Pages

Wednesday, March 20, 2013

ပုံနှိပ်ဥပဒေကြမ်းအတွက် အကြံပြုချက်များ ဆွေးနွေးရန် စာနယ်ဇင်း ကောင်စီနှင့် ပြန်ကြားရေးဝန်ကြီး တွေ့မည်

အငြင်းပွားမှု၊ ဝေဖန်မှုများ ထွက်ပေါ်နေသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် ပြင်ဆင် ဖြည့်စွက်လိုသည့် အကြံပြုချက်များ ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဆွေးနွေးသည့် အချက်များကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် အကြံပြုနိုင်ရန် ဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) မှ ကိုယ်စားလှယ်များ ဦးဆောင်သည့် အဖွဲ့တို့သည် မတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်တိုက်ရုံး၌ တွေ့ဆုံမည်ဖြစ်သည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး (သို့မဟုတ်) ကောင်စီဝင်တစ်ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


“ကျွန်တော်တို့ ကောင်စီက ဆွဲထားတဲ့ မီဒီယာ ဥပဒေလည်း အလုံးစုံ အထိန်းအကွပ်မရှိ ပရမ်းပတာဆွဲထားတာ မဟုတ်ပါဘူး။ တာဝန်ယူမှု၊ တာဝန်ခံနိုင်မှု၊ ကျင့်ဝတ်အားလုံး ပါပါတယ်။ အခုဥပဒေ မူကြမ်းကတော့ အရင် ဥပဒေတွေနဲ့ ဘာမှမထူးဘူးလို့ မြင်ပါတယ်။ ဆီအိုးထဲကနေ ရေနွေးအိုးထဲ ပြောင်းထည့်လိုက်သလို ဖြစ်နေပါတယ်” ဟု စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဦးကျော်မင်းဆွေက ပြောသည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အပါအဝင် ဥပဒေကြမ်းကို ကန့်ကွက်သည့် အဖွဲ့အသီးသီးမှ ပြည်သူ့လွှတ်တော် ရေးရာကော်မတီများထံသို့ ယင်းဥပဒေကြမ်းကို လွှတ်တော်တွင် ဆိုင်းငံ့ထားရန် မေတ္တာရပ်ခံစာ ပေးပို့ထားသည်ဟု သိရသည်။

 မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲနေသော မီဒီယာဥပဒေမှာ အချောသတ် ရေးဆွဲသည့်အဆင့် ရောက်နေပြီဖြစ်၍ သင်္ကြန်အပြီး လွှတ်တော် အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်