Pages

Tuesday, February 19, 2013

တပ်မတော်သား နှစ်ဆယ့်ငါး ကို ဒေါ်စု နားလည်သွားပြီလား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ထွက်လာခဲ့သည့် အစိုးရသစ်တွင် ရွေးကောက်ပွဲ ၀င်ရောက်ခြင်း မပြုခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်လ်ဒီ ပါတီသည်ပင် ရွေးကောက်ပွဲ ၀င်၍ လွှတ်တော် အခင်းအကျင်း အတွင်း ၀င်ရောက်လာခဲ့သည်။ ထိုစဉ်မှစ၍ ရန်ကုန် တက္ကသိုလ် ၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆိုများဖြင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့အား လွှတ်တော်အတွင်းမှ လုပ်ဆောင်၍ ရကြောင်းကို တရားဝင် အဆိုများ ဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ သက်သေပြခဲ့ပြီး ဖြစ်သည်။

တပ်မတော် အနေဖြင့်မူ အခြေခံ ဥပဒေအရ ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် စစ်တပ်၏ အာဏာအတွက် မဟုတ်။ အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်သည့် တပ်မတော် အနေဖြင့် အခြေခံ ဥပဒေအ ရ ရွေး ကောက် တင်မြှောက်ခြင်းခံရသည့် အစိုးရအဖွဲ့နှင့် ဥပဒေများအပေါ်တွင် သစ္စာစောင့်သိ ကာ နိုင်ငံ့ တာ ၀န် တစ် ရပ် ကို ထမ်းဆောင်ခြင်းဟုပဲ မှတ်ယူထားပါသည်။

အခြေခံ ဥပဒေ စတင်ရေးဆွဲချိန်မှ အတည်ပြုပြီးသည် အထိ တပ်မတော်သား ကိုယ်စားလှယ်များ အပေါ်တွင် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိခဲ့သည်။ သို့သော် အကျဉ်းသားများ ကိစ္စ အပါအ၀င် အခြား ပြည်သူ့အကျိုးပြု အဆိုများတွင် ပါဝင်ဆွေးနွေးခြင်း၊ အဆိုတင်သွင်းခြင်းတို့ကြောင့် တပ်မတော်သားများ အပေါ် ထိုးနှက် တိုက်ခိုက်မှုများ တစ်ဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ ယခုတွင်မူ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား နားလည်မှု တစ်ရပ် တည်ဆောက်နေပြီဟု ယူဆရသည့် အနေအထားများ ဖြစ်ပေါ်လာခဲ့သည်။

ထင်ရှားသော ဥပမာ အဖြစ် လက်ပံတောင်း အရေးကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်မှ စုံစမ်းရေး ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။ ထိုအချိန်တွင် အခြား ၈၈ ကျောင်းသားများ၊ ဗကသများ၊ အတိုက်အခံများမှ ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေသည့် လှုံ့ဆော်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေချိန် ဖြစ်သည်။ ဦးတည်ချက်မှာ လက်ပံတောင်းဟု ခေါင်းစဉ်တပ်သော်လည်း အစိုးရ၊ တရုတ်နိုင်ငံနှင့် တပ်မတော်မှ ရှယ်ယာအများဆုံးပါသည့် ဦးပိုင် စီးပွားရေးအား တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မှ စုံစမ်းရေး ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ယူလိုက်သည့် အတွက် ဆူပူအုံကြွမှုများ ဖြစ်လာနိုင်မည့် အရေးများ မှေးမှိန်ခဲ့သည်။ အတိုက်အခံ တို့၏ လုပ်ဆောင်ချက်များ ထိရောက်မှု မရှိ ဖြစ်ခဲ့ရသည်။ ရလာဒ်ကား တည်ငြိမ်အေးချမ်းသည့် အခြေအနေ တစ်ရပ်ကို အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ပင်ဖြစ်သည်။

ဒုတိယ အချက်သည်ကား ကချင်အရေး ကိစ္စဖြစ်သည်။ ကချင်အရေးနှင့် ပတ်သက်သည်ကား လွယ်ကူသော ပြဿနာ တစ်ခုမဟုတ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်ရှိ အစိုးရ၊ တပ်မတော်တို့အကြား မုန်းတီးမှု ပိုမိုတိုးပွားစေနိုင်သည်သာမက ပြည်ထောင်စု ပြိုကွဲနိုင်သည့် အခြေအနေ များကြောင့် နှစ်ဖက်လုံးနှင့် အတိုက်အခံလုပ်ကာ ကြားနေပေးခဲ့သည်။ သူမ အနေဖြင့် အာဏာ ရချင်သည်မှာ အမှန်ဖြစ်သော်လည်း ပြည်ထောင်စု ပြိုကွဲမည်၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု ပြိုကွဲမည်ကိုတော့ လက်မခံသည်မှာ ချီးကျူး စရာ ပင်ဖြစ်သည်။

နောက်ဆုံး သူမ၏ နိုင်ငံခြားခရီးစဉ်တွင် တပ်မတော်သည် သူမ၏ ဖခင် တည်ဆောက်ခဲ့သည့် တပ်မတော် ဖြစ်သည့် အတွက် တပ်မတော် အပေါ် သံယောဇဉ် ရှိကြောင်း၊ သူမကို တပ်မတော်သားများမှ ထောက်ခံ လိမ့်မည် ဟု ယုံကြည်ကြောင်းတို့ကို ပြောဆိုခဲ့သည်။ တပ်မတော် သား ကိုယ်စားလှယ်များ၏ ထောက်ခံမှု အတွက် သူမ၏ ပြောဆိုမှုကြောင့် အတိုက်အခံ လုပ်နေသည့် ၈၈ အပါအ၀င် အခြားအဖွဲ့အစည်းများအတွက် အံ့သြသင့်ဖွယ် ဖြစ်ခဲ့ရသည်။ တန်ဖိုးရှိဖွယ် ရလာဒ်အနေဖြင့် သူမနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့အကြား ယုံကြည်လေးစားမှု အပြန်အလှန် ရရှိလာပြီ ဖြစ်သည်။

ယခု နောက်ဆုံး သတင်းများအရ ကာကွယ်ရေး ဦးစီးချုပ်နှင့် သူမတို့ တွေ့ဆုံရန် စီစဉ်နေသည် ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ ယခုအနေအထားများမှ ၂၀၁၅ တွင် ပါတီကြီး ၂ ခု ပေါင်းစည်းနိုင်သည် အထိ ပြောင်းလဲ နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ သေချာသည်ကား မြန်မာနိုင်ငံ၏ လွှတ်တော် အမတ် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် တပ်မတော်သားများကို နားလည်သွားပြီ ဟုသာ…



No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်