Pages

Saturday, February 9, 2013

စစ်မှုမထမ်း မနေရ စဖို့ အချိန်ကျပြီလား


၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌန်း ခဲ့သည်။ ပြဌန်း ချက် တွင် ဖော်ပြချက်အရ နိုင်ငံသားတိုင်းသည်  ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်း လုံး ညီ ညွှတ်မှုမပြိုကွဲရေး အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေး သုံးပါးကို စောင့်ထိန်းရန် တာဝန် ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေး အလို့ငှာ စစ်ပညာ သင် ကြား ရန်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် အောက်ပါ ဥပဒေကို ပြဌာန်း လိုက် သည်ဟူ၍ ဖော်ပြထားသည်။

အဆိုပါ ဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ မှာ အမျိုးသား ၁၈ မှ ၃၅ နှစ်အတွင်း၊ အမျိုး သမီး ၁၈ မှ ၂၇ နှစ်အတွင်း၊ ဆရာဝန်၊အင်ဂျင်နီယာ စသည့် ပညာဖြင့် အသက်မွေး ကျွမ်းကျင်သူ အမျိုး သား ဆိုလျှင် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီး ဆိုလျှင် ၁၈ မှ ၃၅ နှစ်သည် စစ်မှုထမ်းရမည် ဖြစ်သည်။ အဆိုပါ ဥပဒေ ကို ကင်းလွတ်ခွင့် ရသူများမှာ သာ့သနာဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကျန်းမာရေး အဆင့်နိမ့်သူ များနှင့် သီးခြား အမိန့်ထုတ်ထားသူများ ပါဝင်သည်။
 
ပြည်သူ့စစ်မှုထမ်း ဥပဒေ စထွက်သည့် အချိန်က မြန်မာနိုင်ငံအတွင်းမှ လူငယ်၊လူရွယ် ကျားမ အားလုံး ထိတ် လန့် တုန်လှုပ်ခဲ့ကြသည်။ တစ်သက်လုံး စစ်တပ်ကို မကောင်းပြောလာခဲ့ပြီးနောက် ထို စစ်တပ်ထဲ ၀င်၍ ပင်ပန်း ဆင်းရဲခံရမည်ကို ကြောက်လန့်ကာ ပဲခူးတွင် ဆန္ဒပြပွဲများ ပြုလုပ်ကြမည်ဟု ကြေငြာသည်။ ဂျာနယ် များ၊ အင်တာနက် စာမျက်နှာများတွင် မလုပ်သင့်ကြောင်း ဆောင်းပါးများ ဖော်ပြကြသည်။ နိုင်ငံ တကာနှင့် ယှဉ်၍ သုံးသပ်ဝေဖန်မှုများ ပြုလုပ်ကြသည်။ သို့သော် နိုင်ငံအများစု တွင် လက်ခံကျင့်သုံးနေပြီး အိမ်နီးချင်းများလည်း ကျင့်သုံးနေသဖြင့် တိကျသည့် ဝေဖန်ထောက်ပြမှုမျိုးတော့ ထွက်မလာခဲ့ပါ။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း စမ်းချောင်း ကိုယ်စားလှယ် ဦးစိုးဝင်း ကတော့ ပြည်သူ့ စစ်မှုထမ်း ဥပဒေ အသက်ဝင်ခြင်း ရှိ၊ မရှိနဲ့ ဥပဒေ အသက်ဝင် လာရင် စစ်မှုထမ်း ဆင့်ခေါ်မှုကို ဘယ်လို လုပ်မလဲလို့ မေး ပါ တယ်။ ဒီအမေးကို ရှေ့နေချုပ် ဦးအေးမောင်က ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ လုပ်တဲ့ တိုင်းပြည်ပြု လွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းက စစ်မှု မထမ်းမနေရ ဥပဒေနဲ့ နှစ်နှစ် သို့မဟုတ် သုံးနှစ် စစ်မှု ထမ်းရမယ်လို့ ပြောခဲ့တယ်။ ဒါ့ကြောင့် ၁၉၅၉ ခုနှစ်မှာ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး သမ္မတ က အမိန့် ကြော်ငြာစာနဲ့ သတ်မှတ်တဲ့နေ့မှာ အသက် ၀င်မယ်လို့ ဖော်ပြထားတယ်။ ၁၉၆၂ မှာ တော် လှန်ရေး ကောင်စီအမိန့်နဲ့ ဥပဒေ အသက်ဝင်ခဲ့ပြီး ဆရာဝန် အချို့ကို စစ်မှုထမ်း အဖြစ် လက်ခံ ခဲ့ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံသားတိုင်းဟာ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ အကြောင်းနဲ့ နိုင်ငံသားတိုင်းဟာ ဥပဒေ ပြဋ္ဌာန်းချက်များ နဲ့အညီ စစ်ပညာ သင်ဖို့၊ စစ်မှုထမ်းဖို့ တာဝန် ရှိတယ်လို့ ပြဋ္ဌာန်း ထားတယ်။ အခု ပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ ၁၉၅၉ ခုနှစ် ဥပဒေကို ခေတ်နှင့်အညီ ပြန်ပြင်ထားပြီး နိုင်ငံတော် သမ္မတက နိုင်ငံတော် အတွက် လိုအပ်တဲ့ အချိန်ကြမှ အမိန့် ကြော်ငြာစာ ထုတ်ပြီး အသက်ဝင်မှာ ဖြစ်တယ်လို့ ဖြေကြား သွားပါတယ်။ ဘယ်လို ဆင့်ခေါ် မှာလည်း ဆိုတဲ့ အချက်ကိုတော့ ဥပဒေထဲမှာ ပါပြီး ဖြစ်တယ်လို့ ထောက်ပြသွားပြီး သီးခြား မဖြေခဲ့ပါဘူး။ 

ထို့ပြင် ၂၀၁၂ ခုနှစ်အတွင်း စစ်မှုထမ်းခြင်းနှင့် ပတ်သက်၍ လိုအပ်ပါက အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ဆင့် ခေါ်သွားမည်ဟု ကာကွယ်ရေးဌာန မှ တာဝန်ရှိသူများက ဖြေကြားခဲ့သည်ကိုလည်း တွေ့ရသည်။ သို့ဖြင့်လျှင် အဆင်သင့် ရေးဆွဲပြီး ဥပဒေများဖြင့် ပြည်သူ့စစ်မှုမထမ်း မနေရ ဥပဒေပြဖို့  အချိန်ကျပြီလား ဆိုသည်ကို စဉ်းစား စရာ ဖြစ်လာချေပြီ။

တရုတ်နိုင်ငံတွင် စစ်မှုမထမ်း မနေရ စနစ် မရှိသော်လည်း ၁၉၈၄ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခြင်း သည် နိုင်ငံသား အားလုံး လူမျိုးဘာသာ မခွဲခြားဘဲ လုပ်ဆောင်ရမည့် တာဝန် ဖြစ်သည်ဟု ဖော်ပြထား သည်။ထို့ပြင် အဆိုပါ ဥပဒေအရ နိုင်ငံတော်၏ အရေးပေါ်လိုအပ်ချက်ရှိပါက နိုင်ငံသားအားလုံးကို အရံတပ် ဖွဲ့ များ သို့ စုဆောင်းနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် တရုတ်နိုင်ငံသားတိုင်းသည် စစ်ပညာလေ့ ကျင့်ခန်း ၂၀ ရက် သင်တန်းကိုလည်း တက်ထားရသည်။ အလုပ်အကိုင် ရှားပါးမှု၊ လူဦးရေ တိုးပွားမှု များကြောင့် တရုတ်နိုင်ငံ၏ တပ်မတော်အတွင်းသို့ ဆန္ဒအလျောက် ၀င်ရောက် အမှုထမ်းသူ တိုးပွားလျှက် ရှိကာ တရုတ်နိုင်ငံ စစ်တပ်၏ နည်းပညာနှင့် အင်အားမှာလည်း အမေရိကန်အား ခြိမ်းခြောက်နိုင်သည့် အဆင့် တွင် ရှိသည်။

အဆိုပါ အချက်ကို ကြည့်ပါက စစ်မှုထမ်းဆောင်စေခြင်းသည် အလုပ်အကိုင် ဖြေရှင်းပေးခြင်း တစ်ရပ် လည်း ဖြစ်သည်ကို တွေ့နိုင်သည်။ စစ်မှုထမ်း တစ်ဦးအတွက် နေစရာ၊ စားစရာနှင့် လုပ်ခလစာကို နိုင်ငံေ တ်ာမှ တာဝန် ယူပေးရသည်။ ယခုကဲ့သို့ ကျူးကျော်မြေနေရာများတွင် ခိုအောင်းနေခြင်း၊ တောင်းရမ်း စားသောက် ခြင်း၊စားဝတ်နေရေးကြောင့် ခိုးဆိုးလုယက်ခြင်းများကိုလည်း ပြည်သူ့စစ်မှုထမ်းစေခြင်းဖြင့် ဖြေရှင်းနိုင်မည် ဖြစ်သည်။ စစ်အခြေခံ လေ့ကျင့်ခန်းများနှင့် ကိုယ့်ကိုကိုယ် ကာကွယ်တတ်လာစေသည့် လေ့ကျင့်ခန်းများမှ လမ်းပေါ်ထွက်ကာ ဆန္ဒပြ ဆူပူသည့် စိတ်ဓာတ်များကို ပြင်ဆင်နိုင်သည်။ ကိုယ်တိုင် ပင်ပန်းမှုများကို ခံစားပြီး ကာမှ ကိုယ်တိုင်ကြိုးပမ်းအားထုတ်သင့်သည့် အရာများကို တွေ့မြင်လာမည် ဖြစ်သည်။

နိုင်ငံတကာမှ စစ်မှုထမ်းဥပဒေကြောင့် စစ်ထဲဝင်ပြီးသူများသည် အဆိုပါ စစ်မှုထမ်းဆောင် ကာလအတွင်း ရည် ရွယ်ချက်များ ပိုမို တိုးပွားလာတတ်ကြသည်။ ပညာကို ကြိုးစားသင်ယူလို စိတ် ဖြစ်လာကြသည်။ လုပ်ငန်းခွင် တွင် အားထုတ်ကြိုးပမ်း လိုစိတ် ရှိလာကြသည်။ စိတ်ဓာတ် ခံယူချက်ကို ပြုပြင်ပေးနိုင်သည်မှာ စစ်တပ် တစ်ခု သာလျှင် ရှိပေသည်။ စစ်မှုထမ်း ဥပဒေကြောင့် ထိခိုက်နစ်နာရသည့် ပညာရှင်၊ ကျောင်းသား၊ အနုပညာရှင်၊ စီးပွားရေး သမားများမှာ ပုံမှန် စည်းကမ်းပျက်ခြင်း၏ ၅ ရာခိုင်နှုန်းပင် မရှိသည်ကိုလည်း တွေ့ရမည် ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ကေအိုင်အေနှင့် စစ်ပွဲအတွင်း ကေအိုင်အေတို့သည် နီးစပ်ရာ ဒေသ များမှ လူငယ်လူရွယ် များကို ဖမ်းဆီးကာ လူသစ် အဖြစ် စုဆောင်းခဲ့ကြသည်။ ထို့ပြင် တိုင်းရင်းသား လက်နက် ကိုင်များ၏ ကြီးစိုးရာ ဒေသများတွင်လည်း ၄င်းတို့၏ စစ်တပ်အတွင်းသို့ စည်းရုံးသိမ်းသွင်းခြင်း ခံကြရသည်။ အဆိုပါ ဖမ်းဆီးစုဆောင်းမှုများဖြင့် လက်နက်ကိုင်ခြင်းသည် အချိန်ကာလ အကန့်အသတ် မရှိသဖြင့် တိုင်းရင်း သားလက်နက်ကိုင်များ ဆက်တိုက် တိုးပွားလာခြင်း၊ တည်ငြိမ်မှု ပျက်ပြားစေခြင်းတို့ကို ဖြစ်လာစေသည်။

လက်နက်ကိုင်ဆိုလျှင် ကြောက်လန့်တတ်သည့် စိတ်ဓာတ်များလည်း ပြည်သူလူထုတွင် ပိုဖြစ်လာရသည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် မဲပေးခွင့် ရှိသည့် ပြည်နယ်များတွင် သက်ဆိုင်ရာ ဒေသအလိုက် စစ်မှုထမ်း ရန် ဆင့်ခေါ်ကာ စစ်မှုထမ်းစေခြင်းဖြင့် နိုင်ငံ့တပ်မတော် အင်အား တိုးပွားလာစေသည်သာမက ပြည်သူတို့ ၏ မျိုး ချစ်စိတ်လည်း မြင့်မားလာမည် ဖြစ်သည်။ တိုင်းရင်းသားတို့၏ အကျိုးမဲ့ လက်နက်ကိုင်ခြင်းလည်း ချုပ်ငြိမ်းပြီး ဆန္ဒရှိပါက စစ်မှုထမ်းဥပဒေအရ လက်နက်ကိုင်ခြင်းဖြင့် မိမိတို့ ဒေသကို ကာကွယ်နိုင်မည်သာ ဖြစ် သည်။ ထို့ကြောင့် စစ်မှုမထမ်း မနေရ စဖို့ အချိန်ကျပြီလားဟု ဆိုပါလျှင် အဖြေသည့် နောက်တောင် ကျနေပြီဟု သာ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်