Pages

Friday, March 29, 2013

နိုင်ငံတော် တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရေစီ ကျင့်စဉ်များနှင့် အညီ ဆောင်ရွက်သွားမည်

နယ်ချဲ့ အင်္ဂလိပ်တို့ မြန်မာ့ မြေပေါ်မှ ဆုတ်ခွာ သွားပြီးနောက် ၁၉၄၂ ခုနှစ် ဇွန် ၁ ရက်တွင် မန္တလေး မြို့မှ ထုတ်ဝေသော တိုင်းချစ် သတင်းစာ၌ ဗမာ့ လွတ်လပ်ရေး တပ်မတော်၊ ဗဟို စစ်ရုံး အတွင်းရေးမှူး ဗိုလ်ဗတင် လက်မှတ် ရေးထိုးထားသည့် ကြေညာချက် တစ်ခု ဖော်ပြ ခဲ့သည်။ ကြေညာချက်မှာ ''ဗမာ့ လွတ်လပ်ရေး တပ်မတော် ဆိုတာဘာလဲ''        ဟု ခေါင်းစဉ် တပ်ထားပြီး ဗမာ့ လွတ်လပ်ရေး တပ်မတော် ဆိုသည်မှာ ''ဗမာ တစ်မျိုးသား လုံး၏ လွတ်လပ်ရာ လွတ်လပ်ကြောင်း အတွက် လူလားမြောက်သူ၊ ကျန်းမာသူ ဗမာတိုင်း ဗမာတိုင်း ပါဝင်သော တပ်ကြီးဖြစ်သည်။ ၎င်းတပ်ကို သခင်တပ်ဟု အချို့က ထင်မြင် ကြသော်လည်း သခင်များ၏ တပ်မဟုတ်၊ ဂိုဏ်းဂဏ ပါတီမရွေး ဗမာ့ လွတ်လပ်ရေးကို လိုလားသူတိုင်း ပါဝင် သော တပ်သာလျှင် ဖြစ်၏။ ဗမာ တစ်မျိုးသား လုံးနှင့် သက်ဆိုင်၏။ လွတ်လပ်ရေး ဆိုသည်မှာ အပြောနှင့် ပြီးနိုင်သော ကိစ္စမဟုတ် လုပ်ယူမှ ရ၏။ ဗမာ့ လွတ်လပ်ရေး တပ်မတော် ကြီးနှင့်သာလျှင် ဗမာ့ လွတ်လပ်ရေးကို ရအောင် ယူနိုင်မည်။ ရပြီးသော လွတ်လပ်ရေးကို မဆုံးရှုံး ရအောင် ကာကွယ် နိုင်ပေ မည်'' ဟူ၍ ဖြစ်သည်။
 
ဗမာ့ လွတ်လပ်ရေး တပ်မတော်၏ ရည်မှန်းချက် တာဝန်ကို ဖော်ပြရာ၌ ဗမာ့ လွတ်လပ်ရေး တပ်မတော်သည် ဗမာအားလုံး နိုင်ငံရေး ညီညွတ်မှု ရရှိအောင် လုပ်မည်ဖြစ်၏။ တကယ့် လွတ်လပ်ရေးကို လိုလားသူ တို့သည် တစည်း တရုံးတည်း ရှိအောင် လုပ်မည်ဖြစ်၏။ ဗမာ့ လွတ်လပ်ရေးကို အနှောင့်အယှက် ပြုသူ ဆူးငြောင့်ခလုတ် ဖြစ်သူတို့ကို ရှင်းလင်းပစ်မည် ဖြစ်၏။ ဗမာ့ လွတ်လပ်ရေး တပ်မတော်သည် ရှမ်း၊ ချင်း၊ ကချင် စသော တိုင်းရင်းသား တို့နှင့် တစ်သွေးတည်း တစ်စိတ်တည်း ရှိ၏။ ဗမာပြည် အတွင်းရှိ တိုင်းရင်းသား အားလုံးတို့၊ ဗမာ အပေါင်းတို့သည် အခွင့်အရေး တန်းတူ ရစေမည် ဖြစ်၏။ ထို့ကြောင့် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အလုံး အရင်းနှင့် ဝင်ကြလော့။ အချိန်ရှိခိုက် စစ်အတတ်နှင့် လက်နက်ကိုင် ပညာကို အကုန် သင်ပေးမည်။ တပ်ကြီး တည်တံ့ရေး အတွက် ရိက္ခာထောက်ပံ့ ကြကုန်လော့၊ သွားလာရေး လွယ်ကူမှု အတွက် ယာဉ်ရထားများ ထောက်ပံ့ကြလော့၊ နေရာ ထိုင်ခင်းများ စီစဉ်ပေးကြ ကုန်လော့ဟု တွေ့ရသည်။
 
တပ်မတော်သည် နိုင်ငံတော် လွတ်လပ်ရေး အတွက် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် ဖက်ဆစ် တော်လှန်ရေး တို့တွင် ပြည်သူတို့နှင့် အတူ စွန့်လွှတ်စွန့်စား တိုက်ပွဲ ဝင်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းမှ ရောင်စုံ သောင်းကျန်းသူ များကို ရှိသည့် အင်အားဖြင့် ချေမှုန်း ခဲ့ရသည်။ ထို့အပြင် ပြည်ပ ကျူးကျော်သူ ကူမင်တန် တပ်များကိုလည်း နဂါးနိုင် စစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေး ကြီးများ ဆင်နွှဲကာ ပြည်ပသို့ မောင်းထုတ် နိုင်ခဲ့သည်။
 
တပ်မတော်သည် လွတ်လပ်ရေး ရပြီး ပေါ်ပေါက်ခဲ့သော ပြည်တွင်း သောင်းကျန်းမှုကို ဆယ်စုနှစ် ငါးစုကြာမျှ နှိမ်နင်း ခဲ့ရသည်။ ပြည်တွင်း သောင်းကျန်းမှုကို ပြည်သူတို့နှင့် အတူ လက်တွဲ ချေမှုန်းခဲ့ရာ ၁၉၆၈ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၊ ၁၉၇၅ ခုနှစ်တွင် ပဲခူးရိုးမ ဒေသတို့ကို အဖြူရောင် နယ်မြေအဖြစ် သတ်မှတ် နိုင်ခဲ့သည်။ တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါး အတွက် မတိုက်လျှင် မဖြစ်၍သာ တိုက်နေရခြင်း ဖြစ်ရာ ပြည်တွင်း ငြိမ်းချမ်းရေးကို အစဉ်တစိုက် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ၁၉၈၉ ခုနှစ်မှ စ၍ တပ်မတော်၏ စေတနာကို နားလည် လာကြသော တောတွင်း လက်နက်ကိုင် အဖွဲ့များ ဥပဒေ ဘောင်အတွင်း ဝင်ရောက် ခဲ့ကြပြီး မိမိတို့ ဒေသ ဖွံ့ဖြိုးရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းများကို နိုင်ငံတော် အစိုးရနှင့် အတူ လက်တွဲဆောင်ရွက် နေကြပြီ ဖြစ်သည်။
 
တပ်မတော်သည် ပြည်သူတို့ လိုလား တောင့်တနေသော ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး အတွက် နိုင်ငံတော် ရှေ့ဆက် သွားမည့် မူဝါဒ လမ်းစဉ် (၇)ရပ်ကို ၂ဝဝ၃ ခုနှစ် သြဂုတ် ၃ဝ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပြီး အဆင့်ဆင့် အကောင် အထည်ဖော် ခဲ့ရာ ၂ဝ၁၁ ခုနှစ် မတ် ၃ဝ ရက်တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသို့ နိုင်ငံတော် တာဝန် အရပ်ရပ်ကို ချောမွေ့စွာ လွှဲပြောင်း ပေးနိုင် ခဲ့ခြင်းအား ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ကြီးနှင့် နိုင်ငံ တကာက အသိအမှတ် ပြုခဲ့ ကြသည်။
 
နိုင်ငံတော်တွင် ခေတ်စနစ် မည်သို့ ပြောင်းစေကာမူ နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အမျိုးသား အကျိုး စီးပွားကို ထာဝစဉ် သယ်ပိုးနေမည့် တပ်မတော်၏ အခန်း ကဏ္ဍနှင့် စပ်လျဉ်း၍ (၆၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က မိန့်ခွန်း ပြောကြား ရာ၌ ''တို့တပ်မတော် စတင်ဖွဲ့စည်း ကတည်းက လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ ဆိုပြီး နိုင်ငံတော် လွတ်လပ်ရေး အတွက် အဓိက တိုက်ပွဲ ၀င်ခဲ့ကြတယ်။ တပ်မတော်သည် နိုင်ငံတော် အတွက် ဖြစ်ရမယ် ဆိုတဲ့ တိုင်းပြည် ချစ်စိတ်။ နိုင်ငံ ချစ်စိတ်နဲ့ ဆောင်ရွက် ခဲ့ကြတာ ဖြစ်တယ်''ဟူ၍လည်းကောင်း၊ ''တပ်မတော် ဟာနိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ဒီမီကရေစီ ကျင့်စဉ်များနှင့် အညီ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုး တိုးတက်မည်၊ စည်းလုံး ညီညွတ်စွာဖြင့် အလုပ်လုပ်မှ ဖွံ့ဖြိုး တိုးတက်မည်၊ စည်းကမ်းရှိမှ ဖွံ့ဖြိုးတိုးတက်မည် ဆိုသည့် အတိုင်း နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် တက်ညီလက်ညီ လုပ်ဆောင်သွားရန် လိုကြောင်း'' ဟူ၍လည်းကောင်း လမ်းညွှန် မိန့်ကြားခဲ့သည်။
 
သို့ဖြစ်၍ အမျိုးသားရေး အင်အားစု ပြည်ထောင်စု တပ်မတော်သည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဒီမိုကရေစီ ကျင့်စဉ်များနှင့် အညီ ဆောင်ရွက် သွားမည် ဖြစ်ပေသည်။
 
MWD  အယ်ဒီတာ့အာဘော်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်