လက်ထဲမှစာရွက်ကို ဝေသီ နေသော မျက်လုံးများနှင့် ထိလု ခမန်းကပ်၍ အားစိုက်ကြည့် လိုက်
ပြီး အနည်းငယ် တုန်ယင်နေသော လက်ဖြင့် ဗလာစာအုပ်တွင် တစ်စုံ တစ်ခုကို ချရေး လိုက်သည်။အသက်
၈၉ နှစ်ရှိ ဒေါ်သိန်း ခင်အတွက်တော့ ဤအလုပ်က နေ့စဉ် မပျက် မကွက် ဆိုသည်ထက် မလုပ်ရမနေနိုင်ဖြစ်နေသော
အစွဲ အလမ်း တစ်ခု၏ ညှို့ငင်မှုနောက် တကောက်ကောက်လိုက်နေမိခြင်း ဟု ဆိုနိုင်သည်။
”မရောင်းတဲ့နေ့ဆိုရင်လည်း ပျင်းဖို့ကောင်းတယ်” ဟု ကြမ်းပြင် တွင် ပြန့်ကျဲနေသော စာရွက်
များနှင့် ဗလာ စာအုပ်ကိုစု၍ ထပ်လိုက်ရင်း မှ အဘွားအိုကဆိုသည်။ တကယ် တော့ ထိုစာရွက်များမှာ
ချိုင်းဟု ခေါ်သည့်နှစ်လုံးထီ အတိတ်စိမ်း စာရွက်ဖြစ်သည်။ ”ပျင်းလို့ ဒါလေးကို တွက်ပြီး
ထိုးရတော့ အပျင်းပြေတယ်။ ပြီး တော့ ဒီဘက် ကို စိတ်ပါနေတော့ နေမကောင်းချင်တာတွေ၊ စိတ်
ပျက်တာတွေ၊ စိတ်တိုင်းမကျတဲ့ စိတ်တွေ သိပ်မဖြစ်တော့ဘူး။ ကလေးတွေပေးတဲ့ မုန့်ဖိုးလေးတွေ
နဲ့ ထိုးတာ၊ တစ် ရက်ကို ၁ဝဝဝ ဖိုးတောင် မပြည့်ပါဘူး။ ချဲတွက်ပြီး ထိုးနေရရင် ပြီးရော”
ဟု အဘွား ဒေါ်သိန်းခင်က ဒူးနှစ်ဖက်ကို လက် ဖြင့်ပိုက်လိုက်ရင်းမှအပြုံးဖြင့် ပြော လိုက်သည်။
တိကျစွာ ဆိုရပါလျှင် ထိုမြင် ကွင်းသည် သုံးလုံးဟု ခေါ်ကြသည့် ထိုင်းထီဂဏန်းမှ နောက်ဆုံး ဂဏန်း သုံးလုံးကိုခန့်မှန်း လောင်းကစား ကြသည့် ချဲထီနှင့်ထိုင်း စတော့ ရှယ် ယာဈေး နှုန်းများကို ဖော်ပြသည့် ကိန်းဂဏန်းများကိုယူ၍ မြန်မာနိုင်ငံ တွင် နေ့စဉ်လောင်း ကစားနေသော နှစ်လုံးထီ၏နက်နက်ရှိုင်းရှိုင်း အ မြစ်တွယ်ခံနေရသော သားကောင် များ၏ ပြယုဂ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ချဲထီလောင်း ကစားတွင်ကျယ်နေမှုသည် အာဂန္တု နှာစေးချောင်းဆိုး မဟုတ်ဘဲ ကင် ဆာရောဂါကဲ့သို့ ရိုးတွင်းချဉ်ဆီများ အထိ ကုပ်တွယ်ပြန့် ပွားနေသော မြစ်ပွားနာဖြစ်နေခဲ့သည်မှာ ဆယ်စု နှစ်များစွာ မကတော့။
မိုးမြင့်မှ
ဘဝများစွာကို မြေ တွင် ပြားပြားဝပ်ကျအောင် လုပ်နိုင် သကဲ့သို့ ကောင်းကင်ကို မျှော်၍
ဖြတ်လမ်းနည်းဖြင့် အမြင့်ရောက် ချင်သူများစွာ ပထဝီအောက် သို့ ရောက်သလို ဘဝများကြွေ
ပျက်ခဲ့ သည်မှာလည်းစာအုပ်ဖြင့်သာ မှတ် ထားပါက တောင်လိုပုံနေနိုင် သည်။သို့သော် ထိုကဲ့သို့
ဘဝပျက် သူ ပျက်၊ ထောင်နန်းသို့ စံသူစံ၊ စာရိတ္တ ယိုယွင်းသူ ယိုယွင်းစေ အောင် စွမ်းအားကြီးသော
ထို လောင်းကစားအမှုသည် မြန်မာနိုင် ငံ၏ ခေတ်ပြောင်း စနစ်ပြောင်း ဟု ဆိုကြသည့် ယနေ့ကာလအထိ
မညှိုးသောပန်းအဖြစ် လန်းဆဲ။
မကြွေသောပန်းအဖြစ် ဝေဆဲ။
မကြွေသောပန်းအဖြစ် ဝေဆဲ။
”ကျွန်တော်ကတော့ နှစ်လုံး သုံးလုံးကို လုံးဝမထိုးပါဘူး။ ဒါပေ မဲ့ မိန်းမကတော့ ကျွန်တော့်ကို သာ ဖြတ်ရင်ဖြတ်မယ်။ နှစ်လုံး သုံးလုံးတော့ ဖြတ်မယ့်သဘော မရှိဘူး။ ဒါကြောင့်လည်း ကျွန်တော့် မိသားစု တော်တော်လေး ဒုက္ခ ရောက်ခဲ့ပြီးပြီ။ အခုလည်း ရောက် နေဆဲပေါ့ဗျာ” ဟု စိတ်ပျက်လက် ပျက် ရင်ဖွင့်ခဲ့သူက အသက် ၃၅ နှစ် နီးပါးရှိပြီဖြစ်သော သန်လျင် မြို့မှ ကိုစိုးသန်း။အမျိုးသမီးက ဈေးသည်။ နေ့စဉ် ရောင်းရသည့် အမြတ်က သုံးသောင်း ဝန်းကျင်ခန့်ရှိသော် လည်း ၄င်း၏ နှစ်လုံးစရိတ်က တစ်နေ့လျှင် ၁၅ဝဝဝ အနီးတွင် ပြေးနေတတ်သည့် အပြင် အိပ်မက် ဆိုသည့် အရာကြီး ပါလာပါက အလွန်အကျူး ထိုးတတ်ကြောင်းသူက ပွင့်ပွင့်လင်းလင်းပင် ဖွင့်ချ သည်။
”သူ့ကြောင့်ပဲ
နေ့စဉ်ဝင်ငွေ ကောင်းနေတဲ့ ကျွန်တော်တို့ မိ သားစုမှာ ကြွေးက ဆယ်သိန်း အထက် မကြာခဏ ရောက်တယ်။
ချေးတဲ့သူတွေကလည်း သူ့ဈေးဆိုင် ကို အထင်ကြီးပြီး ချေးကြ တယ် လေ” ဟု သူကဇာတ်စုံကို
ဆက် လက် ခင်းပါသည်။ထိုရလဒ်အရ ကြွေးပ မာဏ ၂၅ သိန်းအထိ ဖြစ်ခဲ့စဉ်က ကိုစိုး သန်း အနေဖြင့်
ကြွေးရှင် များအား တောင်းပန်ကာ ဆွေမျိုး သားချင်း များဆီမှပိုက်ဆံဆွဲ၍ ၅ သိန်း သမားကို
၂ သိန်းဆပ်၊ ၃ သိန်း သမားကို ၁ သိန်း ဆပ်စ သည်ဖြင့် မျက်နှာအောက်ချ၍ တောင်း ပန် ဖြေရှင်းခဲ့ရသည်။
ဤကား
အဦး အစ ပထမတည်း။ယင်းပြဿနာ၏နောက် ကျုပ် နောက်မလုပ်တော့ပါဘူး ဟူသည့် မိန်းမ၏ ဝေရာမဏိတရားကို
နာခဲ့ ရသော်လည်း မကြာရေးချမကြာ ဒုတိယမ္ပိသောနှစ်လုံး ကြွေးဘေး ကြောင့် မိန်းမကို ဆွေမျိုးများရှိရာ
တောအရပ်သို့ အပြေးအပ်ခဲ့ရသည် ဟု သူကမျက်နှာပျက်ပျက်ဖြင့် ဆို ပါသည်။
”ဒီတစ်ခါတော့ အမျိုးတွေ လည်း အပူမကပ်ချင်တာနဲ့ မိန်းမ ကိုတော ပို့ထားလိုက်ရတယ်။ ဈေး လည်းမရောင်းရတော့ဘူး။ အဲဒီ တုန်းက သမီးလေးက နို့မပြတ် သေး ဘူး” ဟု ဘေးနားတွင် ထိုင် နေသည့် သူငယ်တန်းကျောင်းသူ သမီး၏ ဦးခေါင်းကိုပုတ်လိုက်ရင်း ကိုစိုးသန်းက စိတ်မကောင်းသည့် လေသံဖြင့် ပြောသည်။ မိခင်နို့နှင့် နို့ဘူးအပြောင်း အလဲ၊ သမီးငယ်၏ သည်းထန် သော အငိုကာလများ၊ ကယ်တင် ရှင် ညီမများ၏ အကူအညီဖြင့် ကြွေးများရှင်းကာ နောက်ဆုံးတော့ သူတို့မိသားစုလည်း သန်လျင်သို့ မြန်းရသည့် အကြောင်းမလှသော ဇာတ်ကို သူက ဆက်ဆိုပါသေးသည်။
သို့သော် ဤမျှဖြင့် နိဋ္ဌိမတံ။ ဇာတိအလံ မလဲသော မိန်းမ၏ နှစ်လုံးသစ္စာရှိမှုကြောင့် ၁၂ သိန်း ဆိုသော ကြွေးအတွက် ခြစ်ခြုတ် ဝယ်ထားသော ဒီတီဆိုင်ကယ်လေး လည်း အခုတော့ အပေါင်ဆိုင်တွင် အိပ်စက်နေရပြီဟု သိခဲ့ရသေး သည်။အဆိုပါ နှစ်လုံးသုံးလုံးမှစ၍ တစ်လုံးဟု ခေါ်သည့် ဘောလုံးပွဲ လောင်းကစားခြင်း အပါအဝင် တရားမ ဝင် လောင်းကစားခြင်း များအတွက် ပြဋ္ဌာန်းထားသော ဥပဒေများရှိပြီးဖြစ်ရာ ကျူးလွန် သည့် မည်သူမဆို ဖမ်းဆီးပြစ်ဒဏ် ချခံရနိုင်ကြောင်း တကယ်တော့ အားလုံး သိရှိပြီး ဖြစ်ပါသည်။ချဲထီကဲ့သို့ လောင်းကစား အတွက် စီမံခန့်ခွဲခြင်း၊ လောင်းကြေး လက်ခံခြင်း၊ ဒိုင်အဖြစ် ဆောင်ရွက် ခြင်းနှင့် အားပေးကူညီခြင်း၊ ငွေ ကြေးအမြတ် ရယူခြင်းနှင့် ပါဝင် ကစားခြင်းသာမက လောင်းကစား ပြုလုပ်ရန်အတွက် ငွေချေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ အ တွက်ပါ ပြစ်မှုမြောက်ကြောင်း လောင်းကစား ဥပဒေတွင် ပြဋ္ဌာန်း ထားပြီး အနိမ့်ဆုံး ထောင်ဒဏ် ၆ လမှ ၁ နှစ်၊ ၁ နှစ်မှ ၃ နှစ်၊ ၃ နှစ်မှ ၅ နှစ်အထိ ပြစ်မှုအလိုက် ထောင်ဒဏ် ကျခံ ရနိုင်ကြောင်း ပါရှိ သည်။
သို့သော် လောကငရဲ ဟု သတ်မှတ်ကြပြီး ဆင်းရဲခြင်းများ စုစည်းနေသည့် မနေအပ်သော ထောင်ကိုမှ မကြောက်ဘဲ ဆက် လျှောက်နေကြခြင်းနှင့် ဥပဒေများ ရှိပါလျက်နှ င့် ယင်းလုပ် ငန်းများ မရပ်မနား ပွား၍သာ နေဆဲမှာ အဘယ်ကြောင့်နည်းဟူသော အမေးအတွက်မူ အဖြေ ရှိပြီး ဖြစ်သော် ငြား ကိုယ့်ပေါင်ကိုယ် ရဲရဲလှန် ထောင်းရဲသော အားအတွက်တော့ ခက်ခဲနေ ဦးမည်မှာ အမှန်တရား ဖြစ်သည်။”မပပျောက်ဘူး ဆိုတာက နေ့စဉ် ထိုးလို့ ရနေတယ်။ မြန်မာ ထီက တစ်လတစ်ခါမှ ဖွင့်တာ။ ပြီးတော့ ပေါက် ဖို့မလွယ်ဘူး။ သုံး လုံးကလည်း နှစ်ပတ် ဆိုတော့ ကြာတယ်။ နှစ်လုံးက မနက်ထိုး ညနေပေါက်ဆိုတော့ အောက်ခြေ ဆင်းရဲသားတွေ အတွက် အဆင်ပြေ တယ်လေ”ဟု လေးဒေါင့်ကန်မှ အသက် ၆ဝ အရွယ်ရှိ အငြိမ်းစား ရဲဝန်ထမ်း တစ်ဦးဖြစ်သူ ဦးမောင် ကြီး (အမည်လွှဲ)က ပြောသည်။
ဦးမောင်ကြီးသည် ရဲဝန်ထမ်း ဘဝဖြင့် လုပ်သက်ပြည့်အငြိမ်းစား ယူခဲ့သူဖြစ်ပြီး နယ်ထိန်း တာဝန် ဖြင့် နှစ်ပေါင်းများစွာ ကျင်လည် လာခဲ့သည့်အတွက် အဆိုပါနှစ်လုံး သုံးလုံးပြဿ နာကြား ထဲထဲဝင်ဝင် သိရှိသူလည်းဖြစ်ကြောင်း ၄င်းက ဆိုသည်။ ထိုအချက်ပို သေချာစေသည် က သူ၏ လက်ရှိ ဒုတိယအိမ်ထောင် မှာ နှစ်လုံးသုံးလုံး ရောင်းနေသူ ဖြစ်သည့် အပြင် သူကိုယ်တိုင်လည်း ထိုအလုပ်ဖြင့် အသက်မွေးနေခြင်း ကြောင့် ဖြစ်သည်။ ”ပပျောက်အောင် လုပ်လို့မရ ဘူး။
တရားဝင် လုပ်ပိုင်ခွင့်
ပေး လိုက်ရင်လည်း မြန်မာလူမျိုးက မဟုတ်တဲ့နည်းနဲ့ အကြံအဖန်လုပ် လာမယ်။ အတင်း ဖမ်းရင်လည်း
တခြားမဟုတ်တဲ့ ဘက်မှာ လျှောက် လုပ်ကုန်လိမ့်မယ်။ ဒါကြောင့် ရှဥ့် လည်း လျှောက်သာပျားလည်း
စွဲသာ အခြေအနေတစ်ရပ်မှာ လုပ် ထားမှရမယ်” ဟု သူက သုံးသပ် သည်။ ”ရောင်းတဲ့သူဆိုတာ ဝင်ငွေ
မကောင်းလို့ အလုပ်မရှိလို့။ နှစ် လုံးသုံးလုံး ရောင်းတယ်ဆိုတာ အိုးမကွာ၊ အိမ်မကွာနဲ့
ပိုက်ဆံ တစ်နေ့ ၄၊ ၅ ထောင်ရှာလို့ ရ တယ်။
တကယ်ဆို
တခြား အလုပ် တွေ ရှိနေရင် မရောင်းတော့ဘူး ပေါ့။ အဲဒီလို ဝင်ငွေကောင်း တဲ့အ လုပ်မှ မရှိတော့
ခက်တယ်” ဟု ဦးမောင်ကြီးက သူ့အတွေ့အကြုံ အရ သုံးသပ်သည်။တကယ်တော့ အငြိမ်းစား ယူပြီးနောက်
သူကိုယ်တိုင် ဤ လုပ်ငန်းဖြင့် အသက်မွေးနေသော် လည်း ကြီးကြီး မားမား လုပ်ကိုင် နေသည်တော့
မဟုတ်ဟု ဆိုပါ သည်။ ”ရောင်းလို့ရတာ မဖြစ် စလောက် ပါကွာ။ အခု အချိန်မှာ က ဘောလုံးပွဲတွေ၊
ဖဲဝိုင်းတွေက ပို တောင်ဆိုးပါတယ်။ နောက် အဓိက က ဘောပွဲတွေမှာပဲ ကြေးကြီး လောင်းနေကြတာ။
ဒါက တစ်ရာဖိုး ငါးဆယ်ဖိုး ပဲ လောင်းပါတယ်” ဟု သူက ပြောပြီး ယခုအချိန်တွင် လိုင်းကြေးပေးပေး
မပေးပေး အမှု လိုပါက ရဲဖမ်းစမြဲ ဖြစ်ကြောင်းလည်း ဆက်၍ ပြောသည်။
အထက်တွင် ဆိုခဲ့သည့် အတိုင်း တရားမဝင်သော လောင်း ကစားဖြစ်သည်နှင့် အညီ အရေး ယူဆောင် ရွက်မှုများ တရစပ် ပြု လုပ်နေသော်လည်းပေါက်ပင် ဘာ ကြောင့် ကိုင်းရ သည်ဆိုသော စာကဲ့သို့ အပေးအယူများကတော့ ရှိနေသည်က မငြင်းသာ။”နှစ်ပေါင်းများစွာ ဒီလုပ်ငန်း လုပ်တာဆိုတော့ အဖမ်းခံရတာ လည်း ရှိတယ်။ ထိုးကျွေး လိုက်ရ တာလည်း ရှိတယ်။ ယောက်ျား အဖမ်းခံရဖူးတယ်။ ထိုးကျွေးတယ် ဆိုတာက လက်ခွဲဒိုင်တွေ ရှိတယ် လေ။ ဒီလက်ခွဲတွေ ကို ထိုးကျွေး လိုက်ရတာလည်း ရှိတယ်။
သူတို့ ထောင်ကျသွားရင် သူတို့မိသားစု တွေကို ကျွန်မတို့က တာဝန်ယူပေးရ တယ်။ သူတို့ကလည်း
သစ္စာ ရှိ တယ်” ဟု စမ်းချောင်းမြို့နယ်မှ ချဲဒိုင်လုပ်ငန်း လုပ်ကိုင်ေ နသူ အ သက် ၄ဝ
ကျော်ခန့်ရှိ အမျိုးသမီးက ရှင်း ပြသည်။ဤအလုပ်ကို သူမ လုပ်ကိုင် နေသည်က နှစ်ပေါင်း ၂ဝ
ကျော် ခန့်ရှိခဲ့ပြီဖြစ်ပြီး တခြား အလုပ်များ လုပ်ကိုင် မစားတတ်တော့သလို ယခုလုပ်ငန်းကိုလည်း
မစွန့်လွှတ် နိုင်တော့ကြောင်း သူမက ဝန်ခံပါ သည်။
”အဲဒီတော့ ဒီလုပ်ငန်းက တရားဝင် မဟုတ်ပေမယ့်
တရား ဝင်သဖွယ် ဖြစ်နေတယ်။ ဟိုတုန်း ကတော့ ဘောက်ချာနဲ့ဆိုတော့ လက်ပူးလက်ကြပ်မိပြီး အဖမ်းခံရ
တာတွေ ရှိတယ်။ အခုတော့ ဖုန်း နဲ့ လုပ်ကြတယ်။ ရဲတွေဘာတွေ ရန်ပုံငွေအ တွက် လိုအပ်ရင်
တောင်းရင် ငွေကြေးကူညီရတာ တွေ ရှိပါတယ်။ ကျွန်မတို့က ကိုယ် တိုင် အမည်ခံမထားတော့ ရဲတွေ
လာ တောင်းတာမျိုးတော့ မရှိပါ ဘူး” ဟု သူမက ပွင့်လင်းစွာ ပြော သည်။
ပြည့်စုံသူများအတွက်တော့ ငွေ လေးငါးထောင်သည် မပြော ပလောက်သော်လည်း နှစ်လုံး ၅ဝ ဖိုး ပေါက်၍ရသော ၄ဝဝဝ ကျော် ဖြင့် မိသားတစ်စုလုံး ပျော်ရွှင်စွာ စားေ သာက်နေကြသည့် မြင်ကွင်း မျိုးကို နေရာအနှံ့တွင် တွေ့နိုင်ပါ သည်။ သို့သော် ထိုလောင်းကစားကို မလုပ်ကြသူများနှင့် မလိုလားသူ များလည်း ရှိသည်။ ”မထိုးတာက ကိုယ့်ဘက်က အရှုံးချည်းပဲလေ။ အကွက် ၁ဝဝ မှာ ပေါက်နိုင်ခြေက တစ်ကွက် တည်း။ ပတ်ဝန်းကျင်မှာတော့ ချဲထိုးပြီး ဘဝပျက်သွားတဲ့သူတွေ တွေ့နေရတယ်။
လောဘနောက်
လိုက်ပြီး ပျက်စီးကြတာတွေ မြင် နေရတယ်။ ဒီဟာတွေကို လုံးဝပျောက်သွားဖို့ ကြိုးစားခဲ့တာ
နှစ် ပေါင်းမနည်းတော့ ဘူးလေ။ အခု ထိ မအောင်မြင် သေးတာပဲ ရှိ တယ်။ ပျောက်ကွယ် သွားဖို့က
လွယ်မှ မလွယ်တာ” ဟု သာကေ တမှ အိုင်တီကုမ္ပဏီ ဝန်ထမ်း တစ်ဦးဖြစ်သူ အသက် ၂၈ နှစ်ရှိ ကိုရဲထွဋ်ဝင်းက
ပြော သည်။ တောင်ဥက္ကလာပမြို့နယ်မှ အသက် ၅ဝ အရွယ်ရှိ ဒေါ်မြင့်သန်း ကတော့ ”ချဲထိုးတယ်။
ချဲထိုးတာ ကို ဝါသနာပါတယ်။ ပိုက်ဆံလည်း လိုချင်တယ်။ အဲဒါကြောင့် နှစ်လုံး ထီကို နေ့တိုင်းထိုးဖြစ်တယ်။
သုံးလုံးတော့ မထိုးဘူး။ ကျွန်မတို့ ရပ်ကွက်မှာက မိန်းမတွေပဲအများ ဆုံး ထိုးကြတာ။ မိန်းမတွေက
ပိုက်ဆံများများ လိုချင်တယ်ေ လ။ ဒါပေမဲ့ ဆင်းရဲတဲ့ သူများတော့ များများစားစား မထိုးကြပါဘူး”
ဟု ဆိုသည်။
ဒဂုံမြို့သစ် (အရှေ့) မှ ဘွဲ့ရ ပြီး အလုပ်ရှာနေသော အသက် ၂၆ နှစ်ရှိ ကိုထွန်းမင်းထိုက် ကတော့ ”ကျွန်တော် မထိုးပါဘူး။ အသိတွေ ထဲမှာတော့ ရှိခဲ့ဖူးတယ်။ လင်မယား ပေါ့။ ချဲနဲ့ဘဝ ပျက်သွားကြတာ။ ဒိုင်ကိုင်တယ်။ ပြီးတော့ မလျော် နိုင်တော့ဘူး။ ဒီတော့ နှစ်ယောက် စလုံး အဖမ်းခံ ရတယ်။ အိမ်လည်း ရောင်းလိုက်ရတယ်။ ဒါပေမဲ့ ထောင်က ပြန်ထွက်လာတော့ ဒါပဲ ပြန်လုပ်။ နောက်တော့ ကြီးပွား သွားကြတယ်” ဟု သူ့အတွေ့ အကြုံကို ပြောသည်။ထို့နောက် သူကပင် ဆက်၍ ”ဒါတွေ ပျောက်ဖို့ ကတော့ ရဲတွေ ကိုလည်း အရေးယူတာတွေ လုပ်ရ မယ်။ ဘာလို့လဲဆိုတော့ သူတို့ကို တစ်လ ၁၅ သိန်းလောက် ပေးရ တယ်။ အဲဒါမပေးတာနဲ့ လကုန်ပြီး ၂ ရက်၃ ရက်ေ နရင် လာဖမ်းတော့ တာပဲ။ အဲဒီတော့အုပ်ချုပ်ရေးပိုင်းက နေပြီး သေချာကိုင်တွယ်ရမယ်။ ပြီးတော့ လူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖန်တီးပေး ဖို့လိုမ ယ်။ အလုပ်မရှိလို့ ထိုးနေကြ တာ။ အလုပ်ရှိရင် ဒါကို လှည့် တောင် ကြည့်နိုင်မှာ မဟုတ်ဘူး” ဟု သူ့ အမြင်ကို သုံးသပ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ ရရှိသော စာရင်းများအရ ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ် အတွင်း လောင်းကစား ဖမ်းဆီးမှု တွင် ၂ဝ၁၁ ခုနှစ်၌ အမှုပေါင်း ၉၆၅ မှု၊ တရား ခံကျား ၁ဝ၆၈ ဦးနှင့် မ ၅၂၆ ဦး၊ ဖမ်းဆီးရမိငွေ ကျပ် ၆၃၃၅ဝ၂၉၁ နှင့် ၂ဝ၁၂ ခုနှစ်တွင်အမှုပေါင်း ၁၂၃၉ မှု၊ တရားခံ ကျား ၁၂၉၇ ဦးနှင့် မ ၆၂၅ ဦးဖြစ်ပြီး ဖမ်းဆီးရမိငွေ ကျပ် ၉ဝ၂၃ဝ၄ဝဝ ဖြစ်ကြောင်း သိရ သည်။ ယခု ၂ဝ၁၃ အတွက် ပထမ လေးလပတ် ကာလအတွင်း ဝရဇိန် စီမံချက်ဖြင့် အရေး ယူဆောင်ရွက် လျက်ရှိပြီး ပထမလေး လပတ် အတွင်း ဖော်ထုတ် ဖမ်းဆီးရရှိမှု အပေါ် မူတည်၍ ဒုတိယ လေးလ ပတ်၊ တတိယ လေးလပတ်များ အတွက်ဆက်လက်ဆောင်ရွက် သွားမည်ဟု ရန်ကုန်တိုင်းေ ဒသ ကြီး ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
”နှစ်လုံးထီ၊ ချဲထီ လောင်း ကစားတွေ အပေါ် ဖော်ထုတ် ဖမ်းဆီးရုံနဲ့တော့ အပြည့်အဝ မအောင်မြင်နိုင်ပါဘူး။ ပြည်သူ တွေ ကိုယ်တိုင် ဒီလောင်းကစား မှုတွေက အကျိုးမ ရှိတာကို သိဖို့ လိုအပ်ပါတယ်” ဟု ¤င်းက ဆိုသည်။ ထို့ပြင် လောင်းကစား ဒိုင်များအပေါ် ပြည်သူများမှ သတင်းပေးဖော်ထုတ်မှု နည်းပြီး မည်သည့် ဂျာနယ်၊ မဂ္ဂဇင်း၊ အဖွဲ့အစည်းများမှ စနစ်တကျ စစ်တမ်းကောက်ယူပြုစုထားခြင်း များလည်း မရှိသေးပါကြောင်း ၄င်းက ထပ်လောင်းပြောသည်။
မည်သို့ပင် ဆိုစေကာမူ ဟူ သော စကား
လုံးသည် မပြည့်စုံ မှုနှင့် အားနည်းချက်ရှိသော အခြေ အနေများအတွက် ရှေ့မှ ခံသော စကားဖြစ်ပြီး
နှစ်ကာလများစွာ အမြစ်တွယ်နေသော အဆိုပါ လောင်းကစား၊ ဘောလုံးပွဲလောင်း ကြေးနှင့် မြင်မြင်ထင်ထင်
အားပေးသူများ၏ မကြောက်တရား အတွက် အဖြေကတော့ ရှိပါ သည်။သို့သော် အပေါ်ယံ မြင်သာ သော အမှိုက်များ
ရှင်းသော်လည်း ထိုအမှိုက်များ ဖြစ်တည်စေသော အပင်နှင့်အမြစ်များ မဖော်ထုတ် သမျှ အမှိုက်ကတော့
ပွနေဦးမည် သာ ဖြစ်ပါသည်။
ထို့အတူပင် ဟိုလူ့အပြစ် ပုံချ၊ ဒီလူ့အပြစ်ပုံချ စသည့် လုပ်ဆောင်ချက်များ
ပြု လုပ်ခြင်း ထက်အခြေ ခိုင်သော အစီ အမံများဖြင့် ယင်းလောင်းကစား နှိမ်နင်းရာတွင်အလုပ်အကိုင်
အစား ထိုးပေးနိုင်ရေး ကလည်း အလွန် အရေးကြီးသည်ဟု လူအများက သုံးသပ်ကြသည်။
တကယ်တော့ နှစ်လုံး၊ သုံး လုံးဟူသည် မြန်မာနိုင်ငံရှိ ပြည် သူများစွာ၏ ဘဝများထဲ အရိုးထိ အမြစ်တွယ် ပြန့်ပွားနေသော ကင် ဆာကဲ့သို့မြစ်ပွားနာ ဖြစ်နေခဲ့သည် မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဆေးမတိုး သေးသော အနာလည်း ဖြစ်ပါ သည်။ဘဝနေဝင် ဆည်းဆာချိန်သို့ ရောက်နေသော အဘိုးအို၊ အဘွား အိုများသာမက အရွယ်ရောက်စ လူငယ်လူရွယ်များ၊ အိမ်ထောင်ရှင် များ မိသားစုများစွာကြား ထိုမညှိုး သော ပန်း၏ရနံ့က စွဲထင် သင်းပျံ့ နေဆဲ ဖြစ်သည်။ သို့သော် ထို ပန်းသည် နှင်းဆီမဟုတ်။ အမြင့်မှ ဘဝကို မြေသို့ ပြုတ်ကျစေနိုင်ပြီး မြေပေါ်မှ ဘဝကို အောက်သို့ ငုံ့ လျှိုးသွားစေနိုင်သော အဆိပ်ပန်း သာ ဖြစ်သည်။
သို့သော် ထိုပန်းကတော့ ယနေ့ အထိ မညှိုးသော ပန်းအဖြစ် ဝေဆဲ…မကြွေသော ပန်းအဖြစ် ဝေဆဲ…။
သတင်းအချက်အလက်
မေဇင်ဝင်း၊ ညွန့်ဝင်း၊ ပြည့်ဖြိုး
အောင်ခွန်းဆက် ရေးဖွဲ့သည်။
ဓာတ်ပုံ ကေအိုင်စီ
Popular Myanmar News Journal Forward
No comments:
Post a Comment
Note: Only a member of this blog may post a comment.