Pages

Thursday, February 7, 2013

ရ၀မ် လုမျိုးလည်း ကချင် လူမျိုးစုပါဘဲ ( ရ၀မ် အမျိုးသား တစ်ဦးရဲ့ ရင်ဖွင့်သံ )

ကျွန်တော်တို့ကချင်ပြည်နယ်မှာ ဂျိန်းဖော၊ လီဆူး၊ ရ၀မ်၊ လချိတ်၊ လဝော်နှင့် ဇိုင်ဝါးဆိုပြီး ကချင်လူမျိုးကြီး ၆ မျိုး စုစည်းနေထိုင်ကြပါတယ်။ ဒီလိုနေထိုင်ကြပေမယ့် လူမျိုး ၆ မျိုးထဲမှာ ဂျိန်းဖော လူမျိုးကတော့ အင်အားအကြီးဆုံးပါပဲ။ အင်အားကြီးရတဲ့အကြောင်းရင်းကလည်း KIA အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ အားလုံးက ဂျိန်းဖောတွေချည်း ဖြစ်နေလို့ပါပဲ။ KIA အဖွဲ့မှာ ကချင် တိုင်းရင်းသား ပေါင်းစုံပါဝင်ပေမယ့် ဂျိန်းဖောတွေပဲ နေရာကောင်းမှာ ခန့်အပ်ထားပါတယ်။ KIA က ကချင်ပြည်နယ်အတွက် ဆိုပေမယ့် တကယ်တန်းကျတော့ ကချင်လူမျိုးကောင်းစားရေး မဟုတ်ပါဘူး။
 
ဂျိန်းဖောတွေကောင်းစားဖို့ လုပ်နေ တာပဲ ဖြစ်ပါတယ်။ အစိုးရတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားချိန်မှာလည်း ဂျိန်းဖောလူမျိုး KIA တပ်သားတွေကို တိုက်ပွဲလွတ်ရာ လိုင်ဇာမြို့အတွင်း ပြောင်းရွေ့နေရာ ချထားပေးခဲ့ပါတယ်။ ရှေ့တန်းစခန်းတွေမှာတော့ အခြားကချင်မျိုးနွယ်စုတွေကို တာဝန်ပေးအပ်ခဲ့ပါတယ်။ KIA အဖွဲ့အတွင်းမှာ ယခင်တုန်းက လူမျိုးရေး ခွဲခြားမှုတွေရှိခဲ့ပေမယ့် ရှမ်းလူမျိုး KIA အဖွဲ့ဝင်တွေကိုသာ ဖိနှိပ်ခွဲခြားဆက်ဆံခဲ့တာပါ။ ဒါပေမယ့် ခုလိုအကြပ်အတည်းဖြစ်လာချိန်မှာ ဂျိန်းဖောကလွဲလို့ကျန် ကချင်မျိုးနွယ်စုအားလုံးကို ဓားစာခံအဖြစ် အသုံး ချခဲ့ ပါတယ်။

ပြီးခဲ့တဲ့ နှစ်သစ်ကူးညဖြစ်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာလည်း လိုင်ဇာ FM အသံလွှင့်ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရ၀မ်လူမျိုး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ၂ ဦးကို အစိုးရထံ KIA ရဲ့ သတင်းများ ပေးပို့ပေးနေသော အစိုးရသူလျှိုအဖြစ်စွပ်စွဲပြီး ဓားဖြင့် ၃ ပိုင်း ခုတ်ပိုင်းကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ဒီလိုသတ်ဖြတ်ခဲ့ခြင်းကိုလည်း သတင်းပေါက်ကြားမှုမရှိအောင် ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် KIA အဖွဲ့ထဲမှာရှိတဲ့ ရ၀မ်လူမျိုးတွေက ၀ိုင်းမော်နဲ့ မြစ်ကြီးနားမှာရှိတဲ့ ရ၀မ်လူမျိုးတွေကို ဆက်သွယ်ပြောကြားခဲ့လို့ KIA ခေါင်းဆောင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေကို သိရှိခဲ့ရတာပဲ ဖြစ်ပါတယ်။ KIA အဖွဲ့ထဲမှာရှိတဲ့ ကျွန်တော်တို့ ရ၀မ်လူမျိုးတွေက KIA အပေါ်မှာပဲ သစ္စာရှိပြီး ပေးအပ်တဲ့တာဝန်ကို အသက်ပေးပြီး ထမ်းဆောင်နေကြတာပါ။ KIA ထဲက ရ၀မ်တွေက မြန်မာအစိုးရတပ်ကို ဆက်သွယ်ပြီး သတင်းပေးဖို့ နေနေသာသာ အစိုးရတပ်ဆိုတာ ဘာမှန်းတောင် သိကြတာ မဟုတ်ပါဘူး။ အဲလို KIA အပေါ်သစ္စာရှိတဲ့ ရ၀မ်လူမျိုးတွေကိုမှ မင်းတို့ KIAတွေ လုပ်ရက်တယ်ကွာ….

တကယ်တန်းပြောရမယ်ဆိုရင် KIA ရဲ့ ရက်စက်ယုတ်မာမှုတွေကို ကျွန်တော်တို့ ရ၀မ်လူမျိုးတွေ ခံနေရတာ ကြာပါပြီဗျာ…. ရ၀မ်လူမျိုးတွေ အများဆုံး နေထိုင်တဲ့ ပူတာအိုဘက်မှာဆိုရင် လမ်းတွေ တံတားတွေကို KIA က မိုင်းခွဲဖျက်ဆီးထားလို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စားနပ်ရိက္ခာ ရှားပါးနေ ပါတယ်။ ဒါ့အပြင် ယခင်တုန်း ကလည်း အစိုးရတပ်တွေကို သတင်းပေးတယ်လို့ စွပ်စွဲပြီး ခယမ်ထီးခမ်းရွာ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေး တယ်။ ဒါ့အပြင် ပူတာအိုဘက်ကို စားနပ်ရိက္ခာလာထောက်ပံ့ပေးတဲ့ ယာဉ်တန်းတွေကိုလည်း မိုင်းထောင်ပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။ KIA ရဲ့ လုပ်ရပ်တွေက သူတို့ပြော သလိုကချင်လူထုအားလုံးကိုကိုယ်စားမပြုပါဘူး။ 
 
ကချင်လူမျိုး ကောင်းစားရေးထက်KIA ခေါင်းဆောင်ကြီးတွေနဲ့ ဂျိန်းဖောတွေပဲကောင်းစားရေးဖြစ်ပါတယ်။ ဘ၀တူကချင် မျိုးနွယ်အချင်းချင်းကိုတောင် ရက်ရက် စက်စက်နှိပ်စက်တတ်တဲ့ KIA ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ကျွန်တော်တို့ ရ၀မ်လူမျိုးတွေက လုံးဝ မကျေနပ်ကြောင်း ရ၀မ်လူမျိုးများရဲ့ ကိုယ်စား တင်ပြလိုက်ရပါတယ်။

ရ၀မ်လူမျိုးတစ်ဦး


အမေ့အိမ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်