Pages

Thursday, January 16, 2014

(၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ




မြန်မာ နိုင်ငံက ပထမ အကြိမ်မြောက် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် ရရှိသည့် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်း တွင် ဇန်နဝါရီ (၁၄) ရက်နေ့ ညနေပိုင်း က စည်ကား သိုက်မြိုက် စွာ ဆင်နွှဲ ကျင်းပ ခဲ့သည်။ ယခု (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကြီး ကို (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကြီး အောင်မြင်စွာ ကျင်းပ ပြီးနောက် သုံးပတ် အကြာ တွင် အိမ်ရှင် အဖြစ် ထပ်မံ ကျင်းပ နိုင်ခြင်း ဖြစ်သည်။

ဤ ပြိုင်ပွဲကြီး ကို ချစ်ခင် ရင်းနှီးမှု၊ တန်းတူ ညီမျှ ရှိမှုနှင့် စုစည်း ညီညွတ်မှု တို့ အတွက် ရည်ရွယ် ကျင်းပခြင်း၊ ဖြစ်ပြီး တစ်နည်း ဆိုရသော် နိုင်ငံသား အချင်းချင်း ချစ်ခင် ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှုနှင့် မသန်စွမ်း အားကစား သမားများ ၏ အခွင့် အရေး တန်းတူ ရရှိမှုကို ဖော်ထုတ် ပြသ သည့် ပွဲလည်းဖြစ်သည်။ တစ်နည်း ဆိုရလျှင် အရှေ့တောင် အာရှ နိုင်ငံများ ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူဝါဒ ကို ဖော်ဆောင် ခြင်း ဖြစ် သကဲ့သို့ အားကစား ပြိုင်ပွဲ များ ဖြစ်သည်နှင့် အညီ အရှေ့တောင် အာရှ နိုင်ငံများ ၏ အားကစား စိတ်ဓာတ်၊ အားကစား အရည် အသွေး နှင့် ဂုဏ်သိက္ခာ များ ကို ဖော်ထုတ် ပြသသည့် ပွဲလည်း ဖြစ်သည်။

ဖွင့်ပွဲ အခမ်းအနားကို အစီအစဉ် (၁၅) ခုဖြင့် ပြုလုပ် ခဲ့ပြီး ၎င်း အစီအစဉ်များ မတိုင်မီ တေးသံသာ များဖြင့် သီဆို ဖျော်ဖြေ ကြသည်။ ဖျော်ဖြေရေး အစီအစဉ် တွင် တေးဆို ဦးကျော်ဆွေ နှင့် ခိုင်သဇင်သင်း တို့က “ပွဲပျော်ဒိုး”၊ ကြည့်မြင်တိုင် မျက်မမြင် ကျောင်းမှ ကျောင်းသား ကျောင်းသူ များက “စွမ်းစွမ်း တမံ အာဆီယံ”၊ တေးသံရှင် ခေမီကို က “ရောင်စုံ ရောင်ဝါ”၊ တေးသံရှင် စိုးမိုးထက် က “It Means To All”၊ တေးသံရှင် စိုးပြည့် သဇင် က “ချစ်သူ ရွေးမယ်”၊ ခဝဲခြံ မျက်မမြင် ကျောင်းမှ ကျောင်းသား ကျောင်းသူ များက “ ကမ္ပည်းသစ် သမိုင်းသစ်”၊ တေးသံရှင် နန်းဆု ရတီစိုး က “ရှေ့ဆက် သွားမှာပဲ”၊ တေးသံရှင် ဆလိုင်း၊ အိမ့်ချစ် နှင့် ကေကေမိုး တို့က “လာပါ လာပါ”၊ တေးသံရှင် စန္ဒီမြင့်လွင် က “အနားနား ရှိတဲ့ အခိုက်” နှင့် တေးသံရှင် ဖရက် နှင့် ဒီကာ တို့က “အာဆီယံ ပါရာဂိမ်း” တေး သီချင်းများ ကို ဖျော်ဖြေရေး စင်မြင့် ၌ သီဆို ဖျော်ဖြေ တင်ဆက် ကြသည်။

အခမ်းအနား သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း၊ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဇနီး ဒေါ်နန်းရွှေမှုန်၊ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် ဇနီး ဒေါ်ခင်လေးသက်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီဝင် များ၊ အာဆီယံ အတွင်း ရေးမှူးချုပ် မစ္စတာ လီယောင်မင်၊ အာဆီယံ နိုင်ငံများ မှ သံအမတ်ကြီး များ၊ အာဆီယံ မသန်စွမ်း အားကစား အဖွဲ့ချုပ် မှ ဥက္ကဋ္ဌ နှင့် တာဝန် ရှိသူများ၊ အာဆီယံ ဒေသ တွင်း ပြိုင်ပွဲဝင် နိုင်ငံများ မှ အုပ်ချုပ် သူ၊ နည်းပြ နှင့် အားကစား သမား များ၊ ဧည့် ပရိသတ်များ၊ မီဒီယာ များ၊ ဆက်ဆံ ရေး အရာရှိ များနှင့် လုပ်အားပေး လူငယ်များ၊ ဖွင့်ပွဲ အခမ်းအနား ကြီး ကို နိုင်ငံ တကာ နှင့် ရင်ပေါင် တန်းပြီး ကြီးကျယ် ခမ်းနားအောင် တာဝန်ယူ ပေးသော ပြည်တွင်း ပြည်ပ အသိ ပညာရှင်၊ အတတ် ပညာရှင် များ နှင့် ဖိတ်ကြား ထားသူ များ စုစုပေါင်း (၂၀၀၀၀) ကျော် တက်ရောက် အားပေး ကြသည်။

ဖွင့်ပွဲ အခမ်းအနား ကို ပြုလုပ်ရာ တွင် ကွင်း အတွင်း စင်မြင့်ထက်မှ LED Board ၌ အမှတ်စဉ် တစ်ဆယ် မှ တစ်အထိ ရေတွက် စတင်ပြီး မီးရှူး မီးပန်းများ ဂုဏ်ပြု ပစ်ဖောက် ကြသည်။ အမှတ်စဉ် ရေတွက်မှု မပြုမီ အနက် ရောင် ဝတ်စုံပြည့် ဝတ်ဆင် ထားသော ကျောင်းသား (၁၂၀၀) ကျော် တို့က ဓာတ်မီး များ အသုံးပြု၍ LED Board ၌ ဂဏန်း ရေတွက်မှု အတိုင်း ပုံစံ ပြောင်းခြင်း၊ မီးရှူး မီးပန်း ပစ်လွှတ် သည်နှင့် တစ်ချိန် တည်း တွင် မီးပန်းများ အသုံးပြု ၍ ASEAN PARA GAMES စာတန်း ပုံစံ ကို ပုံဖော်ခြင်း တို့ကို ပြသ ကြသည်။

ဖွင့်ပွဲ အခမ်းအနား စတင်ပြီး ချိန်တွင် မြန်မာ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တွင် ရွှေတံဆိပ် ဆု ရရှိ ခဲ့သည့် အမျိုးသမီး ငယ်လေး များ၏ ဆိုင်းဝိုင်း၊ ကြည့်မြင်တိုင် မျက်မမြင် ဆိုင်းဝိုင်း နှင့် တယော တူရိယာ တီးဝိုင်း တို့ဖြင့် အလှဆင် ယာဉ်များ ပေါ်မှ ဖျော်ဖြေ တင်ဆက် ကြသည်။ ထို့နောက် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အလံ၊ ASEAN Para Sports Federation အလံ နှင့် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ မြန်မာ အလံ တို့ကို လွှင့်တင် သည်။ ဆက်လက် ၍ အလံကိုင် တပ်ဖွဲ့ နှင့် အတူ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နှင့် မြန်မာ နိုင်ငံ တို့မှ အားကစား သမားများ က အစဉ်လိုက် ချီတက်ကာ ကွင်း အတွင်း နေရာယူ ကြ သည်။

ယခု အားကစား ပြိုင်ပွဲ တွင် ဘရူနိုင်း နိုင်ငံမှ (၄၈) ဦး၊ ကမ္ဘောဒီးယား နိုင်ငံမှ (၃၂) ဦး၊ အင်ဒိုနီးရှား နိုင်ငံမှ (၁၉၅) ဦး၊ လာအို နိုင်ငံမှ (၄၈) ဦး၊ မလေးရှား နိုင်ငံမှ (၂၃၂) ဦး၊ ဖိလစ်ပိုင် နိုင်ငံ မှ (၇၉) ဦး၊ စင်ကာပူ နိုင်ငံ မှ (၈၈)ဦး၊ ထိုင်း နိုင်ငံမှ (၃၂၃) ဦး၊ ဗီယက်နမ် နိုင်ငံ မှ (၁၆၈) ဦး၊ မြန်မာ နိုင်ငံ မှ (၂၆၉) ဦး စုစုပေါင်း (၁၄၈၂) ဦး ပါဝင် ကြသည်။

ယင်းနောက် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း က ပွဲတော် ဆိုင်ရာ များကို တင်ပြ သည်။ ထိုသို့ ပြောကြားရာ တွင် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကို ကျင်းပ ခြင်း သည် နိုင်ငံတော် ၏ ဂုဏ် သိက္ခာ မြင့်မားရေး တစ်ခု တည်း အတွက် ရည်ရွယ်ပြီး ကျင်းပ ခြင်း သက်သက် မဟုတ် ဘဲ လူ့ဘောင် အဖွဲ့ အစည်း အတွင်း မသန်စွမ်း သူများ ကို လည်း တန်းတူ အခွင့်အရေး ပေးခြင်း၊ ကိုယ်ချင်း စာနာ စိတ် ထားရှိခြင်း၊ အားကစား ဖြင့် အာဆီယံ ဒေသ အတွင်း မသန်စွမ်း သူများ အကြား ချစ်ခင် ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက် မှုများ တိုးပွား လာ စေခြင်း၊ ထိုမှ တစ်ဆင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အကြား အပြန် အလှန် ယုံကြည်မှု နှင့် အတူ မသန်စွမ်း သူ လူ့ အဖွဲ့ အစည်း နှင့် လူနေမှု အဆင့် အတန်း မြင့်မားရေး အတွက် ပါ ပူးပေါင်း ဆောင်ရွက် နိုင်မည် ဖြစ်၍ တိုင်းပြည် ၏ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက်ကိုပါ တစ်ဖက် တစ်လမ်း က အထောက် အကူ ပြုစေမည် ဖြစ်ပါ ကြောင်း။

ဤ အားကစား ပြိုင်ပွဲ များကြောင့် မသန်စွမ်း သူများ ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ကျန်းမာ ကြံ့ခိုင်ရေး အပိုင်းများ ကိုပါ တိုးတက် လာစေပြီး လူ့ အဖွဲ့ အစည်း အတွင်း မသန်စွမ်း သူများကို ကိုယ်ချင်းစာ နားလည် ချစ်ခင် စေခြင်း နှင့် ညီတူ ညီမျှ ဆက်ဆံ ပြုမူခြင်း အားဖြင့် စည်းလုံး ညီညွတ် သည့် လူမှု အဖွဲ့ အစည်း တစ်ရပ် ပေါ်ထွက် လာစေရန် ရည်ရွယ် ချက် ထားရှိကာ (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ များ ကို ကျင်းပ မည် ဖြစ်ပါ ကြောင်းဖြင့် တင်ပြ ခဲ့သည်။

ထို့နောက် နိုင်ငံတော် သမ္မတ ကိုယ်စား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က မြန်မာ နိုင်ငံ အနေဖြင့် စည်းကမ်း ပြည့်ဝ သော ဒီမို ကရေစီ နိုင်ငံတော် အဖြစ် စတင် လျှောက်လှမ်း နေသည့် ကာလ၊ အာဆီယံ အလှည့် ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ကာစ ကာလ တွင် ယခင်က (၄၄) နှစ်ကြာ မကျင်းပ နိုင်ခဲ့သော အရှေ့ တောင် အာရှ အားကစား ပြိုင်ပွဲ ကို နိုင်ငံ တကာ က အံ့ဩ ချီးကျူး ရလောက် အောင် အိမ်ရှင် အဖြစ် တရား မျှတ အောင်မြင် စွာ လက်ခံ ကျင်းပ အပြီး ယခု (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကြီး ကို အိမ်ရှင် အဖြစ် ဆက် လက် လက်ခံ ကျင်းပ ခြင်း ပင် ဖြစ်ပါကြောင်း။

ဤ ပြိုင်ပွဲ ကို ကျင်းပ ပြီးစီး ခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ အဆင့် အတန်း ထက် မနိမ့်ကျ အောင် ကျင်းပ နိုင်ရန် နှင့် မသန်စွမ်း သူများ အဆင်ပြေ အောင် တာဝန် ရှိသူ အားလုံးက အဘက်ဘက် မှ ကြိုးစား ပြင်ဆင် ဆောင်ရွက် ထားပြီး ဖြစ်ပါ ကြောင်း၊ ပြိုင်ပွဲ ကို လာရောက် ကြသည့် ဧည့်သည်တော် များ နှင့် အားကစား အဖွဲ့များ အားလုံး၊ ခေတ်မီ အားကစား အထောက် အကူ ပစ္စည်း များ တပ်ဆင် ထားသော နိုင်ငံ တကာ အဆင့်မီ အားကစား ကွင်းများ တွင် မိမိတို့ ကြိုးစား လေ့ကျင့် ထားသမျှ ကို ဖော်ထုတ် ပြသ ယှဉ်ပြိုင် ခွင့်၊ ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင် ပြိုင်ပွဲဝင် နိုင်ခွင့် ရရှိကြ တော့ မည် ဖြစ်ပါ ကြောင်း၊ မြန်မာ နိုင်ငံ၏ ရှည်လျား မြင့်မား သော သမိုင်း ကြောင်း အစဉ် အလာ များ၊ မြန်မာ လူမျိုး တို့၏ ဖော်ရွေ ယဉ်ကျေး မှုများ၊ မြန်မာ နိုင်ငံ၏ ပကတိ အခြေ အနေ မှန်များ နှင့် ဖွံ့ဖြိုး တိုးတက်မှု များကို မျက်မြင် လေ့လာ ခွင့် ရနိုင် တော့မည် ဖြစ်ပါကြောင်း။

မြန်မာ နိုင်ငံ အနေဖြင့် အကြောင်းကြောင်း ကြောင့် ကိုယ်အင်္ဂါ မသန်စွမ်း ကြသူများ ကို တန်းတူ ရည်တူ အခွင့်ရေး ပေးပြီး မသန် သော်လည်း စွမ်းဆောင် နိုင်ကြောင်း အခွင့် အလမ်းများ ပြသ နိုင်ရန် အတွက် အဘက်ဘက် မှ ဖန်တီး ပေးထားပြီး ဖြစ်၍ မြန်မာ နိုင်ငံရှိ မသန်စွမ်း သူများ ၏ အနုပညာ နယ်ပယ်၊ အားကစား နယ်ပယ် မှ ထူးချွန်မှု များကို တွေ့မြင် လေ့လာ ခွင့် ရရှိ ကြမည် ဖြစ်ပါ ကြောင်း။ ထို့ကြောင့် ပြိုင်ပွဲ ကို လာ ရောက် ကြသော ဧည့်သည် တော်များ အနေဖြင့် မြန်မာ နိုင်ငံ၏ ပကတိ အခြေ အနေ မှန်များ ကို လေ့လာ ဆန်းစစ် သွား ကြပါ။ ပြိုင်ပွဲ ကျင်းပ ရေး တာဝန် ရှိသူများ နှင့် ဒိုင် / ဂျူရီများ အနေဖြင့် အကောင်းဆုံး သူ ကိုသာ အနိုင် ရရှိ စေရေး၊ ဝိုင်းဝန်း ကြိုးစား ပေးကြ ပါ။ ပြိုင်ပွဲ ကို ဝင် ရောက် မည့် အားကစား အဖွဲ့ များ အနေဖြင့် "Friendship, Equality, Unity" ဆိုသည့် ပြိုင်ပွဲ ၏ ဆောင်ပုဒ် နှင့် အညီ အားကစား စိတ်ဓာတ် အပြည့် အဝ ဖြင့် ကြိုးစား ယှဉ်ပြိုင် သွားကြပါ၊ ပြိုင်ပွဲ ကို ကြည့်ရှု အားပေး ကြသည့် ပရိသတ် များ အနေ ဖြင့် မသန်စွမ်း သော်လည်း နိုင်ငံ့ ဂုဏ် ကို အားကစား ဖြင့် မြှင့်တင် ရန် ကြိုးစား နေကြသော အားကစား သမားများ ၏ မွန်မြတ်သော စိတ်ဓာတ် များ ကို အသိ အမှတ် ပြုသော အား ဖြင့် အင်တိုက် အားတိုက် အားပေး ကြပါ။ ပါဝင် ကြမည့် စေတနာ ရှင်၊ အလှူရှင် များ နှင့် Sponsor များ၊ လုပ်အား ပေး လူငယ် များ အနေဖြင့် ကိုယ်ချင်း စာနာ သော စိတ်ဖြင့် ကရုဏာ ထား၊ ဖေးမ ကူညီ ကြပါ။ မီဒီယာ များ အနေဖြင့် မသန် စွမ်း အားကစား သမား များ၏ အစွမ်း အစ များကို နိုင်ငံ တကာ က သိအောင် မိမိတို့ တတ်စွမ်း သော ပညာ ဖြင့် အစွမ်းကုန် ဖော်ထုတ် ပေးကြ ပါဟု တိုက်တွန်း နှိုးဆော် ရင်း “(၇) ကြိမ် မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ကို ယခု အချိန် ကစပြီး ဖွင့်လှစ် ပေးလိုက် သည်” ဟု ကြေညာရာ မီးရှူး မီးပန်း များ ဖြင့် ပစ်ဖောက် ဂုဏ်ပြု သည်။

ထို့နောက် အားကစား အဓိဋ္ဌာန် ပြု ကြရာ စားပွဲတင် တင်းနစ် အားကစား သမား ဦးမင်းမင်းဖြိုး က အားကစား သမား များ ကိုယ်စား နှင့် ဒိုင် လူကြီး ဒေါ်မြလေးဖြူ က ဒိုင် လူကြီး များနှင့် ပြိုင်ပွဲ ကြီးကြပ် သူများ ကိုယ်စား အာဆီယံ နိုင်ငံ အလံ များ ခြံရံ လျက် သတ်မှတ် စင်မြင့် ၌ အားကစား သစ္စာ အဓိဋ္ဌာန် ပြုခဲ့ ကြသည်။

ယင်းနောက် ASEAN Para Sports Federation ဥက္ကဋ္ဌ Mr. Dato Zainal Abu Zarin က ယခု ကျင်းပ သည့် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကြီး ကို ပြိုင်ပွဲ ကျင်းပရေး စည်းမျဉ်း နှင့် အညီ အားကစား နည်း (၁၂) မျိုး ကို ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ပါ ကြောင်း၊ ဤ အားကစား ပြိုင်ပွဲကြီး ကို ၂၀၀၁ ခုနှစ် တွင် မလေးရှား နိုင်ငံ၌ ပထမ အကြိမ် ကျင်းပ ခဲ့ ပါကြောင်း၊ အရှေ့ တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပ ပြီး သုံးပတ် အကြာ တွင် ကျင်းပ လေ့ ရှိပါကြောင်း၊ ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲ များ တွင်လည်း ဤ အစဉ် အလာ အတိုင်း ကျင်းပ ပါကြောင်း၊ အရှေ့တောင် အာရှ နိုင်ငံ များမှ အားကစား သမား (၁၄၀၀) ကျော် ပါဝင် ယှဉ်ပြိုင် သွားမည် ဖြစ်ပါ ကြောင်း၊ ပါဝင် ယှဉ်ပြိုင် ကြမည့် အားကစား သမား များ အနေဖြင့် မြန်မာ နိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ် က ချမှတ် ထားသော Friendship, Equality, Unity ဟူသည့် ဆောင်ပုဒ် နှင့် အညီ တရား မျှတ သန့်ရှင်းစွာ ပါဝင် ယှဉ်ပြိုင် သွားကြပါစို့ ဟု မှာကြား လိုပါ ကြောင်း ဖြင့် ကြိုဆို နှုတ်ခွန်း ဆက် စကား ပြောကြား ခဲ့သည်။

ယင်းနောက် မီးထွန်း ညှိတိုင် ကို နိုင်ငံတကာ မသန်စွမ်း အားကစား ပြိုင်ပွဲ များတွင် ရွှေ တံဆိပ် (၂) ခု၊ ငွေ တံဆိပ် (၂) ခု နှင့် ကြေး တံဆိပ် (၂) ခုရ ရှိခဲ့သည့် ဦးဇော်ဝင်း၊ နိုင်ငံတကာ မသန်စွမ်း အားကစား ပြိုင်ပွဲ များ တွင် ရွှေတံဆိပ် (၂) ခု၊ ငွေတံဆိပ် (၅) ခု နှင့် ကြေး တံဆိပ် (၃) ခု ရရှိ ခဲ့သည့် ဦးအေးလှိုင်၊ နိုင်ငံ တကာ မသန်စွမ်း အားကစား ပြိုင်ပွဲ များ တွင် ရွှေ တံဆိပ် (၁) ခု၊ ငွေ တံဆိပ် (၁) ခု နှင့် ကြေး တံဆိပ် (၁)ခု ရရှိ ခဲ့သည့် ဦးအေးကိုကို၊ နိုင်ငံ တကာ မသန်စွမ်း အားကစား ပြိုင်ပွဲ များတွင် ငွေတံဆိပ် (၂) ခုနှင့် ကြေး တံဆိပ် (၂) ခု ရရှိ ခဲ့သည့် ဦးတင်မြင့်၊ နိုင်ငံ တကာ မသန်စွမ်း ရေကူး အားကစား ပြိုင်ပွဲများ တွင် ရွှေတံဆိပ် (၃) ခု ရရှိ ခဲ့သည့် ဦးစိုးလွင်၊ နိုင်ငံ တကာ မသန်စွမ်း ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ များတွင် ငွေ တံဆိပ် (၁) ခု နှင့် ကြေး တံဆိပ် (၂) ခု ရရှိ ခဲ့သည့် ဦးခင်သန်းမောင်၊ နိုင်ငံ တကာ မသန်စွမ်း ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ များ တွင် ရွှေတံဆိပ် (၆) ခု၊ ငွေတံဆိပ် (၃) ခု နှင့် ကြေး တံဆိပ် (၂) ခု ရရှိ ခဲ့သည့် ဒေါ်ခင်ဖြူဝင်း၊ နိုင်ငံ တကာ မသန်စွမ်း ပြေးခုန် ပစ် အား ကစား ပြိုင်ပွဲ များ တွင် ရွှေ တံဆိပ် (၁) ခု၊ ငွေ တံဆိပ် (၄) ခုနှင့် ကြေး တံဆိပ် (၄) ခု ရရှိ ခဲ့သည့် ဦးဘုန်းကျော်၊ နိုင်ငံတကာ မသန်စွမ်း ပြေးခုန် ပစ် အားကစား ပြိုင်ပွဲ များတွင် ရွှေ တံဆိပ် (၄) ခုနှင့် ငွေ တံဆိပ် (၄) ခု ရရှိ ခဲ့သည့် ဒေါ်ညွန့်ညွန့်ဝင်း၊ နိုင်ငံ တကာ မသန်စွမ်း အားကစား ပြိုင်ပွဲ များတွင် ရွှေ တံဆိပ် (၁) ခု၊ ငွေ တံဆိပ် (၃) ခု နှင့် ကြေး တံဆိပ် (၁) ခု ရရှိ ခဲ့သည့် ဦးသန့်ဇင်၊ နိုင်ငံ တကာ မသန်စွမ်း ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ များတွင် ရွှေ တံဆိပ် (၁၁) ခု၊ ငွေ တံဆိပ် (၆) ခုနှင့် ကြေး တံဆိပ် (၁) ခု ရရှိ ခဲ့သည့် ဦးကျော်ခိုင် တို့က လက်ဆင့်ကမ်း သယ်ဆောင် ကြပြီး နိုင်ငံ တကာ မသန်စွမ်း အားကစား ပြိုင်ပွဲ များ တွင် ရွှေတံဆိပ် (၁၁) ခု၊ ငွေ တံဆိပ် (၄) ခုနှင့် ကြေး တံဆိပ် (၂) ခု ရရှိ ခဲ့သည့် ဦးတင်ငွေ က ပင်မ မီးရှူးတိုင် ကို လှံတံ ပစ်၍ မီးထွန်းညှိ ရာ မီးရှူး မီးပန်းများ ပစ်ဖောက် ကာ ဂုဏ်ပြု သည်။

ထို့နောက် နိုင်ငံတော် ဘင်ခရာ တပ်ဖွဲ့၊ အလံကိုင် တပ်ဖွဲ့နှင့် အားကစား သမားများ ကွင်း အတွင်းမှ ပြန်လည် ထွက်ခွာ ကြသည်။ ဆက်လက် ၍ ဆီမီး အလှ ခေတ် အင်းဝ၊ ပန်းရည် ဘဏ်တိုက်၊ ပြည်ထောင်စု ရဲ့ ထာဝရ အလှ များနှင့် မြန်မာ့ သိုင်း အစီအစဉ် များကို တေး သရုပ်ဖော် က ကွက် လှုပ်ရှား မှုများ ဖြင့် ပုံဖော် ဖျော်ဖြေ တင်ဆက် ပြီး ဖွင့်ပွဲ အခမ်း အနား ကို အောင်မြင်စွာ ဖြင့် ရုပ်သိမ်း ခဲ့သည်။

ဆီမီးအလှ ခေတ် အင်းဝ အစီအစဉ် တွင် ကပြ ဖျော်ဖြေသူ (၁၅၀) ပါဝင်ပြီး အင်းဝ ခေတ် ဆီမီးခွက် အက နှင့် ဒေသိယ ဆီမီး မျှောပွဲ အလှ တို့ ကို ကကြိုး ကကွက် များ ဖွဲ့သီကာ တင်ဆက် ခဲ့သည်။ ပန်းရည် ဘဏ်တိုက် အစီအစဉ် တွင် မေရီချက် (ပ) မင်း နားမကြား သော ကလေးများ ကျောင်းမှ ကျောင်းသား ကျောင်းသူ လေးများ နှင့် အနု ပညာရှင် များက ဖျော်ဖြေ တင်ဆက် ကြပြီး တေးသံရှင် ရွှန်းလဲ့အောင် က သီဆို ဖျော်ဖြေ သည်။ ထိုသို့ ဖျော်ဖြေ ရာတွင် ကျောင်းသား ကျောင်းသူ လေးများ မှာ ဂီတသံ ကို မခံစား၊ စည်းကို မကြား၊ ဝါးကို မသိ၊ အကြား အာရုံ ချို့တဲ့ ကြသော်လည်း စည်းကိုက်၊ ဝါးကိုက်၊ နရီ ကျကျ၊ လှပ ညီညာစွာ ကပြ ဖျော်ဖြေ ကြသည် ကို တွေ့ရသည်။

ပြည်ထောင်စု ရဲ့ ထာဝရ အလှများ အစီအစဉ် တွင် သရုပ်ဖော် တင်ဆက် သူ (၁၉၀) ကျော် ပါဝင်ပြီး မြန်မာ နိုင်ငံ အတွင်း တွင် လူမျိုး ပေါင်း (၁၀၀) ကျော် တို့ ဥမကွဲ သိုက် မပျက် စည်းလုံး ညီညွတ်စွာ အတူ လက်တွဲ နေထိုင် ပုံ၊ ပြည်ထောင်စု ကြီး ထာဝရ လှပ တည်တံ့ ခိုင်မြဲ မှု တို့ကို ဂုဏ်ပြု တင်ဆက် ခဲ့သည်။ မြန်မာ့သိုင်း အစီအစဉ်တွင် တင်ဆက် သူ (၂၀၀) ကျော် ပါဝင်ပြီး တုတ်သိုင်း၊ ဓားသိုင်း၊ လက်သိုင်း တို့ ပါဝင် သည့် မြန်မာ့ သိုင်း အတတ် ပညာ ကို ယဉ်ကျေး မှု အမွေ အနှစ် ပညာ ရပ် တစ်ခု အဖြစ် လက်ဆင့်ကမ်း အသုံးပြု ခဲ့ကာ စိတ်ဓာတ် ခွန်အား နိုးကြား စေပုံ ကို ပြသ ခဲ့သည်။

အားကစား ပြိုင်ပွဲ အားလုံး ကို ဇန်နဝါရီ (၂၀) ရက် အထိ နေပြည်တော် ၌ ကျင်းပမည် ဖြစ်ပြီး မြား ပစ်၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ စစ်တုရင်၊ ဘောလုံး (တစ်ဖက် ငါးယောက်)၊ ဘောလုံး (တစ်ဖက် ခုနစ် ယော က်)၊ ဂိုးလ်ဘော၊ အလေးမ၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ ထိုင်လျက် ဘော်လီဘော၊ ဘီးတပ် ဘတ်စကက် ဘော အားကစား နည်း များကို ထည့်သွင်း ကာ ရွှေတံဆိပ် (၃၃၉) ခု၊ ငွေတံဆိပ် (၃၃၉) ခုနှင့် ကြေးတံဆိပ် (၃၅၉) ခု ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်