Pages

Wednesday, March 20, 2013

စိတ်ချရသည့် အနေအထားရောက်လျှင် မတရားသင်း သတ်မှတ်ထားမှုများ ပယ်ဖျက်ပေးမည်ဟု ဦးအောင်မင်း ပြောကြား

မတရားအသင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ထွက်ပေါ်လာခဲ့ပြီး ၅ ရက်အကြာ ပြီးခဲ့သော တနင်္ဂနွေက စိတ်ချရသည့် အနေအထားရောက်လျှင် မတရားသင်း သတ်မှတ်ထားမှုများကို ပယ်ဖျက်ပေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ 

ယင်းသို့ ပြောဆိုမှုသည် ကြိုဆိုလက်ခံရမည့် ကိစ္စဖြစ်သလို၊ တိကျသော သတ်မှတ်ချက် မပါဝင်ဘဲ ပြေရာပြေကြောင်း လက်လွတ်စပယ် ပြောကြားချက် စကားရပ်အချို့အဖြစ် တိုင်းရင်းသား အဖွဲ့အစည်းအချို့နှင့် ယခင်က မတရားသင်းအဖြစ် သတ်မှတ်ခံထားရသော အဖွဲ့အစည်းအချို့တို့ကြားတွင် သဘောထားနှစ်ရပ် ကွဲလွဲလျက်ရှိသည်။ 

အထူးသဖြင့် မတရားသင်းဥပဒေ၊ နိုင်ငံရေးအကျဉ်းသား စသည်တို့ကို လက်နက်တစ်ခုသဖွယ် အသုံးချခြင်းမဟုတ်ဘဲ တိုင်းပြည်ပြုပြင် ပြောင်းလဲရေးနှင့် ပဋိပက္ခများ အဆုံးသတ်ရန် ကြိုးစားသည့်နေရာ၌ အရေးကြီးလုပ်ငန်းစဉ်ကို ဆောင်ရွက် အကောင်အထည်ဖော်ခြင်းအဖြစ် နားလည်ရန် လိုအပ်ကြောင်း လက်ရှိအချိန်အထိ မတရားသင်းအဖြစ် သတ်မှတ်ခံထားရသော ABSDF အဖွဲ့ ဗဟိုဦးဆောင် ကော်မတီဝင် ကိုကျော်ကိုက ပြောသည်။ 


“ပယ်ဖျက်ပေးမယ်ဆိုရင် ကောင်းပါတယ်။ မပယ်ဖျက်ပေးရင် သူတို့လည်း မတရားသင်းနဲ့ ဆက်သွယ်သူတွေ ဖြစ်သွားမှာပေါ့” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့အစည်းများ ပြည်တွင်းပြည်ပ မီဒီယာများသည် ယခင်စစ်အစိုးရ လက်ထက်က မတရားသင်းအဖြစ် သတ်မှတ်ခံထားရသော အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများ ရှိနေ၍ ယင်းအဖွဲ့အစည်းများအား မတရားအသင်းမှ ပယ်ဖျက်ကြောင်း နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိခဲ့သဖြင့် ဥပဒေအကြောင်းအရ ကြည့်မည်ဆိုလျှင် ယင်းတို့သည် မတရားသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ (၂) များဖြင့် ငြိစွန်းနေသည်။ 

“အခြေအနေ အကြောင်းအချက် တချို့ကြောင့် ၁၇(၁)၊ (၂) ကိုတော့ လောလောဆယ် ပယ်ဖျက်ဖို့ မရှိသေးဘူး။ ပယ်ဖျက်လို့လည်း ကျွန်တော်က မရဘူး” ဟု ဝန်ကြီးဦးအောင်မင်းက ပြောသည်။ မတရားသင်းတွေ ပယ်ဖျက်ပေးမည်ဆိုလျှင် မည်သည့်အသင်း အဖွဲ့အစည်းတွေ ဆိုသည်ကို အတိအကျသိရှိရန် လိုအပ်ကြောင်း၊ သို့မှသာ တကယ်ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်နေသည့် အသင်းအဖွဲ့များ အနေဖြင့် ယခင်ကထက်ပိုပြီး ပွင့်ပွင့်လင်းလင်း လုပ်လာနိုင်မည်ဟု ထင်ကြောင်း၊ အစိုးရဘက်မှလည်း ရိုးသားရန် လိုအပ်မည်ထင်ကြောင်း၊ ငါးစာချကျွေးပြီး ငါးတွေ ပြုံလာတော့မှ ကွန်ပစ်ဖမ်းတာမျိုး မဖြစ်စေချင်တော့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် ကိုလပြည့်ဝေးက ပြောသည်။ 

ယခင်စစ်အစိုးရ လက်ထက်က ကေအိုင်အို၊ ကေအင်န်ယူ၊ ဒီကေဘီအေ အစရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် မကဒတ၊ လူ့ဘောင်သစ်၊ NCGUB အစရှိသော အသင်းအဖွဲ့များကို မတရားသင်းအဖြစ် ကြေညာခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်