Pages

Friday, March 29, 2013

သတင်းမှန်ရဖို့ သတင်းတွေကို အချိန်မီ ထုတ်ပြန်ပေးဖို့လို

မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်မှာ အချို့က အကြားသတင်းနဲ့ ရေးသားခဲ့တာကြောင့် သတင်းအချို့ မမှန်မကန် ဖြစ်ခဲ့ရတယ်လို့ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မန္တလေးမြို့မှာ မီဒီယာနဲ့ တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားပါတယ်။ “ကိုယ်တိုင်လိုက်ပါတဲ့ အခါကျ သတင်းမှန်ရတယ်၊ ကိုယ်တိုင်မလိုက်ပါရင် သတင်းက hear say တွေ ဖြစ်တယ်။

မိတ္ထီလာဖြစ်စဉ် အချို့ကို ကြည့်လိုက်ရင် တချို့သတင်းတွေက မမှန်ဘူးဗျ၊ ကျွန်တော်တို့ကိုယ်တိုင် တစ်မြို့လုံးနီးပါး ရောက်ပါတယ်၊ အခြေအနေမှန်ကို သိခဲ့ပါတယ်” လို့ ဝန်ကြီး ဦးဆန်းဆင့်က ပြောပါတယ်။ မိတ္ထီလာပဋိပက္ခဖြစ်စဉ် သတင်းအချို့ မမှန်ဘူးဆိုတဲ့ သာသနာရေး ဝန်ကြီးရဲ့ မှတ်ချက်ကို ပြည်တွင်းသတင်းသမား အချို့ကတော့ ငြင်းဆိုကြပါတယ်။

မန္တလေးမြို့ခံ သတင်းစာဆရာ တစ်ဦးက “မှန်မှန်ကန်ကန် အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးနိုင်ဖို့ ပုံနှိပ်မီဒီယာတွေ သွားကြတယ်၊ ဝန်ကြီးပြောတဲ့ မမှန်ကန်တဲ့ သတင်းဆိုတာ ဖေ့စ်ဘုတ်ခ်ပေါ်က ရေးသားတဲ့ဟာတွေ ဆိုရင်တော့ ပြောစရာ မရှိပါဘူး” လို့ ဆိုပါတယ်။ မိတ္ထီလာပဋိပက္ခ စတင်ဖြစ်ပွားပြီး နောက်ရက်မှာ မန္တလေးနဲ့ ရန်ကုန်က သတင်းသမားတွေက သတင်းမှန် ဖော်ပြပေးနိုင်ဖို့ မိတ္ထီလာကို သွားရောက် သတင်းယူကြပါတယ်။

ဒါပေမယ့် အကြမ်းဖက်လိုသူတွေက နှောင့်ယှက်တာ၊ ရန်ရှာတာတွေကြောင့် အသက်အန္တရာယ် စိုးရိမ်ရတာတွေအထိ ကြုံတွေ့ခဲ့ရတယ်လို့ မိတ္ထီလာမြို့ကို သွားရောက် သတင်းယူခဲ့သူတွေက ပြောပါတယ်။ “ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာ သတင်းသမားတွေကို ရန်ရှာတယ်၊ လုံလုံခြုံခြုံနဲ့ သတင်းယူလို့ မရဘူး၊ သတင်းသမားတွေကို အကာအကွယ်ပေးမှ သတင်းကို အချိန်မီ ထုတ်ပြန်ပေးမှ သတင်းအမှန်တွေ ရနိုင်ပါမယ်” လို့ မန္တလေးမြို့ခံ သတင်းစာဆရာက အကြံပြုပါတယ်။ မန္တလေးမြို့ခံ သတင်းသမား တစ်ဦးကလည်း မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပေးထားတဲ့ ကော်မတီတွေထဲက ပြန်ကြားရေးအတွက် တာဝန်ယူထားသူထံ အဆင့်ဆင့် ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းပိတ်တာ၊ ဖုန်းမကိုင်တာမျိုးတွေကြောင့် သတင်းမှန်၊ မမှန် အတည်ပြုချက်ရဖို့ အခက်အခဲ ဖြစ်ခဲ့တယ်လို့ သူကြုံရပုံကို ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်