Pages

Saturday, February 16, 2013

နွေရာသီ ဓါတ်အား လုံလောက်စွာ ရရှိရေးအတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန က ကြိုးပမ်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိ

၂ဝ၁၃ ခုနှစ် မတ်လ၊ ဧပြီလနှင့် မေလတို့တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် မဂ္ဂါဝပ်ပေါင်း ၂ဝ၆ဝ ခန့်အထိ ရှိလာမည် ဖြစ်သော်လည်း ၂၀၁၂ ခုနှစ် နွေရာသီက ကြုံတွေ့ခဲ့ရသည့် လျှပ်စစ်ဓါတ်အား လျော့နည်းမှု အကျပ်အတည်းမျိုး ထပ်မံမပေါ်ပေါက်စေရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက စီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်နေမှုများအနက် ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၇၉ဝ မဂ္ဂါဝပ်နှင့် ပေါင်းလောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ဝ မဂ္ဂါဝပ်တို့၏ ရေလှောင်တမံများတွင် သိုလှောင်ထားသောရေ ထုတ်ယူသုံးစွဲမှုအား မိုးမကျမီ ကာလများအထိ ပုံမှန်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရေး ကို ဦးတည်ပြီး ထုတ်လုပ်မှု အနည်းငယ် လျော့ချ၍ ချိန်ညှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုလက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများအား နေ့စဉ် ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရန် ကန့်သတ်ထားခဲ့သော်လည်း လုံလောက်မှု မရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနေရပ်ကွက်များကို ဓာတ်အား ဖြတ်တောက်ခဲ့ရရာတွင် ဓာတ်အားပမာဏမှာ ၁၅ဝ မဂ္ဂါဝပ်အထိ ရှိခဲ့ကြောင်း သိရသည်။ သို့သော် ရွာမဓာတ်အားပေး စက်ရုံ၏ အမှတ် (၂) ဓာတ်ငွေ့တာဘိုင် ဓာတ်အားပေးစက်ကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် လည်းကောင်း၊ လှော်ကားဓါတ်အားပေး စက်ရုံ၏ အမှတ်(၃) ဓါတ်ငွေ့ဓါတ်အားပေးစက်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် လည်းကောင်း ပြန်လည်မောင်းနှင်၍ ဓာတ်အားထုတ်လုပ်ပေးခဲ့ခြင်း၊ ရဲရွာရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ စက်များကို ပိုမိုလည်ပတ်ပေးထားခြင်း၊ သောက်ရေခပ် ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံသစ်မှ ဓါတ်အားထုတ်လုပ်မှုကို ဖေဖော်ဝါရီ ၈ရက်တွင် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုမှာ ၅ဝ မဂ္ဂါဝပ်အထိ ကျဆင်းသွားခဲ့ပြီး ဓာတ်အား ဖြတ်တောက်ချိန်မှာလည်း နံနက် ၅နာရီမှ ၇ နာရီအကြားသာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၃ ခုနှစ် နွေရာသီ ဓာတ်အားလုံလောက်စွာ ရရှိရေး အတွက် ရွှေလီရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ မူလ ၂ဝဝ မဂ္ဂါဝပ်သာ ဝယ်ယူရာမှ ၃ဝဝ မဂ္ဂါဝပ်သို့ တိုးမြှင့် ဝယ်ယူထားခြင်း၊ ၅ဝ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်များကို လှော်ကားစက်ရုံနှင့် ရွာမစက်ရုံတို့တွင် တပ်ဆင်လျက်ရှိခြင်း၊ ၂x၄၁ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင် ဓာတ်အားပေးစက်နှင့် ၃၈ မဂ္ဂါဝပ် ရေနွေးငွေ့ တာဘိုင်စက်များအား အလုံစက်ရုံတွင် တည်ဆောက်နေခြင်း စသည်ဖြင့် ဖြည့်ဆည်းဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်သော ရွှေတောင်ဓါတ်အားပေး စက်ရုံမှ စက်တစ်လုံး၊ ကျွန်းချောင်း ဓာတ်အားပေးစက်ရုံမှ စက်နှစ်လုံး၊ မြန်အောင်ဓာတ်အားပေး စက်ရုံမှ စက်တစ်လုံးတို့ကို တိုးချဲ့ မောင်းနှင် ထုတ်လုပ်ရန်၊ စက်မှုဇုန် စက်ရုံများအား ၂ဝ၁၂ ခုနှစ် နွေရာသီ ကာလကကဲ့သို့ အုပ်စုနှစ်ခုခွဲ၍ နေ့စဉ် တစ်အုပ်စုလျှင် ငါးနာရီနှုန်း အလှည့်ကျစနစ် ဓာတ်အားပေးခြင်းဖြင့် ပြည်သူလူထုအား လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်