Pages

Friday, March 29, 2013

ပြည်သူတွေကို ထိပါးရင် အင်အားသုံးပြီး ကာကွယ်မည်ဟု သမ္မတပြော


ပြည်သူနိုင်ငံသား တစ်ဦးချင်းစီရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးလာရင် အခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်၊ လုံခြုံရေး အဖွဲ့အစည်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီလို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

မိတ္ထီလာပဋိပက္ခ အပါအဝင် လတ်တလော ဆူပူမှုတွေနဲ့ စပ်လျဉ်းပြီး ယနေ့ညနေ ၆း၀၀ နာရီက ပြည်သူတွေကို တိုက်ရိုက်ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားတာပါ။ “ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ်မှန်သမျှကိုတော့ လုံးဝလက်သင့်ခံမှာ မဟုတ်ပါဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမှာ ဖြစ်ပါတယ်” လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။


သမ္မတဦးသိန်းစိန်က တရားဥပဒေ စိုးမိုးရေးမှာ အဓိကတာဝန်ရှိနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ဖို့ တိုက်တွန်းပြောဆိုပါတယ်။ ယုံကြည်ကိုးကွယ်မှု၊ ဘာသာတရားကြား အမြတ်ထုတ်မှုတွေကိုလည်း နိုင်ငံတော်သမ္မတက ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီးအစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ သမ္မတက သတိပေး ပြောကြားပါတယ်။ နိုင်ငံတော်သမ္မတဟာ မိတ္ထီလာ ပဋိပက္ခဖြစ်ပွားပြီး ရှစ်ရက်အကြာမှာ ရှစ်မိနစ်ခန့်ကြာ မိန့်ခွန်းကို ပြောကြားတာ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်