Pages

Wednesday, March 20, 2013

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး ဥပဒေ၊ အမိန့်/ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရန် လိုအပ်

 
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး (၂၁) ရက်မြောက်နေ့ကို ယနေ့ နံနက်ပိုင်းတွင် အစီအစဉ် (၁၁) ခုဖြင့် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များနှင့် အတူ ပြန်လည် ပေးပို့လာသော ၂ဝ၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ သဘောထား မှတ်ချက်များ အပေါ် ထောက်ခံ ဆန္ဒမဲ များသည့်အတွက် နိုင်ငံတော် သမ္မတ သဘောထား မှတ်ချက်ပြုထားသည့် အတိုင်း ပြင်ဆင် သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
 
ထို့ပြင် လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု နည်းဥပဒေ နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးက ပြင်ဆင်ချက် အဆို တင်သွင်း ဆွေးနွေး ကြပြီး သက်ဆိုင်ရာ အပိုဒ်အလိုက် လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည်။
 
ယင်းနည်း ဥပဒေအပေါ် သာပေါင်း မဲဆန္ဒနယ်မှ ဦးဝင်းသန်းက ''အကြောင်းအရင်း ကိုပဲ ပြန်လည် သုံးသပ်ရမယ်ဆိုရင် ရင်းနှီး မြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ အတွက်မှ မဟုတ်ပါဘူး၊ လွှတ်တော်ရဲ့ သဘောတရားကိုက ဥပဒေကြမ်း တစ်ခုအတွက် ဒါမှမဟုတ် အဆိုတစ်ရပ် အတွက် ဝိုင်းဝန်း ဆွေးနွေးကြမယ်၊ အဲဒီအပေါ်မှာ သဘောထား ကွဲလွဲမယ်၊ ဒါက သဘာဝ ကျပါတယ်၊ ကွဲလွဲနေတာ ကို ပြန်စေ့လို့ ရအောင် ပြဋ္ဌာန်း ပေးထားတာက အင်မတန် ကောင်းတဲ့ အချက်ပါ၊ ပြည်ထောင်စု လွှတ်တော်မှာ ပြန်တင်ပြ ကြပါ၊ 
 
နှစ်ဖက် လွှတ်တော်က ဒီကိစ္စ ကိုင်တွယ်တဲ့လူတွေ ပြန်ဆွေးနွေးရမယ်၊ တစ်ဦးတစ် ယောက်တည်း ကိစ္စ မဟုတ်ပါဘူး၊ ရေးရာ ကော်မတီတွေနဲ့ ကျကျနန ဆွေးနွေးကြ ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်၊ ပြည်ထောင်စု လွှတ်တော်ရဲ့ အားသာချက်က အရင်က မကြားတဲ့ သူတွေကြားတယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေ မအားလပ်လို့ မေ့နေတဲ့ အချက်တွေရှိရင် ပြန်ထောက်ပြတာ၊ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်'' ဟု ပြောပြခဲ့သည်။
 
အလားတူ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးရှုမောင် ကလည်း ''ဒီဥပဒေက နိုင်ငံခြား အရင်းအနှီးတွေကို ဖိတ်ခေါ်တဲ့ ဥပဒေ ဖြစ်ပါတယ်၊ ဒါ့အပြင် နိုင်ငံသားတွေနဲ့ ဖက်စပ် လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့လည်း ပြဋ္ဌာန်းမယ့် ဥပဒေ ဖြစ်ပါ တယ်၊ ရင်းနှီး မြှုပ်နှံရာမှာ ငွေကြေး၊ အတတ်ပညာ၊ နည်းပညာ၊ ဈေးကွက်တွေလည်း အပါအဝင် ဖြစ်ပါတယ်၊ အထူးသဖြင့် လူအများအပြား လုပ်ကိုင်နိုင်မယ့် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း တွေမှာ ကျွန်တော်တို့ နိုင်ငံသား အများအပြား ပါဝင်စေ လိုပါတယ်၊ ဒါဆိုရင် အချိုးအစားကို ၈ဝ ရာခိုင်နှုန်း၊ ၂ဝ ရာခိုင်နှုန်း ပေးမှသာ နိုင်ငံသားများများ၊ အကျိုးတူ လုပ်ကိုင်ခွင့် ရမှာဖြစ်ပါတယ်၊ အရေးကြီးတာက အချိန် ကာလ ကန့်သတ်ချက် ဖြစ်ပါတယ်၊ အရင်းအနှီးနဲ့ ဈေးကွက် ခိုင်မာလာပြီ ဆိုရင်တော့ အချိုးအစားကို တိုးမြှင့် သတ်မှတ်ခြင်းဖြင့်လည်း ကာကွယ် ပေးနိုင်ပါတယ်၊ အထူးသဖြင့် တိုင်းရင်းသား လုပ်ငန်းရှင် များများ ပါဝင် လုပ်ကိုင်နိုင်ဖို့ လိုလားပါတယ်'' ဟု ပြောပြခဲ့သည်။
 
အစည်းအဝေးတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၂)ကို ကော်မရှင် အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က ရှင်းလင်း တင်သွင်းခဲ့သည်။
 
၎င်းအစီရင် ခံစာတွင် မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများသည် ခက်ခဲ ပင်ပန်းစွာဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေရသော အခြေခံ လူတန်းစားများ ဖြစ်ကြောင်း၊ မြေယာသိမ်းဆည်း ခံရမှု ကိစ္စရပ်သည် ခက်ခဲနက်နဲပြီး ရှုပ်ထွေးသော ကိစ္စရပ် ဖြစ်သည့်အတွက် သက်ဆိုင်ရာ အစိုးရ ဌာနများမှ တာဝန် ရှိသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း၊ အမိန့်/ ညွှန်ကြားချက်များနှင့် အညီ တိကျ မှန်ကန်စွာ လေးစားလိုက်နာ ဆောင်ရွက်ရန် အထူး လိုအပ်ကြောင်း၊ တောင်သူ လယ်သမားများ ၏ဘဝကို စာနာ ထောက်ထားစွာဖြင့် နစ်နာမှု မရှိအောင် ဖြေရှင်း ဆောင်ရွက်ပေးသင့် ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဥပဒေကြောင်းအရ ဆင်ခြင် သုံးသပ်ပြီး လုပ်ကိုင် ခွင့်ရ ကုမ္ပဏီများနှင့် တောင်သူ လယ်သမားများ နှစ်ဦးနှစ်ဖက် နစ်နာမှု မရှိစေရေးကိုလည်း ထည့်သွင်း စဉ်းစား ဆုံးဖြတ်သင့်ကြောင်း၊ လူနေမှု ဘဝပျက်ယွင်း သွားသော တောင်သူ လယ်သမားများ ၏ဘဝများ ပြန်လည် ထူထောင်နိုင်ရန်နှင့် နစ်နာမှု မရှိစေ ရန်အတွက် ထိုက်တန်သည့် လျော်ကြေးပေးခြင်းနှင့် အခြား အခွင့်အရေးများ ပံ့ပိုးပေးခြင်း တို့ကို ဆောင်ရွက် ပေးသင့်ကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။
 
လယ်ဝေး မဲဆန္ဒနယ်မှ ဦးဌေးဝင်းက ''ကော်မရှင်ရဲ့ အစီရင် ခံစာဟာ သက်ဆိုင်ရာ ကဏ္ဍအလိုက် စစ်ဆေး စုံစမ်း ပြီးသမျှကို အသေးစိတ် တင်ပြထားတာ ဖြစ်လို့ ပြည့်စုံမှု ရှိပါတယ်၊ ကော်မရှင်က ဆက်လက်တင်ပြမယ့် အစီရင် ခံစာတွေမှာလည်း အခုလို ပြည့်ပြည့်စုံစုံ တင်ပြ နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊  ကော်မရှင်ရဲ့ သုံးသပ် ချက်တွေဟာ မျှတမှုရှိလို့ တောင်သူ လယ်သမားတွေရဲ့ နစ်နာမှုအတွက် နိုင်ငံတော် အစိုးရဘက်က ပြန်လည် စိစစ် ဖြေရှင်း ပေးသွားမယ် ဆိုရင် နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အလွန်အကျိုးရှိတဲ့ အစီရင် ခံစာဖြစ်မယ်လို့ မြင်ပါတယ်'' ဟု အစီရင် ခံစာအပေါ် သုံးသပ် ပြောပြခဲ့သည်။
 
ထို့အတူ ၂ဝ၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က အဆို တင်သွင်းပြီး ယင်းဥပဒေ ကြမ်း၏မူနှင့် အခြေခံ သဘောများကို လွှတ်တော် ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခဲ့ ကြသည်။
 
ထိုသို့ ဆွေးနွေးကြရာတွင် အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူက ပြည်သူ့ထံမှ ရရှိသည့် ပြည်သူ့ ဘဏ္ဍာငွေများကို သုံးစွဲရာတွင် အလေအလွင့် မရှိစေရေး ထိထိ ရောက်ရောက် အသုံး ပြုနိုင်ရေးသည် အရေးကြီးဆုံး အချက်ဖြစ်ပါကြောင်း၊ စီမံကိန်း လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးနှင့် ပြီးစီးသွားသည့် လုပ်ငန်းများကို ရေရှည် တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ရေး တို့ကို တာဝန်ရှိသူများ၊ လုပ်ငန်း ကျွမ်းကျင်သူများနှင့် အတူ ဒေသခံ ပြည်သူများက ပူးပေါင်း ပါဝင်ပြီး အကောင်အထည် ဖော်ကြရန် လိုအပ်ပါကြောင်း၊ နောင်လာမည့် လုပ်ငန်းများ ချမှတ် ဆောင်ရွက်ရာတွင် ပွင့်လင်းမှုနှင့် ထင်သာ မြင်သာရှိရေး၊ အမှန်တကယ် လိုအပ်ချက်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးတို့ အတွက် ယခုကဲ့သို့ ညှိနှိုင်းပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့် ယုံကြည်ပါ ကြောင်းဖြင့် ဆွေးနွေးခဲ့သည်။
 
ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက ဆွေးနွေးရာတွင် ဈေးကွက် စီးပွားရေးစနစ်ကို ပီပြင်အောင် အကောင်အထည်ဖော်ရာ၌ နိုင်ငံပိုင် စီးပွား ရေးလုပ်ငန်း အများစုကို ပုဂ္ဂလိက ပိုင်အဖြစ် အသွင်ကူးပြောင်း ရမည် ဖြစ်ပါကြောင်း၊ အစိုးရ၏ အသုံးစရိတ်များကို လေ့လာသည့် အခါ စုစုပေါင်း ပြည်သူ့ အသုံးစရိတ်၏ ၂၅ ဒသမ ၅၆ ရာခိုင်နှုန်းကို ပြည်ထောင်စု ဝန်ကြီး ဌာနများနှင့် ဦးစီး ဌာနများအတွက် အသုံးပြုထားပြီး ၃၅ ဒသမ ၉၉ ရာခိုင်နှုန်းကိုမူ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း များအတွက် အသုံးပြုထား သည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံသည် လယ်ယာ ကဏ္ဍကို များစွာ မှီခိုရသော နိုင်ငံ ဖြစ်သော်လည်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အတွက် ခွဲဝေပေးသည့် အသုံးစရိတ်သည် အင်မတန် နည်းပါးသည့်အတွက် လယ်ယာ ကဏ္ဍ တိုးတက်လာရေး ဆောင်ရွက်ရာတွင် ထိရောက်မှုရှိ၊ မရှိဆိုသည်ကို စဉ်းစားစရာ ဖြစ်နေပါကြောင်းဖြင့် ဆွေးနွေးခဲ့သည်။
 
ယနေ့အစည်းအဝေးကို ညနေ ၄ နာရီတွင် ရပ်နားခဲ့ပြီး အစည်းအဝေး (၂၂) ရက်မြောက်နေ့ကို မတ် ၂ဝ ရက် တွင် ဆက်လက် ကျင်းပမည် ဖြစ်သည်။
 
MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်