Pages

Saturday, February 16, 2013

နူရာဝဲစွဲနေတဲ့ ရွှေ့ပြောင်းအကြမ်းစား အလုပ်သမားများ


မြန်မာနိုင်ငံမှလူများ နိုင်ငံရပ်ခြားသို့သွားရောက်၍ အလုပ်လုပ်ကိုင်နေကြသည်မှာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီ ဖြစ် ပါသည်။ ပုံစံအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ဖြင့် အလုပ်လုပ်ကိုင်နေကြသည်ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ကာယအား ပြုအလုပ်သမားနှင့်၊ ဥာဏအားပြု အလုပ် သမား ဟူ၍ ယေဘူယျ ခွဲနိုင်မည်ဖြစ်သည်။ ၎င်းတို့အထဲတွင် ၀င်ငွေအရသော် လည်းကောင်း၊ ဂုဏ် သိက္ခာ အရသော် လည်းေ ကာင်း နိမ့်ကျသူများမှာ ကာယအားပြုအလုပ်သမား များဖြစ်သည်။ ထို့ ထက်ပို၍ အဆိုးဆုံး အနေ အထားတွင် ကျရောက်နေသူများမှာ ပြည်ပသို့ တရားမ၀င် သွားရောက်၍ ကာယအားပြု အလုပ် လုပ်ကိုင်နေကြရသော အခြေခံအလုပ်သမားများဟုဆိုလျှင် မမှားနိုင်ပေ။


မြန်မာနိုင်ငံမှ ပြည်ပသို့ တရားမ၀င်ထွက်ခွာ အလုပ်လုပ်ကြသူများ အများဆုံးရှိသောနိုင်ငံသည် ထိုင်းနိုင် ငံဖြစ် သည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းကပ်လျက်ရှိနေသည့်အပြင် ထိုင်းနိုင်ငံ၏ စက်မှုလက်မှုထုတ်ကုန်လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းများ၌ အခြေခံအလုပ်သမားလိုအပ်ချက် အလွန်မြင့်မားနေ သည်။ ထိုလုပ်သားလိုအပ်ချက်သည် စီး ပွားရေးအဆင်မပြေသော၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံတွင် တရားမ၀င် သွားရောက်ပြီးအလုပ်လုပ်ရန်ဆွဲဆောင်မှု၏ အဓိကကျသော အချက်ဖြစ်ခဲ့သည်။ ဥပမာ- မြန်မာနိုင်ငံသားများသည် မည် မျှပင် စီးပွားရေးအဆင်မပြေဖြစ်စေကာမူ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လော ကဲ့သို့သော နယ်နိမိတ်ထိစပ်နေသော်လည်း လုပ်သားလိုအပ်ချက်မရှိသည့်နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ရန်မဖြစ်နိုင်ပေ။ လုပ်သားလိုအပ်ချက်မြင့်မားသော ထိုင်း၊ တရုတ် စသည့်နိုင်ငံများသို့သာ သွားလာလုပ်ကိုင်ကြသည်။

ဆိုလိုသည်မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးစီးပွားများရှိခြင်းကြောင့် တရားမ၀င်ရွှေ့ပြောင်း လုပ်ကိုင်မှုများ ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်။  ထိုင်းနိုင်ငံသည် တရားမ၀င်မြန်မာေ ရွှ့ပြောင်း အလုပ်သမားများ၏လုပ်အားမှ ထိုင်းနိုင်ငံ ဂျီဒီပီ၏ ၁၀%ခန့် အကျိုးရရှိခဲ့သည်။ သို့သော် ထိုအကျိုးစီးပွားဖြစ်ထွန်းမှုအတွက် ထိုက်တန်သင့်လျော်သောတုန့်ပြန် ခြင်း အားနည်းခဲ့ပြီး အဆိုးမြင်သည့်သဘောကိုသာ အလေးပေးခြင်းမျိုး ပြုလုပ်ခဲ့သည်။ တရားမ၀င်မြန်မာအလုပ်သမား များကို ထိုင်းနိုင်ငံအတွင်းသို့ ကူးစက်ရောဂါဖြန့်ဝေသူများ၊ မူးယစ်ဆေးဝါးနှင့်တကွဒုစရိုက်မှုပြုသူများ၊ ထိုင်းအလုပ် သမား တို့၏အလုပ်ကို ၀င်လုသူများ၊ နိုင်ငံတော်လုံခြုံရေးကိုထိခိုက်စေသူများ အစရှိသည့် ဖြစ်ရပ်မှန်များကို မျက်ကွယ်ပြု ပုံကြီး ချဲ့သော သဘောထားများကိုသာ အလေးပေးခဲ့သည်။ ဤအချက်မှာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမား များတို့ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်း၊ အခွင့်အရေးချိုးဖေါက်ခံရခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းအစရှိသည်တို့ မြစ်ဖျား ခံရာအကြောင်းဟု ဆိုနိုင်ပေလိမ့်မည်။

ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခက်အခဲ၊ ပြဿနာ များမှာ အလွန်များပြား ဆန်းကြယ်လှပေသည်။ ထိုများပြားလှသောအကြောင်းချင်းရာများထဲမှ ရှင်းပြရန်နှင့် နားလည်ရန်လွယ် ကူသောအကြောင်းအရာမှာ မှတ်ပုံတင်ပြုလုပ်ခြင်းနှင့် ယာယီပတ်စ်ပို့ပြုလုပ်ခြင်း အကြောင်းအရာဖြစ်သည်။ ထိုင်းနိုင်ငံ သို့ မြန်မာနိုင်ငံသားများအပါအ၀င် လောနှင်ကမ်ပူးချားနိုင်ငံသားများ တရားမ၀င်ရောက်ရှိနေမှုမှာ ၃သန်းမှ၎သန်းခန့်ထိ ရှိနေနိုင်ကြောင်း ခန့်မှန်းထားခဲ့ကြသည်။ ထိုအရေအတွက်ထဲတွင် ၈၀%ခန့်မှာ မြန်မာနိုင်ငံသားများဖြစ်ကြသည်။ ထိုအလုပ်သမားများ၏ လုပ်အားကိုလိုအပ်နေသော ထိုင်းနိုင်ငံအနေဖြင့် မှတ်ပုံတင်စနစ်တစ်ခုကို တီထွင်ထားရှိခဲ့သည်။ ၎င်းမှာ တရားမ၀င်ဝင်ရောက်လာသောအလုပ်သမားများကို ဖမ်းဆီးအရေးမယူပဲ ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေ ထိုင် အလုပ်လုပ် ခွင့်လက်မှတ်ပြုလုပ်ပေးခြင်းပင်ဖြစ်သည်။ ဤလက်မှတ်ပြု လုပ်ခြင်းေ ကြာင့် အလုပ်သမားများ၏အနေအထားမှာ တရားဝင်အဖြစ်သို့ရောက်ရှိခြင်းဟု အဓိပ္ပါယ်မသက်ရောက်ပါ။ သတ်မှတ်ထားသော စည်းကမ်းနှင့်မညီညွတ်ပါက ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးခံရမည်ဖြစ်သည်။ ဥပမာ- မှတ်ပုံတင်ပြုလုပ်ထားသောခရိုင်၏အပြင်သို့ နယ်ကျော်ပါက ဖမ်း ဆီးပြည်နှင်ခြင်းခံရပေမည်။

အရေးကြီးဆုံးအချက်မှာ အလုပ်သမားများအနေဖြင့် မိမိဖာသာမှတ်ပုံတင်ပြုလုပ်ခွင့်မရှိပဲ လုပ်ငန်းရှင် ကခေါ် ဆောင်ပြုလုပ်ပေးမှသာလျှင် မှတ်ပုံတင်ခွင့်ရရှိမည်ဖြစ်သည်။ အစိုးရကသတ်မှတ်သော မှတ်ပုံ တင်ေ ကြးမှာ အိမ်ထောင်စု စာရင်း(ထောရော၃၈/၁) အတွက် ဘတ်၈၀၊ ကျန်းမာရေးစစ်ခနှင့် အာမခံကြေးအတွက် ဘတ်၁၉၀၀၊ အလုပ်လုပ်ခွင့် လက်မှတ်အတွက် လုပ်ငန်းအမျိုးအစားနှင့်နေရာေ ဒသ အလိုက် ဘတ်၁၀၀၀ မှ ဘတ်၁၉၀၀ စုစုပေါင်း ၂၉၈၀ဘတ် မှ ၃၈၈၀ဘတ် အထိဖြစ်ပြီး သက်တမ်း ၁နှစ်ဖြစ်သည်။ ထိုမှတ်ပုံတင်ပြုလုပ်ခွင့်မှာလည်း အမြဲတမ်းပြုလုပ်ခွင့်မရရှိပဲ ထိုင်း အစိုးရ၀န်ကြီးများ အစည်းအဝေးမှ ခွင့်ပြုချက်ပေးသော နှစ်များတွင်သာ အချိန်၁လအတွင်း ပြီးစီးအောင်လုပ်ရခြင်းဖြစ် သည်။ ထိုအချိန်၁လအတွင်း လုပ်ငန်းရှင်က ခေါ်ဆောင်ပြီးမလုပ်ပေးလျှင် မှတ်ပုံတင်ခွင့်ရမည်မဟုတ်ပေ။ ထိုအားသာ ချက်ကြောင့် လုပ်ငန်းရှင်(သို့)လုပ်ငန်းရှင်၏ကိုယ်စားလှယ်အများစုသည် အမှန်တကယ်ကုန်ကျ စားရိတ်ထက်ပိုပြီး အလုပ်သမားများထံမှ အမြတ်ထုတ်လေ့ရှိသည်။ ထို့ကြောင့် အလုပ်သမားများ၏ ကုန်ကျငွေမှာ တစ်ဦးလျှင် ဘတ်၄၅၀၀ မှ ဘတ်၆၅၀၀ အထိ နှစ်စဉ်ပေးဆောင်နေခဲ့ရသည်။ ပျမ်းမျှအားဖြင့် အလုပ်သမားတို့သည် တစ်ဦးလျှင် ဘတ်၁၅၀၀ခန့် အမြတ်ထုတ်ခံခဲ့ကြရပြီး သန်းနှင့်ချီသော အလုပ်သမားများထံမှ ဘတ်သန်းထောင်ချီ၍ နှစ်စဉ်ခေါင်းပုံဖြတ်ခံကြရသည်ဟု ဆိုနိုင်ပေမည်။

၁၉၉၆ခုနှစ်ခန့်မှအစပြုလာခဲ့သော ထိုမှတ်ပုံတင်ခြင်းစနစ်သည် ၂၀၀၄ခုနှစ်ခန့်တွင် အားကောင်းလာခဲ့ပြီး ထိုမှ တဆင့် ၎င်းမှတ်ပုံတင်ပြုလုပ်ထားသူများကို မြန်မာ-ထိုင်း ၂နိုင်ငံအစိုးရအစီအစဉ်ဖြင့် တရားဝင် အလုပ်သမားဖြစ်စေရန် နိုင်ငံသားစီစစ်ခြင်းနှင့်ယာယီပတ်စ်ပို့ ပြုလုပ်ခြင်းဖြစ်ပေါ်လာခဲ့သည်။ ၂၀၀၉ခုနှစ် ဇူလိုင်လ၁၅ရက်နေ့မှစတင်ခဲ့သော နိုင်ငံသားစီစစ်ရေးအစီအစဉ်သည် မြန်မာအလုပ်သမားများအတွက် တရားမ၀င်သောအနေအထားမှ တရားဝင်အနေအ ထားသို့ ပြောင်းလဲစေခဲ့သည့် အလွန်ကောင်းမွန်သော လမ်းစဉ်တစ်ရပ် ဖြစ်ခဲ့သည်။ သို့သော် တရားဝင်ယာယီပတ်စ်ပို့ရရှိ နိုင်ရေးအတွက် ထုံစံအတိုင်း အလွန်ကြီးမားသည့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုတို့ကို ကြုံခဲ့ရပြန်သည်။ ယာယီပတ်စ်ပို့ ၏ မူလဈေးနှုန်းသည် ကျပ်၃၀၀၀(ဘတ်၁၀၀ခန့်) သာဖြစ်ပြီး ထိုင်း၂နှစ်ဗီဇာကြေးမှာ ဘတ်၅၀၀ စုစုပေါင်း ဘတ်၆၀၀ခန့် သာကုန်ကျမည်ဖြစ်သည်။ သို့သော် အမှန်တကယ်လုပ်ဆောင်ရာတွင် အလုပ်သမားများ သည် ဘတ် ၅၅၀၀ မှ ဘတ်၁၂၀၀၀ အထိ ပေးဆောင်ခဲ့ရသည်။ ယာယီပတ်စ်ပို့ပြုလုပ်ပြီးသောမြန် မာအလုပ်သမားဦးရေ ၁.၂ သန်းတို့သည် ဆိုးဝါးစွာခေါင်းပုံဖြတ်အမြတ်ထုတ်ခံခဲ့ရသည့်အပြင် ပွဲစားများက ပိုက်ဆံယူပြီးမှ လုပ်မပေးပဲရှောင်ပြေးသွားသဖြင့် မိအေး၂ခါနာသောအဖြစ်များလည်း များစွာဖြစ်ပေါ်ခဲ့ သည်။

နိုင်ငံသားစီစစ်ခြင်းနှင့်ယာယီပတ်စ်ပို့ပြုလုပ်ခြင်းလုပ်ငန်းစဉ်သည် အလုပ်ရှင်နှင့်အလုပ်သမားတို့က စာရွက် စာ တမ်း များကို ထိုင်းနှင်မြန်မာ ၂နိုင်ငံအစိုးရထံ ဦးစွာပေးပို့ပြီး ခွင့်ပြုချက်ပြန်ကျလျှင် သတ်မှတ်ထားသောရုံးဌာနများသို့ သွားရောက်လုပ်ဆောင်ရခြင်းဖြစ်သည်။ ထိုသို့ အစီအစဉ်အတိုင်း စာရွက်စာတမ်းတင်ထားသောအလုပ်ရှင်အလုပ်သမား တို့သည် မည်သည့်အကြောင်းကြားချက်မှပြန်မရရှိပဲ ပွဲစားကုမ္ပဏီများမှတဆင့်တင်မှသာ ရက်၃၀ခန့်အတွင်း ခွင့်ပြုချက် ရရှိခြင်းက ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု၏ အဓိက အကြောင်းပင်ဖြစ်သည်။ ဤလုပ်ငန်းစဉ်၏လုပ်ပိုင်ခွင့်မှာ ပွဲစားကုမ္ပ ဏီတို့၏လက်ထဲသို့ကျရောက်သွားသဖြင့် ၎င်းတို့စိတ်ကြိုက်ဈေးနှုန်းသတ်မှတ်ပိုင်ခွင့်ရရှိနေကြသည့်အပြင် ထိန်းချုပ် ကွပ်ကဲမည့်ဥပဒေလည်း တိကျစွာမရှိခဲ့ပေ။ ထိုင်းနိုင်ငံရှိပွဲစားကုမ္ပဏီများနှင့် အကျင့်ပျက် အရာရှိများပူးပေါင်း၍ အမြတ် ထုတ်သွားသည့်ငွေကြေးပမာဏမှာ ပျမ်းမျှအလုပ်သမားတစ်ဦးလျှင် ဘတ်၃၀၀၀ နှုန်းဖြင့်အနည်းဆုံးထားတွက်လျှင်ပင် ဦးရေ ၁.၃သန်းခန့်ရှိသော မြန်မာအလုပ်သမားထံမှ ဘတ်သန်းပေါင်း၎ထောင်နီးပါး ရရှိသွားခဲ့သည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတို့ သွေးချွေးနှင့် ရင်း၍ရရှိ ခဲ့သောငွေကြေးများ အချည်းနှီးလေလွင့်ဆုံးရှူံးခဲ့ရခြင်းမှာ အလုပ်သမားများအ တွက်သာမ က မြန် မာနိုင် ငံ၏အကျိုးစီးပွားဆုံးရှူံးရခြင်းဟုလည်း ဆိုနိုင်ပေမည်။

ထိုသို့ခေါင်းပုံဖြတ်ခံရခြင်းမှာ ထိုင်းနိုင်ငံအတွင်းရှိမြန်မာအလုပ်သမားများသာမက ထိုင်းနိုင်ငံသို့ တရားဝင် သွား ရောက်လုပ်ကိုင်ဦးမည့် မြန်မာအလုပ်သမားအသစ်တို့သည်လည်း ခံစားနေရသေးသည်။ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံသ ဘောတူညီချက်အရ ယာယီပတ်စ်ပို့လုပ်ပြီး တရားဝင်လမ်းကြောင်းဖြင့် အလုပ်သမားများတင်ပို့ခြင်းကို ၂၀၀၉ခုနှစ်မှ စတင်အကောင်အထည်ဖေါ်လျက်ရှိရာ ယနေ့အချိန်အထိ အလုပ်သမားဦးရေ ၄သောင်းကျော်ခန့် သွားရောက်လုပ်ကိုင် လျက်ရှိသည်။ အဆင့်ဆင့်သော ထိုင်းနှင့်မြန်မာပွဲစားများ၏ ပါဝင်ပတ်သက်မှု၊ အချိန်ကြန့်ကြာမှုများသော လုပ်ဆောင် ချက်များတို့ကြောင့်  မြန်မာအလုပ်သမားတို့အတွက် ထင်သလောက်အကျိုးမရှိခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကျပ်ငွေ ၁သိန်းခွဲ ၂သိန်းခန့်သာကုန်ကျသင့်သည်ကို ကျပ်ငွေ ၄သိန်းမှ ၁၀သိန်းခန့်အ ထိ ပေးဆောင်ခဲ့ကြရသည်။ ထို့အပြင် တရားဝင်အလုပ်သမားအဖြစ် ဂုဏ်သိက္ခာရှိစွာ အလုပ်လုပ်ရမည့် အစား ကြွေးမီဖြင့်ချည်နှောင်ခိုင်းစေခံရခြင်းတို့ ဖြစ်ပေါ် ခဲ့ကြရသည်။ တစ်ခါတစ်ရံတွင် တရားဝင် လူကုန်ကူးခံရသကဲ့သို့ ပိတ်လှောင်ခိုင်းစေခံရခြင်းများလည်း ရှိခဲ့သည်။ ထို့ ကြောင့် အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနက အလုပ်သမားတင်ပို့ခွင့်ကို လိုင်စင်ရအေဂျင်စီ များ ကသာတင်ပို့ရန် လုပ်ပိုင်ခွင့်ပေးအပ်၍ စည်းကမ်းချက်များချမှတ်ပြီး ထိန်းချုပ်နိုင်ရန်ကြိုးစားခဲ့သည်။ ၀န်ဆောင်ခအဖြစ် မြန်မာနိုင်ငံဘက်၌ ကျပ်၁သိန်းထက်ပိုမယူရန်နှင့် ထိုင်းနိုင်ငံဘက်တွင် ဘတ်၁သောင်း ထက်ပိုမယူရန် သတ်မှတ်ပေးခဲ့ သည်။ သို့သော် လက်တစ်လုံးခြား လုပ်နေသော နယ်စပ်ရှိပွဲစားများနှင့် အချို့သောအေဂျင်စီများ ပန်းပန်လျက်ပင် ရှိေ န သေး သည်။ ထိုင်းမြန်မာနယ်စပ်တွင်လည်း အလုပ်သမားများထောင် ချီ၍ သောင် တင်နေပြီး ဆုပ်လည်းဆူး စားလည်းရူး ဖြစ်နေဆဲပင်။ လစ်ဟာကွက်များကို မပြုပြင်နိုင်သရွေ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုဇာတ်လမ်းများ ပြီးဆုံးနိုင်မည် မဟုတ် ပေ။

ယခုလက်ရှိတွင်လည်း ထိုင်းနိုင်ငံတွင် ဖေဖေါ်ဝါရီလလယ်မှစ၍ ဧပြီလလယ်အထိ ထိုင်းနှင့်မြန်မာ ၂နိုင်ငံအစိုး ရတို့ပူးပေါင်းပြီး အထောက်အထားမဲ့ တရားမ၀င်အလုပ်သမားတို့ကို နိုင်ငံသားစီစစ်ပြီး ယာယီပတ်စ်ပို့ပြုလုပ်ပေးတော့ မည်ဖြစ်သည်။ အထောက်အထားမဲ့ ထိတ်တလန့်လန့်နေနေရေ သာ မြန်မာအလုပ်သမားတို့ ၀မ်းသာသင့်သော သတင်း ကောင်းဖြစ်သည်။ သို့သော် ၀မ်းမသာနိုင်ကြ၊ ပွဲစားကြီးငယ်များက ယာယီပတ်စ်ပို့ပြုလုပ်ရန် ဘတ်၁သောင်းခွဲမှ ၂သောင်းခွဲအထိ တောင်းခံလျက် ရှိသောကြောင့် ဘူးလေးရာ ဖယုံဆင့်၍ သောကပွားနေကြရှာသည်။ ယာယီပတ်စ်ပို့ အတွက် ဘတ်၅၅၀၊ ဗီဇာကြေး ဘတ်၅၀၀၊ ဆေးစစ်ခနှင့်အလုပ်လုပ်ခွင့်လက်မှတ်အတွက် ဘတ်၁၆၀၀ မှ ဘတ်၂၅၀၀ စုစုပေါင်း ဘတ်၂၆၅၀ မှ ဘတ်၃၅၅၀ခန့်သာကုန်ကျမည်ကို ဘတ်သောင်းနှင့်ချီ၍ တောင်းနေကြပြန်ပြီ။ ယခင်ကကဲ့သို့ ကာယကံရှင်ဖြစ်သော အလုပ်ရှင်အလုပ်သမားတို့တင်သော စာရွက်စာတမ်းများ ကိုချောင်ထိုးပြီး ပွဲစားနှင့်တင်လာသော စာရွက်စာတမ်းမှသာ လုပ်ခွင့်ရမည်ဆိုလျှင် ပွဲစားတို့ပြုသ မျှ နုရမည့် ဘ၀သို့ ထပ်မံကျရောက်ဦးမည်ဖြစ်သည်။ မြန်မာ အလုပ်သမားတို့၏ဘ၀မှာ အချဉ်ဖမ်းစရာ အမဲကောင်များဖြစ်နေရသည်။ ပါးစပ်တပြင်ပြင် သွားရည်တမြားမြား ပွဲစားများ နှင့် အကျင့်ပျက်ဝန်ထမ်းတို့ အတွက် မုဆိုးရွှေအိုးရကိန်းဆိုက်တော့မလိုဖြစ်နေသည်။ အချိန်မီ မထိန်းချုပ်နိုင်လျှင် နောက်တစ်ချီ ခံ ရပေဦး မည်။

မြန်မာနိုင်ငံတော်အစိုးရက မိမိနိုင်ငံသားအလုပ်သမားများ အကျိုးစီးပွားဖြစ်ထွန်းစေရန် ကောင်းမွန်သော ရည် ရွယ်ချက်ဖြင့်လုပ်ဆောင်ပေးခဲ့သော်လည်း မလိုလားအပ်သော ဆိုးကျိုးများဖြစ်ပေါ်မလာစေရေး အတွက် သတိပြုထိန်း ကျောင်းပေးရန် လိုအပ်နေပါသေးသည်။ ထိုသို့မဟုတ်ပါက စေတနာေ ကာင်းငြားသော်လည်း မျှော်မှန်းသလောက် အကျိုးမဖြစ်ထွန်းခြင်းများ ထပ်မံပေါ်ပေါက်လာနိုင်ပါ သည်။ ရွှေ့ပြောင်းအလုပ်သမားများစုစုပေါင်းသည် မြန်မာနိုင်ငံသား အားလုံး၏ ၁၀%ကျော်ရှိနေပြီး  ဒေါ် လာသန်းပေါင်းထောင်ချီ၍ နှစ်စဉ်ပြန်ပို့ပေးနေသည်။ ထိုငွေများသည် မြန်မာနိုင်ငံ ၏ စီးပွားရေး ယန္တယားလည်ပတ်မှုတွင် အရေးပါသော အစိတ်အပိုင်းအဖြစ်ပါဝင်လျက်ရှိသည်။ ထို့ကြောင့် ခေါင်းပုံဖြတ် အ မြတ်ထုတ်ခံရခြင်းကင်းဝေးပပျောက်စေရန် အစိုးရနှင့်တကွ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘက်ပေါင်းစုံမှ ပူပေါင်းပါ ၀င်သင့်သော လုပ်ငန်းစဉ်များ ပြုလုပ်ဖေါ်ဆောင်သင့်လှပေတော့သည်။

 မော်ဖိုးစိန်

Popular Myanmar News Journal 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်