Pages

Friday, March 29, 2013

မိတ္ထီလာမှ စတင်ကာ နေရာအချို့ထိ ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းစေရေး ဘာသာပေါင်းစုံ ဆုတောင်း

မိတ္ထီလာမြို့မှ စတင်ကာ မြန်မာနိုင်ငံ နေရာအချို့ထိ ပျံ့နှံဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူနှင့် မွတ်ဆလင်ဘာသာတို့ စုပေါင်း၍ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ၂၈-၃-၂၀၁၃ ရက် ညနေက YMCA ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

“အချင်းချင်း မေတ္တာထားရင် ဒီလိုရန်တွေ ပွားပါ့မလား၊ ဒါကြောင့် မေတ္တာဆောင်၊ သစ္စာနှောင်ပြီး ဘယ်ဘာသာ၊ ညာဘာသာ မတွေးဘဲ မေတ္တာတရား လက်ကိုင်ထား၊ သစ္စာတရား လက်ကိုင်ထားရင် ရန်တွေမပွားဘူး” ဟု အဆိုပါ အခမ်းအနားကို ကြွရောက်ခဲ့သည့် မင်းကွန်းတိပိဋကဓရ ဆရာတော် ဦးကောဏ္ဍညက မိန့်ကြားခဲ့သည်။ အဆိုပါ အခမ်းအနားကို စီစဉ်ခဲ့သည့် လူငယ်ကိုသက်ဆွေဝင်းက လူငယ်များ၏ စိတ်တွင် ငြိမ်းချမ်းစွာ နေထိုင်လိုစိတ်ရဲ့ လက်ရှိ အနေအထားကို မနှစ်သက်ကြကြောင်း ပြောသည်။

“လက်ရှိ ကျွန်တော်တို့ သက်တမ်းမှာ ဒါမျိုးပဋိပက္ခကို တစ်ခါမှ မကြုံဖူးဘူး။ ဘယ်သွားသွား၊ ဘယ်လာလာ မလုံခြုံမှု၊ သံသယဖြစ်မှုတွေ ဖြစ်နေတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် ဒီပွဲလေးကို စီစဉ်တာပါ။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို ဘယ်သူကမှ ပျက်စီးစေချင်ကြမှာ မဟုတ်ဘူး”ဟု ယင်းက ဆိုသည်။ အခမ်းအနားကို ဘာသာပေါင်းစုံမှ အကြီးအကဲများအပြင် မီဒီယာများစွာ တက်ရောက်ခဲ့ပြီး ယင်းအခမ်းအနားတွင် “ကျွန်ုပ်ကြောင့် လူမျိုးရေး၊ ဘာသာရေး၊ အဓိကရုဏ်း မဖြစ်ရ” စာတမ်းပါ T ရှပ်အင်္ကျီများကို တက်ရောက်လာသူများအတွက် အခမဲ့ ဝေငှခဲ့ကြကာ မြန်မာနိုင်ငံအတွက် ဆုတောင်းမှတ်တမ်းများ ရေးသားခြင်း၊ ကဗျာများ ရွတ်ဖတ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်