Pages

Thursday, February 7, 2013

အောင်ပန်း ရိုးမဘဏ် ဖောက်ထွင်းခံရမှုနှင့်ပက်သက်ပြီးသတင်းအပြည့်စုံ


ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ရိုးမဘဏ်အတွင်း ဖောက်ထွင်းဝင်ရောက်ပြီး ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်နေသော ဘဏ်လုံခြုံရေးအား ဓားဖြင့်ထောက်၍ဘဏ်သော့တောင်းခဲ့သည့် ၁၉ နှစ်အရွယ် ဆယ်ကျော်သက် တဦးအား ဖမ်းဆီးတရားဆွဲဆိုထားကြောင်း သိရသည်။အောင်ပန်းမြို့နယ်ရဲစခန်းမှူး ဦးအောင်မင်းဦး ၏ ပြောကြားချက်အရ တရားခံသည် အေးသာယာ နည်း ပညာ တက္ကသိုလ်မှ ကိုဇာနည်ဦးဆိုသည့် ကျောင်းသားတဦးဖြစ်ကြောင်း၊ ရိုးမဘဏ်ကနေ တရားလိုပြု လုပ်ပြီး ပုဒ်မ ၃၉၂ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ တရားခံသည် ယနေ့နံနက် ၂နာရီခန့်တွင်ခြံစည်းရိုးအားကျော်တက်၍ ပွင့်နေသောဘဏ် ၏ နောက် တံခါးမှနေ အထဲသို့ဝင်သွားကြောင်း၊ ဘဏ်ပေါ်ထပ်ရှိအလူမီနီယံတံခါးများအား ၎င်းယူဆောင် လာသော ဓားမြှောင်ဖြင့်ဖွင့်၍ ၀င်ရောက်ရှာဖွေရာငွေမတွေ့ခြင်း ကြောင့် စတိုခန်းထဲမှ ကပ်ကြေးများကို ယူဆောင် က ဘဏ်အောက်ထက်ရှိ ငွေတိုက်အား ယင်းကိရိယာများဖြင့်ဖောက်ခြင်း ဖြစ်သည်။

ဝက်အူရစ်များအားဖြုတ်နိုင်ခဲ့သော်လည်း ငွေတိုက်အားဖောက်ဝင်နိုင်ခြင်းမရှိသည့်အတွက် ဘဏ်အနောက် ဖက် အစောင့် အိမ်ထဲတွင် ရှိနေသောလုံခြုံရေးအား ဓားဖြင့်ထောက်၍ ငွေတိုက်သော့တောင်းကြောင်း၊ ဓားလွတ် ကျသွားခဲ့သောကြောင့် လုံခြုံရေးက ပြန်လည်ခုခံသည့်အတွက် ထွက်ပြေးသွားခဲ့သည်။

" သူဘာမှရမသွားရှာပါဘူး စီမံဌာမှူးရုံးခန်းထဲက ပိုက်ဆံ ၁၇၀၀၀ဘဲရသွားတယ်၊ ဆိုင်ကယ်စီးချင်လို့ ဘဏ်တိုက်ဖောက် ရတာပါလို့ ၀န်ခံချက်ပေးထားပါတယ်၊ လူငယ်လေးတွေ ဒီလိုမျိုးဖြစ်ရတာစိတ် မကောင်း  ဘူး" ဟု စခန်းမှူး ဦးအောင်မင်းဦး ကဆိုသည်။

ထွက်ပြေးသွားသော တရားခံအား ဘဏ်ရှေ့ရှိ ဆိုင်ကယ်ကယ်ရီသမားများနှင့် ညဘက်ရဲလှည့်ကင်းများ ကနေ လိုက်လံဖမ်းစီးရာ ဘဏ်ထိပ်ကုန်းမြင့်ပေါ်တွင်ရှိသော ထော်လာဂျီပေါ်တွင်ပုန်းအောင်းနေခဲ့ကြောင်း၊ တဖန် ဘဏ်အောက် ဘက်သို့ ပြန်ပြေးဆင်းလာပြီး ကားလမ်းမအောက် ရှိ ရေသွယ်မြောင်း ထဲသို့   ၀င်သွား သည့် အတွက် အ၀နှစ်ဖက်အားပိတ်ဆို့ ပြီး ဖမ်းခဲ့ရကြောင်း သိရသည်။

" တရားခံလိုက်ဖမ်းပေးလိုက်တဲ့လူတွေကို ဘဏ်တွေကနေ ဆုချလိုက်တာ ၁၂ သိန်းခွဲလောက်ရသွား တယ်" ဟု အောင်ပန်းမြို့ ဈေးလူကြီးတဦးဖြစ်သူ ဦးမိုးကျော်ကပြောသည်။

ယင်းကဲ့သို့ ရိုးမဘဏ်အလွယ်တကူဖောက်ထွင်းခံလိုက်ရသည့်အတွက် ဘဏ်များအနေဖြင့် တုန်လှူပ်သွား ခဲ့ကြောင်း၊ ရိုးမဘဏ်၊ကမ္ဘောဇဘဏ်၊AGDဘဏ်၊CBဘဏ်နှင့်အခြားအဖွဲ့အစည်းများကနေ တရားခံဖမ်းပေး ခဲ့သူများအား မြို့နယ်ခမ်းမတွင် ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


From:ဧရာဝတီ

www.mmdailystar.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်