Pages

Wednesday, April 3, 2013

အမုန်းတရားမဲ့၊ အကြမ်းဖက်မှုမဲ့၊ မျက်ရည်မဲ့ဘဝများ ဤမြေတွင် ပွင့်ပါစေသား

 
 
ရန်ကုန်က ရန်ကုန်မဟုတ်တော့။ ရန်ကုန်၏ ညများသည်လည်း အရင်လို ရန်ကုန်ညမျိုးမဟုတ်။လမ်းပေါ်မှာ လူတွေရှင်းနေသည်။ မိုးအလင်းဖွင့်တတ်သော လမ်းဘေး ဆိုင်များလည်း ဆိတ်သုဉ်းလျက်။ တဝေါဝေါဖြတ်သွားသော အငှား ကားများနှင့် ကိုယ်ပိုင်ကား တချို့ သာ မရှိလျှင်ရန်ကုန်ညသည် နယ် မြို့တစ်ခုနှင့် မခြား။ ညသည် လူများအိပ်စက်အနား ယူချိန်မို့ တိတ်ဆိတ်နေသည် ဆို သော်ငြား အခုတိတ်ဆိတ်ခြောက် သွေ့နေပုံက သမားရိုးကျမဟုတ်ပါ။ အထူးသဖြင့် ရန်ကုန်ညသည် ရန် ကုန် ညစတိုင်မှ ကွဲပြားကာ ညှိုး ရော် ချောက်ချားဖွယ်ကောင်းနေ ခြင်းကိုတော့ ဤရက်များအတွင်း သိသိသာသာ ခံစားနေရသည်က အသေအချာ ဖြစ်သည်။     ထိုခံစားမှုတွင် အဖြေရှိပါ သည်။ တကယ်တော့ရန်ကုန်၏ ညများက စိုးထိတ်မှု၊ ကြောက်ရွံမှု နှင့် ခြောက်အိပ်မက်များကြောင့် အနံ့အရသာ ပျောက်နေခြင်းပင် ဖြစ်သည်။ ထိုသို့သော နွေနေ၏ ရက် စက်သော အပူရှိန်မပြေသေးသည့်  ဧပြီလ ၂ရက် နံနက် ၃ နာရီအချိန် တွင် ဝမ်းနည်းဖွယ်ကောင်းသော ကံကြမ္မာဆိုးတစ်ခုက ရန်ကုန်ကို အလစ်အငိုက် တိုက်ခိုက်လိုက်သည်။

ဖုန်းသံများ ဆူညံသွားသည်။ နောက်ကျောမလုံ စိတ်ချလက်ချ မျက်လုံးမှိတ်မအိပ်နိုင်သော လူများ စွာ၏ စိတ်က ထိတ်ခနဲ ကြောက် လန့်သွားသည်။ စိုးတထိတ်ထိတ် ဖြင့် စိတ်လွတ်ကိုယ်လွတ် မနေနိုင် သော ရန်ကုန်နေ့ရက်တစ်ခု၏ အဖွင့် အရုဏ်မကျင်းသေးသော နံနက်ခင်းတစ်ခုက အ မင်္ဂလာ တရားဖြင့် တံခါးဖွင့်လိုက်ခြင်း ဖြစ်သည်။ ဗိုလ်တထောင် မြို့နယ်(၁ဝ) ရပ်ကွက်၊ ၄၈ လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား ရေကျော်ဗလီတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဗလီအတွင်းတပ်ဆင်ထားသော မီး အားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲ၍ လောင်ကျွမ်းခြင်းဟု မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ သည်။ မီးလောင်ရာသို့ အမှတ်(၂) တိုင်းမီးသတ်ဦးစီးဌာနမှ မီးသတ် ယာဉ် ၆ စီး၊ အုပ်ချုပ်မှု ယာဉ် ၇ စီးတို့ဖြင့် ရောက်ရှိငြှိမ်းသတ်ခဲ့ရာ နံနက် ၃နာရီ ၁ဝ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှု ဖြစ်ခြင်းသည် သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်မို့ ထူးဆန်းသည်ဟု မဆိုသာသော် လည်း ဤမီးလောင်မှုကတော့ စိတ်နှလုံးထိခိုက်ရသည့် ဝမ်းနည်း ကြေကွဲရသည့် အနိဋ္ဌာရုံတစ်ခု ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မီးလောင်မှုကြောင့် ဗလီအတွင်း အိပ်နေကြသော ကျောင်းသား ၇ဝ ဦးအနက် အပေါ်ထပ် ထပ်ခိုးတွင် အိပ်နေသော ကလေး ၁၃ ဦး မီး လောင်ဒဏ်ရာ မီးခိုးမွှန်ဒဏ်ရာ တို့ကြောင့် အိပ်လျက်သားသေဆုံး ခဲ့ရ၍ ဖြစ်သည်။ မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိယ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့ လာ ရောက်ကာ ဖြစ်ပွားရသည့် အမှုမှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးခဲ့ ကြသည်။ ထို့ပြင် ယင်းမီးလောင် မှုနှင့်ပတ်သက်၍နံနက် ၈ နာရီတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ခဲ့ပြီး တစ်နာရီ ခြားတစ်ခါ သတင်းထုတ်ပြန်ပေးခဲ့ သည်။ မီးလောင်မှုဖြစ်ရပ် တစ်ခုအား ဤမျှ အရေးတကြီး ဆောင်ရွက်နေ သည်က အလွန်တရာအဓိပ္ပာယ် ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် လက်ရှိ မြန်မာနိုင်ငံ၏ ဆူပွက် နေသော အခြေအနေများနှင့် ပဋိ ပက္ခအဓိကရုဏ်းများဆီသို့တာစူနေ သောအချိန်ကာလတွင် တိုက်ဆိုင် သောကံကြမ္မာနှင့်အတူ ကျောင်းသား လူငယ်များ သေဆုံးမှုဖြစ်ခဲ့သည့် ဗလီကျောင်းတစ်ကျောင်းမီးလောင် ခြင်းက ကြောက်မက်ဖွယ်ကောင်း သည့် အချိုးအကွေ့တစ်ခုဖြစ်ပွား နိုင်၍ ဖြစ်သည်။

ရခိုင်မှ အခြေပြုခဲ့သည့် ထိုလူ မျိုးရေး ပဋိပက္ခမီးက ရခိုင်မှ မိတ္ထီ လာ၊ မိတ္ထီလာမှ ပဲခူးအနောက်ခြမ်း တစ်စတစ်စကူးစက်လာနေရာ ရန် ကုန်သည် ကြိုတင်ကာကွယ်မှုအရ ည ၉ နာရီမှ နံနက် ၅ နာရီထိ ဈေးဆိုင်များဖွင့်လှစ်ရောင်းချခြင်း မပြုရန် လုံခြုံရေးဆောင်ရွက်ထား ခြင်းမှ လမပေါက်သေး၊ ယခုဖြစ်ရပ် ကြောင့် လူတို့၏ စိုးရိမ်စိတ်က ငယ်ထိပ်အထိတက်ခဲ့ရသည်။ ထို အထဲအထက်ပါအင်တာနက်ဝါဒဖြန့် မှုများက စနက်တံဆီလွင့်စေသော မီးပွားစများကဲ့သို့ပင် ဖြစ်သည်။

”မြန်မာ့အသံနဲ့ ရုပ်မြင်သံ ကြား သတင်းမှာ မီးလောင်မှုဖြစ် ပွားတဲ့ ဗလီကိုရိုက်ကူးပြသခဲ့တယ်။ အဲဒါကို ကြည့်ရင် ဗလီရဲ့ ပြင်ပ နံရံတွေ မီးဟပ်ထားတာမရှိဘူး။ အဆောက်အအုံ အပြင်ဘက်မှာ မီးလောင်ကျွမ်းထားတာ မရှိဘူး။ အပေါ်ထပ်ပြတင်း ပေါက်တွေရဲ့ အတွင်းဘက်မှာသာ မီးဟပ်ထား တာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် ဗလီဝင်ပေါက်ကို သံတံခါးနဲ့ သော့ ခတ်ထားတဲ့အတွက် မီးသတ်ဖို့ တောင် တံခါးကိုချိုးဖျက် ဝင်ခဲ့ရ တာကို မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သိနိုင်ပါတယ်။ ဒါ့ကြောင့် အပြင်ကနေ မီးရှို့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ မမှန်ကန် ကြောင်း တပ်ပြအပ်ပါတယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ အချိန်နှင့်တစ်ပြေးညီရှင်း လင်းပြောဆိုခဲ့သည်။၄၈ လမ်းအတွင်း ၁ဝ နှစ်နီး ပါး လမ်းလုံခြုံရေး လုပ်ကိုင်နေသူ ကိုမြင့်အောင်က ”နံနက် ၂ နာရီ ၄၅ လောက်မှာ ရေထသောက်တော့ နှာခေါင်းထဲမှာ ညှော်နံ့ရတယ်။ နောက်ပြီးမီးခိုးတွေထွက်တာတွေ့ တယ်။ ဒါနဲ့လမ်းမှာ စောင့်နေတဲ့ နောက်ထပ် နှစ်ယောက်ကို အ ကြောင်းကြားလိုက်တယ်။မသင်္ကာစရာလူစိမ်း လုံးဝမတွေ့ခဲ့ပါဘူး” ဟု ပြောခဲ့သည်။

ထိုကဲ့သို့ အမှားမခံနိုင်သည့် အခြေအနေကြောင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ယင်းနေ့ (ဧပြီ ၂ ရက်) မနက် ၁၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးခန်းမ ၃ တွင် သတင်းစာရှင်း လင်းပွဲတစ်ခု ချက်ခြင်းပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်ဆွေက အဆိုပါ ရှင်းလင်း ပွဲ၌ ”ဒီစာသင်ကျောင်းရဲ့ အားနည်း ချက်က တံခါးတွေအလုံကြီး ပိတ် ထားတယ်။ ဖြစ်တဲ့အချိန်တုန်းက ဆိုရင် သော့နှစ်ထပ်ခတ်ထားတယ်။ သူ့ရဲ့ ပတ်ပတ်လည်ပြတင်းပေါက်နဲ့ မြေညီထပ်က တံခါးတွေ အကုန်လုံး မှာ သံတိုင်တွေ၊ သံဆန်ခါတွေ အထပ်ထပ်ခတ်ထားတယ်။ တော်ရုံ တန်ရုံဖွင့်လို့မရဘူး။ မီးလောင်တော့ ကလေးတွေက အပြင်မထွက်နိုင်ဘူး။ မထွက်နိုင်တဲ့အတွက် ဆင်းရမှာ လည်း ဒီတစ်ပေါက်တည်း။ အောက် ထဲကို ဆင်းရမှာ၊ လောင်တာကလည်း ဒါပဲဆိုတော့ ကလေးတွေ အပြင် အချိန်မီ မရောက်တဲ့အတွက် မီးခိုး ငွေ့တွေထိပြီး အသက်ရှုကျပ်သေဆုံး ကြရတာပါ”ဟု ဖြစ်ပွားပုံကို ပြောခဲ့ သည်။ ထို့ပြင် ”အဲဒါက တစ်စုံတစ် ယောက်က လုပ်တာမဖြစ်နိုင်ဘူးလို့ အကြမ်းဖျင်းတော့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ သို့သော်လည်းပဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး တိတိကျကျ အဖြေပေါ်အောင်လုပ် မယ်။ မနေ့ကအထိတော့ ကျွန်တော် တို့ကင်းအဖွဲ့တွေ အကြမ်းဖျင်းစစ် ဆေးတော့ ဘာမှမသင်္ကာစရာမတွေ့ ဘူး။ အားလုံးလည်းသိကြတဲ့အတိုင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတော့ ည ကျရင် ၉နာရီ တော်ရုံ မထွက်ကြ တော့ဘူး။ ဒီလိုမျိုး မနက်ဆို ပိုပြီး တော့ ကင်းချထားတယ်” ဟု ၎င်း က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲနောင်သိန်း ကလည်း ”ဒီနေ့ မနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က အစ္စလာမ်ဘာသာကြီး ၅ ဖွဲ့ကို ခေါ်ပြီး အစည်းအဝေးလုပ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လောလော ဆယ် ချို့ယွင်းချက်အနေနဲ့မြင်တာ မီးအားမြှင့်စက်ပေါ့။ မီးအားမြှင့်စက် ကမီးမြင့်ပြီး အပူဒဏ်မခံနိုင်လို့လောင် တယ်လို့ယူဆပါတယ်။ အဲလိုယူဆတဲ့ နေရာမှာတစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ကျွန်တော်တို့ ရန်ကုန်မြို့ကို စိုးရိမ် နေတာက လုပ်ကြံဖန်တီးမှုတစ်ခုလို့ ယူဆနေတာကြောင့် ကျွန်တော်တို့ အနေနဲ့ လုပ်ကြံဖန်တီးမှုလား အမှန် တကယ် မီးအားမြှင့်စက်ကြောင့် လားဆိုတာကို အဖြစ်မှန်စစ်ဆေး ဖော်ထုတ်ဖို့အတွက် တောင်းဆိုပါ တယ်။ ဝန်ကြီးချုပ်ကလည်းအမြန်ဆုံးကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ကော်မတီဖွဲ့ပြီးအမြန်ဆုံး အမှန်ဆုံး ဖော်ထုတ်ပေးမယ်လို့ပြောပါတယ်” ဟု ဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေး ဒုတိယ အင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က

”စစ်ဆေးတွေ့ရှိချက်အရ မီးအား အလွန်အကျွံမြင့်တက်လို့ မဟုတ် ဘဲ မီးအားမြှင့်စက်ကြောင့်ဖြစ်တာတွေ့ရတယ်။ မီးအားမြှင့်စက်မှာ ဗို့အားကို Regulator  သုံးထားတယ်။ ပြီးတော့ သူက Manual  ဖြစ်နေတယ်။ ည ဘက်ကျတော့ မူလထဲကတင် ထား တဲ့အားကို ပြန်မချတော့အပူလွန်ကဲ ပြီးစလောင်တာ။ လျှပ်စစ်ဓာတ်အား မြင့်တာနဲ့ မဆိုင်ဘူး”ဟု ရှင်းလင်းခဲ့ သည်။ ယင်းအချိန်ကာလတွင် အင် တာနက်စာမျက်နှာ အချို့၌ ဆူပူမှု ဖြစ်စေနိုင်သော သွေးထိုးလှုံ့ဆော်မှု များဖြင့် လှုပ်ခတ်နေခဲ့သော်လည်း အများစုအနေဖြင့်မျှတစွာရှုမြင်ကြ ပြီး အဓိကအားဖြင့် သေဆုံးခဲ့ကြသော ကလေးများအတွက် ဝမ်းနည်းမှုဖြင့် စိတ်ထိခိုက်ခံစားမှုများကို ရေးသား ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော် လဝီအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးကျော်စိုးကလည်း ”ဘယ် လိုပုံစံနဲ့ ဖြစ်တယ်ဆိုတာကိုသိဖို့က အစည်းအဝေးထိုင်ပြီး ဖြစ်ရပ်မှန်ကို
ကော်မရှင်ဖွဲ့လုပ်နေတယ်လို့သိရတယ်။ ထွက်လာတဲ့အဖြေပေါ်ကြည့်ပြီး တော့မှ ပြောလို့ရမယ်။ အခုဟာက မမြင်တွေ့ရဘဲသုံးသပ်မှု မပြုနိုင်ဘူး။ ဒါက လတ်တလောဖြစ်ပေါ်နေတဲ့ ကိစ္စရပ်၊ ဒါကို ဥပဒေအတိုင်း စုံစမ်း ဖော်ထုတ်မယ်လို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ပြောထားတာပဲ။ ဒီကိစ္စ ကြောင့်တော့ လူမျိုးရေး၊ ဘာသာ ရေး ပဋိပက္ခဖြစ်ဖို့မရှိဘူး။ ရန်ကုန် တိုင်းအစိုးရအဖွဲ့ကလည်း ဒါကို အဖြစ်မခံပါဘူး”ဟု သုံးသပ်သည်။

ယင်းမီးလောင်မှုမှာ လတ်တ လောစစ်ဆေးမှုများအရ မီးအားမြှင့် စက် အပူလွန်ကဲရာမှ ဖြစ်ပွားခြင်းဟု သိရပြီး အဓိကတာဝန်ရှိသည့် ဗလီ တာဝန်ခံနှစ်ဦးအား အမှုဖွင့်အရေး ယူထားသည်ဟုသိရသည်။ နံနက် ၁၁နာရီတွင် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲ၌ ရန် ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်က ”ဗလီ တာဝန်ခံနှစ်ယောက်ကို အမှုဖွင့် အရေးယူထားတယ်။ အခုသေဆုံး သွားတဲ့သူတွေက မီးခိုးမွှန်ပြီး သေ ဆုံးတယ်ဆိုတဲ့ ဆရာဝန်ရဲ့ ဆေးစစ် ချက်အရသိရတယ်။ ဒီဖြစ်စဉ်က ဝါ ယာရှော့ဖြစ်တာ။ ဒါကို ဖုံးချင်ဇောနဲ့ မသမာမှုတွေလို့ လျှောက်ပြောနေ တယ်။

လမ်းတိုင်းလမ်းတိုင်းမှာ အ လှည့်ကျကင်းလှည့် စနစ်ထားပါ တယ်။ ဘယ်လူစိမ်းမှ အဝင်မရှိဘူး။ အပြင်ပယောဂမပါတဲ့အတွင်းက ဖြစ် စဉ်ကြောင့် ဖြစ်တယ်။ ဒီဝါယာရှော့ ဖြစ်တယ်ဆိုတာက လျှပ်စစ်ကျွမ်း ကျင်သူရော၊ မီးသတ်ရော ဒီပုဂ္ဂိုလ် တွေရဲ့ သုံးသပ်ချက်တွေပါ။ ဒီမီး လောင်မှုမှာ ဗလီတာဝန်ရှိသူတွေ တာဝန်ပေါ့လျော့တယ်။ မီးလောင်နေ တာသိရက်နဲ့သော့ကိုင်သူက တံခါး ဖွင့်မပေးဘူး” ဟု ဆိုခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမြင့်ဆွေကလည်း ”အမှန် ဆိုရင် သူတို့လေးတွေ မသေသင့်ဘဲ သေသွားတာပါ။ ဗလီဆရာတွေရဲ့ မှားယွင်းစွာ ဆုံးဖြတ်မိလို့ပါ။ သူတို့ သာသော့ဖွင့်ပေးမယ်ဆိုရင် ကလေး တွေကို ကယ်တင်နိုင်မှာပါ။ တာ ဝန်ခံဖြစ်တဲ့နှစ်ဦးကို အရေး ယူပါ မယ်”ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲနောင်သိန်းက လည်း ထပ်မံ၍ ”ကလေးတွေရဲ့ မျက်မြင်ကိုယ်တွေ့ ဖြစ်စဉ်တွေလည်း ကျွန်တော်တို့ မေးမြန်းထားပါတယ်။ ဒါတွေကတော့ အခုရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့က ကော်မရှင် ဖွဲ့ပြီး စုံစမ်းမှာဖြစ်တဲ့အတွက် ကော် မရှင် အဖြေလေး စောင့်စေချင်ပါ တယ်။ ကော်မရှင်ကတော့ကျွန်တော် တို့လည်း မေတ္တာရပ်ခံတယ်။ ဝန်ကြီး ချုပ်ကလည်း ပြတ်ပြတ်သားသား ပြောပါတယ်။ အမှန်ဆုံးဖြစ်အောင် လုပ်ပေးမှာပါ။ ဒီကော်မရှင်က တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေ နဲ့ဖွဲ့စည်းပြီး အမှန်ဆုံးဖော်ထုတ် မှာပါ။

ဘာကြောင့်လဲဆိုတော့ ရန် ကုန်မြို့က မြန်မာနိုင်ငံ မွတ်ဆလင် အများစု စိတ်ဝင်စားတဲ့နေရာ ဖြစ် တယ်လေ။ ဒီနေရာမှာ အမှားအယွင်း တစ်စုံတစ်ခုဖြစ်ခဲ့ရင် တစ်နိုင်ငံလုံး ပြန့်သွားဖို့အချိန်က မဆိုင်းတော့ဘူး။ အဲဒါကြောင့် ဒီနေရာမှာ အမြန်ဆုံး အမှန်ဆုံးဖော် ထုတ်မယ်ဆိုရင် တစ် နိုင်ငံလုံးရဲ့ဂယက်ကလည်း အေးချမ်း သွားမှာပါ။ အဲဒီအတွက်ကြောင့် အမြန်ဆုံးနဲ့ အမှန်ဆုံး ဖော်ထုတ်ပေး မယ်လို့ ဝန်ကြီးချုပ်ကကတိပေးပါ တယ်” ဟုဆိုခဲ့ပြီး ယခုအခြေအနေ အရကြောက်ရွံ့မှုခံစားရခြင်းနှင့် ပတ် သက်၍မူ ”ကျွန်တော်တို့က အမှန် တရားပဲလိုချင်တာ။ အမှန်တရား ပေါ်ပေါက်ဖို့ ကျွန်တော်တို့ ကြားတာ မြင်တာတွေ့တာကိုလည်း သက်ဆိုင် ရာကို တင်ပြပြောဆိုထားပါတယ်။ မီဒီယာကိုလည်း တရားဝင် ဗျုးထား ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ထိန်ချန်တာ လျှို့ဝှက် တာဘာမှမရှိပါဘူး”ဟု ဆိုခဲ့သည်။

မီးလောင်မှုကို မျက်မြင်ကြုံ တွေ့ခဲ့ရပြီးအသက်ဘေးမှ လွတ် မြောက်ခဲ့သော ကလေးများနှင့်ပတ် သက်၍ ¤င်းက ”လောလောဆယ် မှာ ကလေးတွေကို လုံခြုံတဲ့နေရာ မှာ အေးအေးချမ်းချမ်းနား နေခွင့်ပေး ထားတာပါ။ မိဘရပ်ထံကို ကျွန်တော် တို့ပြန်မပို့သေးပါဘူး။ ဒီကိစ္စက မမျှော်လင့်ဘဲ ကြီးကြီးမားမားဖြစ် တယ်ဆိုတော့ ဒီကိစ္စကို လောလော ဆယ်မှာ ကျွန်တော်တို့ အပြင်ကို မထုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဆို တော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုံလောက်အောင် ပြည့်စုံအောင် မှာ ကြားထားတာမို့ တိုင်းဒေသကြီး အစိုးရနဲ့ ပူးပေါင်းပြီး အမှန်တရား ပေါ်ပေါက်ဖို့ဆောင်ရွက်သွားမှာပါ”ဟု ထပ်လောင်းပြောခဲ့သည်။

မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းကြားရပြီးနောက် မင်္ဂလာ တောင်ညွန့်၁ဝ၁ လမ်းထိပ်မှ M.M ယောင်နက်အစ္စလာမ်ဗလီတွင် လာ ရောက်၍ ကူညီပေးခဲ့သော သုဝဏ္ဏ ဘက်တွင် ကိုယ်ပိုင်ဆေးခန်း ဖွင့် ထားသည့် အစ္စလာမ်ဘာသာဝင် ဆရာဝန်(အမည်မပြော)က ”တစ် ယောက်က လက်က ဒီလိုခေါက်သွား တာပေါ့ (လက်ဖမိုးနေရာကို ကွေးပြ ရင်း) လက်က ကျိုးသွားတာလား ခေါက်သွားတာလား မသိဘူး။ ဒါပေ မဲ့ ကျွန်တော် ဘန်ဒေ့စည်းပေးလိုက် တယ်။ နောက်တစ်ယောက်ကျတော့ ခြေသန်းကွဲသွားတယ်။ သူ့ကိုတော့ မေးခိုင်ကာကွယ်ဆေးထိုး ပေးလိုက် တယ်။ အနာကိုဆေး ထည့်ပေးလိုက် တယ်။ နောက်တစ်ယောက်ကကျ တော့ ဒူးနည်းနည်းနာသွားတယ်။ ဒီလောက်ပဲ ။ ဟိုမှာတော့ ဘယ် လောက်သေလည်း ကျွန်တော်မသိ ဘူး။ ကျန်တဲ့အပိုင်းကတော့က လေးတွေ အေးဆေးပဲလား အေး ဆေးပါပဲ။ ဆရာတစ်ယောက်ကတော့ လက်မောင်းမှာ မီးဟပ်ထားတဲ့ ဒဏ် ရာလေးရှိတယ် ။ အရေပြားတော့ ဘာမှမဖြစ်ဘူး။ ပူတယ်လို့ပဲသူပြော တယ်။ အရေပြားနည်းနည်း နီနေ တယ်။ ဒါပဲ” ဟု ပြောပြသည်။

မည်သို့ပင်ဆိုစေ မီးလောင်မှု အရ ဗလီမှ မီးအားမြှင့်စက်တစ်လုံး၊ အဆောက်အအုံလှေကားနှင့် ကြမ်း ခင်းများအပါအဝင် ဆုံးရှုံးမှုငွေကျပ် တန်ဖိုးအားဖြင့် ကျပ် ရှစ်သိန်းငါး သောင်းနှင့် အသက် ၁၂ နှစ်မှ ၁၆ နှစ်ထိ ပါဝင်သော ကလေးကျား ၁၃ ဦး သေဆုံးခဲ့ရသည်။ လက်ရှိ အခြေအနေအရ အရပ် သားအစိုးရတက်လာပြီး အတန်အ သင့်ပွင့်လင်းလွတ်လပ်သည့် ကာလ တစ်ခုသို့ရောက်ချိန် နိုင်ငံအနေဖြင့် ရှေ့သို့သာသွားရမည့်အစား မလို လားအပ်သော လူမျိုးရေးနှင့်ဘာသာ ရေးပဋိပက္ခကို ဦးတည်သည့်အကြမ်း ဖက် လှုံ့ဆော်မှုများကတော့ အခွင့် ကောင်းကို ချောင်းနေပြီဖြစ်သည်။ ယင်းအခြေအနေတွင် လှုံ့ဆော် မှုကို မရည်ရွယ်ဘဲ အားပေးမိလျက် သားဖြစ်နိုင်သည့် အခြေအနေများကို သတိထားရှောင်လွှဲရမည်ဖြစ်ပြီး သြ ဇာသက်ရောက်မှုရှိသည့် အင်တာ နက်ကဲ့သို့

လူမှုဝက်ဘ်ဆိုက်များအနေ ဖြင့်လည်း အမုန်းတရားများ မပြန့် ပွားရန် သတိထားသင့်ကြောင်း နိုင်ငံ ရေး လေ့လာသူများက သုံးသပ် သည်။ ၎င်းအပြင် ပြန်ကြားရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က လည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ကောလာဟလများကို လွယ်လွယ်ကူကူ မယုံကြည်ကြရန်နှင့် မီဒီယာ များအနေဖြင့်လည်း သတင်းမှန်ဖြစ်စဉ် အမှန်ကို ထုတ်ပြန်ပေးကြရန် အရေးကြီးကြောင်း သုံးသပ်ရေးသား ထားသည်။

ဒီမိုကရေစီလမ်းပေါ် စတင် လျှောက်လှမ်းခွင့်ရချိန် ဤကာလ တွင်မှ ယင်းကဲ့သို့ ပဋိပက္ခများ ပိုမို များပြားလာခြင်းသည် တိုင်းပြည်ကို အရောင် မထွက်စေလိုသူများ ကြောင့်လော၊ ပြောင်းလဲတိုးတက် မှုကို မမြင်လို၍ အာဏာနှင့်နေရာ အသက်ဆက်ချင်သူများကြောင့် လော။ သို့တည်းမဟုတ် ဖြစ်နိုင် ခြေများကတော့ ဖြစ်နိုင်သည်သာ ချည်းပင်။ သို့သော် အခွင့်အခါ ကောင်း ခေတ်စနစ်ပြောင်းချိန်ကျမှ ဤကဲ့သို့ အခြေအနေများ အသက် ဝင်လာခြင်းကတော့ တိုင်းပြည်နှင့် ပြည်သူအတွက် ရတက်မအေးစရာ ပင် ဖြစ်သည်။

ရန်ကုန်သည် ယခင်ပျော်ရွှင် ဖွယ် ကောင်းသော မြို့ပြဆန်မှုများ ဖြင့် ရန်ကုန်သာ ဖြစ်စေလိုပါသည်။ရန်ကုန်သာမက မြန်မာတစ်နိုင်ငံလုံး ရှိသမျှ နေရာဌာနတိုင်းတွင်လည်း ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ အကာ အကွယ်နှင့်လုံခြုံမှုမဲ့သည့် နေ့ည အချိန်များမရှိစေလိုပါ။ စိတ်ချလက် ချအိပ်စက်နိုင်သော ညများနှင့်အတူ စားဝတ်နေရေးအတွက် နေ့ည အချိန်မရွေး လုံခြုံသော လူမှုပတ် ဝန်းကျင်ထဲ အားလုံးရှင်သန်နေချင် ကြပါသည်။ ဤနေရာတွင် လူတိုင်းမလို လားသော အကြမ်းဖက်မှုများရှိနေ သည်ဟု ယူဆပါက စကားဟောင်း ဖြစ်သည့် အစိုးရနှင့်ပြည်သူ လက် တွဲ၍ တိုင်းပြည်ကို ထူရမည့်အချိန် ရောက်လာပြီဟုဆိုရမည် ဖြစ်သည်။

အယူအဆမတူကြသော် လည်း ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်နိုင်ရေးသည်   တိုင်းပြည်အတွက် အရေးပါသော မူဝါဒဖြစ်ပြီးမည် သည့် အရာတစ် ခုကမှ ပြာသာဒ်ကို မီးလောင်စေမည့် အမှိုက်များမဖြစ်စေ လိုသည်ကတော့ အားလုံး၏ဆန္ဒ ပင်ဖြစ်ပါမည်။လက်ရှိဖြစ်ရပ်အတွက် သက် ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လည်း  လျှပ်စစ်၊ မီးသတ်၊ တိုင်း သာသနာရေး၊ တိုင်းရဲတပ်ဖွဲ့နှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင် များပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ ကာ ဖြစ်စဉ်နှင့်ပတ်သက် ၍ အမှန်တရားပေါ်အောင် ဆောင် ရွက်မည်ဟုလည်း တရားဝင် ထုတ် ပြန်ထားပြီး ဖြစ်သည်။ထို့အတွက် အမုန်းတရားကို အခြေခံသောအတ္တနှင့်ဆန္ဒကို အသီး သီးထိန်းကာ ငြိမ်းချမ်းရေးအတွက် အတူယှဉ်တွဲ၍ အကြမ်းဖက်မှုမပါ သော တိုးတက်ပြောင်းလဲမှုကို တည် ဆောက်ရမည်ဟု ယုံကြည်ပါသည်။

၂ဝ၁၃ ကတော့ မြန်မာနိုင်ငံအတွက် အမှားမခံသော စိန်ခေါ်မှုများနှင့် စောင့်နေပြီဖြစ်သည်။ ရခိုင်၊ မိတ္ထီ လာ၊ ပဲခူး စသဖြင့် စသဖြင့် မည့် သည့်အရပ်ဒေသတွင်မှ အမုန်းတရား မရှိစေရ။ မည်သည့်အကြောင်းရင်းကြောင့်ဖြစ်ဖြစ် အပြစ်မဲ့သူများ အသက်မဆုံးစေရ။ လောကပါလတရားများနှင့် အတူ ပြည်သူကတော့  ငြိမ်းချမ်းပျော် ရွှင်ဖွယ်ကောင်းသော ရန်ကုန်ညတွေ အမြန်ပြန် လာနိုင်ပါစေဟူသောဆု တောင်းသံများရင်ထဲတွင် ညံနေကြ ပြီ ဖြစ်ပါသည်။

ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်