Pages

Thursday, January 16, 2014

ထိုင်းရောက် ယာယီ ပတ်စ်ပို့ ကိုင် လေးနှစ် ပြည့် လုပ်သားများ အား နိုင်ငံကူး လက်မှတ် ပြောင်းလဲ ပေးမည်

ထိုင်း နိုင်ငံ သွားရောက် လုပ်ကိုင် နေပြီး ယာယီ ပတ်စ်ပို့ ကိုင်ဆောင် ထားသည့် လေးနှစ် ပြည့် လုပ်သားများ အား နိုင်ငံကူး လက်မှတ် ပြောင်းလဲ ပေးမည့် အစီအစဉ် ကို ပြုလုပ် ပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း အလုပ် သမား၊ အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦး က ပြောသည်။ အဆိုပါ အစီအစဉ် အား ဖေဖော်ဝါရီ တွင် လုပ်ဆောင် နိုင်ရန် ဆွေးနွေး ကြိုးပမ်း လျက် ရှိပြီး ထိုင်း နိုင်ငံ အတွင်း ပဋိပက္ခ များ ပြေလည် သွားပါက တိကျသော အချိန်ကို ပြောနိုင် မည် ဖြစ်ကြောင်း နှင့် စတင် ဖွင့်လှစ် ဖြစ်ပါက ထိုင်း - မြန်မာ နယ်စပ် စခန်း များ ဖြစ်သည့် ရနောင်း၊ မဲဆောက်၊ မယ်ဆိုင် နှင့် ယူရွန် တို့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။ ယင်း နှင့် ပတ်သက်ပြီး အေဂျင်စီ အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင် က “ဝန်ကြီး ဌာန နဲ့ ထိုင်း နိုင်ငံက တာဝန် ရှိသူတွေ တွေ့ဆုံ တဲ့နေ့ က နှစ်ဖက် အစိုးရ အဖွဲ့ဝင် တွေ လေးနှစ် ပြည့် ထိုင်း နိုင်ငံ ရောက် မြန်မာ လုပ်သား တွေရဲ့ ခရမ်း ရောင် ယာယီ ပတ်စ်ပို့ ကနေ အနီရောင် ပတ်စ်ပို့စ် ပြောင်းဖို့ ကိစ္စ ကို ဖေဖော်ဝါရီ လ ထဲ စတင် ပြုလုပ်မယ် လို့ အကြမ်း ဖျင်း ပြောထား တယ်” ဟု ပြော သည်။

အချိန်အား ယာယီ သတ်မှတ် ရခြင်း မှာ ထိုင်း နိုင်ငံ တွင် ဖြစ်ပေါ် နေသော ပြည်တွင်း ရေး ပဋိပက္ခ များ ကြောင့် ဖြစ်ကြောင်း၊ ယင်းသို့ ပတ်ပို့ ပြောင်းခြင်း အစီအစဉ် တစ်နေရာ တည်း အပြီး ဝန်ဆောင်မှု စနစ် (One Stop Services) အား ထိုင်း မြန်မာ နယ်စပ် ထိုင်း ဘက်ခြမ်း နေရာ လေးခု တွင် လုပ် ဆောင် ပေးရန် သဘော တူညီချက် ရထား ကြောင်း နှင့် တရား မဝင် လုပ်သား များ လည်း အထောက် အထား အပြည့် အစုံ ရှိပါက ပတ်စ်ပို့ ထုတ်ပေးရန် ပါ ဆွေးနွေး သဘောတူ ထားကြောင်း ပြောသည်။ ဦးမင်းလှိုင် က “ဆွေးနွေး တဲ့ နေ့တုန်း က မဲဆောက် အပါ အဝင် နေရာ လေးခု ကို အတည် ပြု သတ် မှတ် ထားတယ်။ တရား မဝင် လုပ်သား တွေ ကျတော့ အချက် အလက် အထောက် အထား အပြည့် အစုံ တင်ပြ နိုင်ရင် ခရမ်း ရောင် မဟုတ် ဘဲ တစ်ခါ တည်း အနီရောင် ပတ်စ်ပို့ ပြောင်းပေး မှာ ဖြစ်တယ်” ဟု ပြောသည်။ ထိုင်း နိုင်ငံ ဘန်ကောက် မြို့ တွင် လက် ရှိ ဖြစ်ပေါ် နေသော ဆန္ဒ ထုတ်ဖော် မှုများ ကြောင့် ဘန်ကောက် မြို့ပေါ် ရှိ လုပ်ငန်း ဆောင်တာ များ ရပ်နား ထားရခြင်း များ ရှိကြောင်း၊ ယခင် က ဒီဇင်ဘာ လ တွင် ပြုလုပ် ပေးမည် ဆိုသော် လည်း ပဋိပက္ခ များ စတင် ပေါ်ပေါက် ခဲ့သည့် အတွက် ထပ်မံ ရွှေ့ပြောင်း ထားရ ခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်း လုပ်သား အရေး ဆောင်ရွက် သူများ က ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်း(မ်) ဂျာနယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်