ သမ္မတ ဖြစ်ခဲ့ရင် တစ်ကယ် လည်း လူထု နဲ့ နိုင်ငံတော် အကျိုးကို ဦးလည် မသုံ ထမ်းရွက်ဖို့ ရည်မှန်း ထားတယ် လို့ မှတ်ယူ ရပါတယ်။ ဒီတော့ လူထု ကို နိုင်ငံတော် ကို အလုပ်အကျွေး ပြုချင် လို့ သမ္မတ ဖြစ်ချင် ကြတာမို့ ကြိုဆို ကြရမှာ ပါ။

ဒါပေမယ့် သမ္မတ လုပ်လို သူများ အပါအဝင် နိုင်ငံရေး သမား အားလုံး သတိပြုသင့် တာတွေ ရှိပါတယ်။ ဒီမိုကရေစီ ခေတ်မှာ နိုင်ငံတော် အကြီးအကဲ ဆိုတာက အကြွင်းမဲ့ အာဏာရှင် မဟုတ်ဘဲ တစ်ကယ်တမ်း က နိုင်ငံတော် နဲ့ လူထု ရဲ့ ကျေးကျွန် ဖြစ်တယ် ဆိုတာပါ။ နိုင်ငံတော် နဲ့ လူထု ကို အလုပ် အကျွေး ပြုခွင့် ရဖို့ ယှဉ်ပြိုင် ကြရတာ ဖြစ်ပါတယ်။ သမ္မတ တစ်ယောက် ဟာ နိုင်ငံတော် ရဲ့ အထွတ် အထိပ် ဖြစ်တာနဲ့ အညီ စံပြ ပုဂ္ဂိုလ် ဖြစ်ဖို့ လိုပါတယ်။ လူထု အတွက် အနစ်နာ ခံဖို့ ကိုယ်ကျိုး စွန့်ဖို့ လိုအပ် သလို မိမိ ရဲ့ ကိုယ်စွမ်း ကိုယ်စ ကို အစွမ်းကုန် မြှင့်တင်ဖို့ လိုအပ် ပါတယ်။ ရိုးသား ဖြောင့်မတ် ပြီး နှလုံးရည် ပြည့်ဝဖို့ လိုအပ် သလို အမြော် အမြင်၊ ဆင်ခြင်တုံ တရား တို့နဲ့ပြည့်စုံ ဖို့ လိုအပ် ပါတယ်။ အများ က လေးစား ကြည်ညို ချစ်ခင် တဲ့သူ ဖြစ်ဖို့ လိုအပ် သလို မိမိ ရဲ့ လုပ်ငန်း တာဝန် ကို ကောင်းစွာ စီမံ ဆောက်ရွက် နိုင်သူ ဖြစ်ဖို့လည်း လိုအပ် ပါတယ်။

သာမန်အားဖြင့် လူ ဆိုတာက အတ္တ ဗဟိုပြု တဲ့ သတ္တဝါ ဖြစ်ပါတယ်။ သာမန် လူ တစ်ယောက် အနေနဲ့ မိမိ အတ္တ အတွက်သာ ရှင်သန် တယ် ဆိုတာ ပြဿနာ သိပ်မရှိ လှပေမယ့် နိုင်ငံတော် အကြီးအကဲ တာဝန် ကို ယူမယ့် ပုဂ္ဂိုလ် များ ကတော့ အတ္တ ကို လျှော့နိုင် သမျှ လျှော့ချဖို့ လိုအပ် ပါတယ်။ မိမိ အတ္တ ကို မလျှော့ နိုင်ဘဲ နဲ့ နိုင်ငံတော် အကြီးအကဲ တာဝန် ကို ဘယ်သူ မှ အောင်မြင် အောင် ထမ်းဆောင် နိုင်မှာ မဟုတ် ပါဘူး။ အာဏာရှင် ခေတ် မဟုတ်တော့ တာနဲ့ အညီ သမ္မတ တစ်ယောက် ရဲ့ လုပ်ရပ် မှန်သမျှ ဟာ အားလုံး ရဲ့ စောင့်ကြည့် အကဲ ဖြတ်မှု ၊ ဝေ ဖန်မှု နဲ့ ဘယ်တော့ မှ လွတ်ကင်း ဖို့ မရှိ ပါဘူး။ စေတနာ မှန်နဲ့ မဆောင်ရွက် နိုင်ဘူး၊ အရည်အသွေး ကလည်း ပြည့်မီခြင်း မရှိဘူး၊ အာဏာ ရှင် ဆန်ဆန် လည်း လုပ်တတ် ကိုင်တတ် တဲ့ အကျင့် စွဲတယ် ဆိုရင် အဲဒီ သမ္မတ ဟာ ဘယ်တော့ မှ တာဝန် ကို ကျေပွန်အောင် ထမ်းဆောင် နိုင်ဖို့ မလွယ် ပါဘူး။ နိုင်ငံ အတွက် လည်း အခက်အခဲ တွေ ပြဿနာ တွေနဲ့ ရင်ဆိုင် ရနိုင် ပါတယ်။ ဒီမိုကရေစီ ထူထောင် ဖို့ ကြိုးစား ခါစ အခု လို အချိန်မျိုး မှာ ပိုအရေးကြီး ပါတယ်။ မှတ်ကျောက် အတင်ခံ ရဲတဲ့ လိပ်ပြာမျိုး ကို ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်များ သာ နိုင်ငံတော် အကြီး အကဲ ရာထူး ကို မှန်းသင့်တာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ပါတီများ ကလည်း ဂရု တစိုက် သေသေ ချာချာ ရွေးချယ် ဖို့ လိုအပ် ပါတယ်။

အာဏာရှင် ခေတ်က လွတ်မြောက် စ လူ့ဘောင် အဖွဲ့အစည်း တစ်ခု ကို အဆင့် မြှင့်တင် ဖို့ အတွက် တတ်စွမ်း သမျှ ထမ်းရွက် ကြတာ ဖြစ်လို့ နိုင်ငံရေး လောက မှာ ရှိတဲ့ သူများ ဟာ ယျေဘူယျ အားဖြင့် ဂုဏ်ပြု ရမယ့် သူများ ပါ။ ခေတ်ပြောင်း စနစ် ပြောင်း ကာလမှာ နိုင်ငံ တာဝန် ထမ်းတယ် နိုင်ငံရေး လုပ်တယ် ဆိုတာ ခေတ်ကောင်း စနစ် ကောင်း မှာ နိုင်ငံရေး လုပ်ရတာ ထက် ပို ခက်ခဲ ပါတယ်။ စေတနာ မပါဘဲ နဲ့လည်း ရေရှည် လုပ်နိုင် ဖို့ မလွယ်တာ ကြောင့် တစ်ကယ် တမ်း ရေ ရှည် လုပ်နိုင် တဲ့ သူ ကိုယ်ကျိုး မကြည့် တဲ့ သူများ ကို အားလုံး က လေးစား ဂုဏ်ပြု ကြမှာပါ။ နိုင်ငံရေး ခေတ်က အခု မှ ပြန်စတာ လို့ ပြောလို့ ရပါ တယ်။ ရေရှည် မှာ ဘယ်သူတွေ က ဘယ်လောက် လုပ်နိုင်မယ် ဘယ် သူ တွေက နိုင်ငံရေး နယ်ပယ် ထဲကနေ ထွက်ပြေး ကြမယ် ဆိုတာ ဘယ်သူမှ တပ်အပ် သေချာ မပြောနိုင် ပါဘူး။ အတိုက် အခံ ဘက်မှာ ရော အာဏာရ ပါတီ ဘက်မှာ ပါ စေတနာ မှန်သူ မမှန် သူ၊ ရိုးသား သူ မရိုးသား သူ၊ အရည် အချင်း ပြည့်မီသူ မပြည့်မီ သူ ဆိုတာ ရှိမှာ ပါ အစိုးရ သက်တမ်း နှစ်ခု လောက် အတွင်းမှာ နိုင်ငံရေး သမားကောင်း တွေကို မှတ်ကျောက် တင်ပေး နိုင် ပါလိမ့်မယ်။ အခွင့် အရေး ယူမရ ကိုယ်ကျိုး ရှာ လို့ မရနိုင်တာ ကြောင့် အဆင့် မမီတဲ့ သူတွေ လည်း ဒီသက်တမ်း နှစ်ခု လောက်တွင်း မှာပဲ တော်တော် များများ နိုင်ငံရေး ထဲ ကနေ ထွက် ကုန် ကြ ပါလိမ့်မယ်။ အရေးကြီး တာက ဒီမိုကရေစီ မခိုင် မာခင် မပျက်စီး ဖို့ပါ။ လမ်းချော် မသွား ဖို့ပါ။

အာဏာရ ပါတီ က ပို ဂရုစိုက် သင့်တယ် လို့ ယူဆ ပါတယ်။ တပ် က လူဟောင်းတွေ အများစု နဲ့ ဖွဲ့စည်း ထားတဲ့ ပါတီ ဖြစ်ပြီး ဒီမိုကရက် အဖြစ် လေ့ကျင့် နေကြ ရတာ ချင်း အတူတူ စစ်သား တွေက အရပ်သား ထက် ပို ခဲရာ ခဲဆစ် လုပ်ရမယ် ဆို တာ ပြောစရာ လိုမယ် မထင်ပါ။ အခု အပြောင်း အလဲ ဟာ အလွန် ညင်သာပြီး ပြည်တွင်း ပြည်ပ က လက်ခံ အသိ အမှတ် ပြု ခဲ့ ကြတယ် ဆိုတာ အာဏာရ ပါတီဝင် တွေ အား လုံး က တော်လွန်း လို့ မဟုတ် ပါဘူး။ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခြင်းခံရ တဲ့ ပုဂ္ဂိုလ် ရဲ့ ပုံရိပ် ကောင်းမှု ၊အရည် အချင်း ပြည့်မီမှု၊ သမ္မတ တာဝန် နဲ့ ထိုက်တန်မှု တို့ကြောင့် သာ ဖြစ်ပါ တယ်။ပြဿနာ တွေ အခက်အခဲ တွေ အားနည်း ချက် တွေ အမြောက် အများ ရှိနေတာ မှန်ပေမယ့် နှစ် ငါးဆယ် အာဏာရှင် စနစ် ကြီးစိုး ခဲ့တဲ့ နိုင်ငံ တစ်ခု ကို အခုလို တည်တည် ငြိမ်ငြိမ် နဲ့ လမ်းကြောင်း မှန်ပေါ်မှာ ထိန်းထား နိုင်ဖို့ ဆိုတာ အရည် အသွေး နဲ့ စေတနာ မရှိရင် ဘယ်လိုမှ မဖြစ်နိုင် ဘူး ဆိုတာ ငြင်းလို့ မရပါ။ မြန်မာ့ နိုင်ငံရေး လောက မှာ ခေါင်းဆောင် ကောင်း ရှားပါး တာနဲ့အညီ ပေါ်ပေါက် လာတဲ့ ခေါင်းဆောင် တစ်ယောက် ကို တန်ဖိုးထား ကြ ရပါ မယ်။ အသိအမှတ် ပြုကြ ရပါ တယ်။ အာဏာရ ပါတီ အနေနဲ့ လည်း လက်ရှိ သမ္မတ ရဲ့ တန်ဖိုး ကို မှန်မှန် ကန်ကန် ရှုမြင်ပြီး ခေါင်းဆောင် ကောင်း တစ်ယောက် ကို တစ်နည်းနည်း နဲ့ တာဝန် ထမ်း ဆောင် နိုင်ဖို့ ကြိုးပမ်း လုပ်ဆောင် သင့် ပါတယ်။ ပါတီ ရဲ့ ပုံရိပ် ကို မြှင့်တင် နိုင်ဖို့ လက်ရှိ သမ္မတ ရဲ့ စွမ်းဆောင် နိုင်မှု ကို လက်မလွှတ် သင့် ပါဘူး။ နိုင်ငံတော အကြီးအကဲ နေရာ ကို ရယူ တဲ့ ပုဂ္ဂိုလ် ဟာ ကိုယ်ကျင့် သိက္ခာ ရှိပြီး နိုင်ငံတော် နဲ့ လူထု အပေါ် စိတ် သဘောထား မှန်ကန် တယ် လို့ အများ က ယူဆနိုင် လောက် အောင် လိပ်ပြာသန့် သူ ဖြစ်နေတာ ကြောင့် နိုင်ငံ တကာ က အရင် အစိုးရ ပေါ် မြင်ခဲ့တဲ့ အမြင် တွေ ပါ ပြောင်းပြန် လှန်ပြီး ကျွန်တော် တို့ နိုင်ငံ ရဲ့ နိုင်ငံရေး ကို ကောင်းသထက် ကောင်းအောင် ပံ့ပိုး ကူညီ ကြတာ ဖြစ်ပါတယ်။ အာဏာရ ပါတီ အပေါ် အပြစ်တင် မှုများ ရပ်တန့် သွားတာ ဖြစ် ပါတယ်။

၂၀၁၅ မှာ ဘယ်သူ သမ္မတ ဖြစ်မယ် ပြောလို့ မရသေး ပါဘူး။ အခြေခံ ဥပဒေ ကို ဘယ်လောက် အတိုင်း အတာ ထိ ပြင်လို့ ရမယ် ဆိုတဲ့ အပေါ်မှာ လည်း မူတည် နေပါ တယ်။၂၀၁၅ အလွန် မှာ တစ်နည်း အား ဖြင့် နောက်ထပ် တာဝန် ယူမယ့် သမ္မတ လက်ထက် မှာ နိုင်ငံ နဲ့ လူထု လည်း နေ့ချင်း ညချင်း ကြီးပွား ချမ်းသာ သွားဖို့ မဖြစ်နိုင် သေး ပေမယ့် လူထု နဲ့ နိုင်ငံ တကာ က ၂၀၁၅ မှာ တက်လာ မယ့် အစိုးရ ကို အများ ကြီး မျှော်လင့် နေကြပြီ ဖြစ်တယ် ဆိုတာ ကို ပါတီ များ နဲ့ သမ္မတ ရာထူး ရည်မှန်း ကြသူများ အနေ နဲ့ ထည့် သွင်း စဉ်းစား ဖို့ လိုပါ လိမ့် မယ်။ နိုင်ငံတော် အကြီးအကဲ တာဝန် ယူပြီး နိုင်ငံ နဲ့ လူထု အကျိုး ကို သယ်ပိုး လိုတာ ကောင်းတယ် လို့ပြောလို့ ရပေ မယ့် မိမိ ဘာသာ မေးခွန်း ထုတ်ကြ ဖို့ လည်း သင့်ပါ တယ်။ မိမိ ရဲ့ စွမ်းဆောင်ရည် ကို စိတ်ချ ရဲ့လား၊ အများ က လေးစား ကြည်ညို နိုင်ပါ့ မလား၊ ၂၀၁၅ အလွန် မှာ အခုထက် ပိုမို များပြား လာမယ့် စိန်ခေါ်မှုများ ကို ဖြေရှင်း ကျော်လွှား နိုင်တဲ့ အရည် အချင်း ရှိရဲ့လား၊ နိုင်ငံရေး စီးပွားရေး ပညာရေး လူမှုရေး ယဉ်ကျေးမှု စတဲ့ ကဏ္ဍ အားလုံး ကို လက်ရှိ အခြေအနေ ထက် မြင့်မား အောင် စွမ်းဆောင် နိုင်ပါ့ မလား မိမိ ဖာသာ ဆန်းစစ် သင့် ပါတယ်။

သမ္မတ ဆိုတဲ့ ဂုဏ်ပုဒ် ကို လိုချင်စိတ် တစ်ခုနဲ့ တော့ မရည်မှန်း သင့်ပါ။ ၂၀၁၅ မှာ သမ္မတ တာဝန် ယူမယ့် ပုဂ္ဂိုလ် ဟာ အမှန် တစ်ကယ် စိတ် စေတနာ မှန်ကန်ပြီး ကိုယ်ရည် ကိုယ်သွေး လည်း ပြည့်ဝ ခဲ့ရင် နိုင်ငံတော် နဲ့ လူထု ရဲ့ ကံကြမ္မာ ကို တစ်ဆစ်ချိုး ပြောင်းလဲ ပေးနိုင်မှာ ဖြစ်ပါ တယ်။ ရာဇဝင် သမိုင်းမှာ လည်း မော်ကွန်း တင် ကျန်ရစ် မှာ မုချပါ။ ဒီလိုမှ မဟုတ် လို့ စိန်ခေါ်မှု များ ကို ရင်ဆိုင် ကျော်လွှား နိုင်ခြင်း မရှိခဲ့ရင်၊ ဒီမိုကရေစီ ကို အစိုးရ ပထမ သက်တမ်း ကာလ ကထက် မြှင့်တင် ပေးနိုင် ခြင်း မရှိခဲ့ ရင် မြန်မာ လူထု ရဲ့ မျှော်လင့် ချက် အိပ်မက် တို့ကို ဖျက် ဆီး သူ အဖြစ် အများ ရဲ့ မုန်းတီးမှု၊ ပြစ်တင် ဝေဖန်မှု တို့ကို မလွဲမသွေ ရင်ဆိုင် ရမှာ ပါ။

ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲ အလွန်မှာ ဒီမိုကရေစီ ခရီးရှည် ကို တည်တည် ငြိမ်ငြိမ် နဲ့ဆက်လက် ချီတက် နိုင်ဖို့ အစိုးရ သစ် နဲ့ နိုင်ငံတော် ကို ဦးဆောင် မယ့် ပုဂ္ဂိုလ် ကို မှန်ကန်စွာ ရွေးချယ် တင်မြှောက် နိုင်ဖို့ ဟာ အလွန် အရေးကြီး တဲ့ ကိစ္စ ဖြစ်တာ ကြောင့် သမ္မတ ရာထူး ရည်မှန်း ကြသူများ နဲ့ တကွ သက်ဆိုင်ရာ နိုင်ငံရေး ပါတီများ အနေနဲ့ အထူး တလည် အလေး ဂရုပြု ဆောင်ရွက် သင့်ပါ ကြောင်း လူထု နဲ့ နိုင်ငံတော် အကျိုး ကို မျှော်လျက် လေးစားစွာ တင်ပြ လိုက်ရ ပါကြောင်း။

ပိုက်တင် - ပြည်သူ့ခေတ် ဂျာနယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်