Pages

Saturday, February 16, 2013

ဆိုဒ်ဝါး မိနေသူများ ( သို့မဟုတ် ) သံချေးတက် နေသော အနာဂတ် ကြယ်ပွင့်များ

ဆိုဒ်ဝါး ၊ ဘာလဲ ဆိုဒ်ဝါး ?

ဒီကိစ္စမှာ တော့ ဒီလူက ဆိုဒ်ဝါးသုံးတယ် ဟိုမှာတော့ ဟိုတယောက် က ဆိုဒ်ဝါးသုံးတယ် ဘယ်မှာတော့ ဘယ်မီ ဒီယာက ဆိုဒ်ဝါးသုံးနေပြီ ဆိုတာ တော်တော် များများ ပြောဘူး ဆိုဘူးကြတယ် ဆိုတာတော့ အားလုံးသိကြမှာပါ။  ကြားရဖန်များတော့ ဆိုဒ်ဝါး ဘာလဲ ဆိုတာ သေချာသိအောင် မွှေနှောက်ရှာဖွေ ရတော့တာပေါ့ဗျာ။

ဆိုဒ်ဝါးဟူသည် Target , Opinions , Emotions , Behaviours ( ပစ်မှတ်၊ ပရိတ်သတ်၏ ထင်မြင်ချက် များ၊သဘောထား များ၊ စိတ်လှုပ်ရှားမှုများ အပြုအမူများ ) စသည်တို့ ကို ပြောင်းလဲလာစေရန် စနစ်တကျ အကွက်ချ  စီမံကိန်းချ လုပ်ဆောင် ၀ါဒဖြန့်ချိခြင်းပင်ဖြစ်သည်။ ဆိုတာ တွေ့ရတော့တာပဲ။

ကဲ .... ကျွန်တော်တို့ စလိုက်ရအောင် ဗျာ ။

ကျွန်တော်တို့ ကမ္ဘာလောကကြီး က ဇတ်ခုံတစ်ခုပင် ဖြစ်သည်။ ကိုယ့်အခန်းနှင့် ကိုယ်ကပြအသုံးတော် ခံနေကြရသည်။ ဇတ်နာစေလို သူတို့ က ဇတ်နာအောင် ကပြသည်။ ပျော်ရွှင်လိုသူတို့ က ပျော်ရွှင် အောင်ကပြသည်။ ထိုထဲမှ မှန်ထိုးမီးထိုး ဇတ်နာသူကို ပို၍ နာအောင် ပျော်ရွှင်သူကိုပို၍ ပျော်ရွှင်အောင် ဘေးတီးပေးကြသောသူများ ရှိသကဲ့သို့ ၄င်း တို့အား အကွက်ချစီစဉ်ပေးသော ဇတ်ဆရာ လဲ ရှိသည်။ အရေးကြီးဆုံးမှာ နည်းပရီရာယ် ကြွယ်ဝဖို့ပင်ဖြစ်သည်။

ထို ထဲမှ ပွဲကြည့် ပရီတ်သတ်လဲ ရှိနေသည်။ ပွဲကြည့် ပရိတ်သတ် သုံးမျိုး ရှိသည်။ ခင်မင်ရင်းစွဲ လေးစားရင်းစွဲ ရှိသူ၊ မလိုလား မုန်းတီးသူ ၊ ကြားနေသူ ဟူ၍ဖြစ်သည်။ ခဲ တလုံးနှင့် ငှက်သုံးကောင်  မှန်အောင်ပစ်သကဲ့သို့ အချို့သော မှန်ထိုးမီးထိုးနှင့် ဇတ်ဆရာတို့က ပရိတ်သတ် သုံးမျိုးလုံး ကိုထိမိအောင် ပစ်နိုင်စွမ်းရှိနေကြသည်။ ဇတ်ဆရာများထဲမှ အချို့မှာ ခင်မင်ရင်းစွဲရှိသူ လေးစားရင်းစွဲ ရှိသူ နှင့် ကြားနေသူတို့ ကို သာ မိမိဘက် ပါလာအောင် အဓိကထား သည်။ အဆိုးဆုံးမှာ ဇတ်ဆရာ ၀ါဒဖြန့်မှု ညံ့ဖျင်းပါက  ကိုယ့်လူပင် သူ့ဘက်သား ဖြစ်သွားတတ်သည်။

ကျွန်တော်တို့နိုင်ငံသည် ယဉ်ကျေးမှု ထွန်းကားသော ရိုးသား အေးချမ်းသော တိုင်းရင်းသား ညီ အကိုမောင်နှမများ စုစည်း နေထိုင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဒီမိုကရေ စီ နိုင်ငံ အဖြစ်စတင် တက်လှမ်းနေသော နိုင်ငံ တနိုင်ငံလည်း ဖြစ်သည်။ ထို့ကြောင့် ဇတ်ဆရာ များ ၏ ပြောသမျှ ဆိုသမျှအား ယုံလွယ်ကြသည်။ လက်ခံလွယ်ကြသည်။ ရိုးသားမှု၏ နောက်ကွယ်တွင် အ ခြင်းနှင့် တုံး ခြင်းတွဲပါလာသည် ကို သတိမထားမိကြ။ မိမိ ကိုယ်ကိုယ် ထက်အောင်သွေးသောသူ နည်းသည်။

ဆိုဒ်ဝါး ကိုပြန်ဆက်မည်။ ဆိုဒ်ဝါးဆိုတာဘာလဲ။ ဆိုဒ်ဝါးဆိုသည်မှာ အများစု က စစ်သားများ သုံးသည်ဟုထင်ကြသည်။ ထိုအရာ သည်ပင် တုံးခြင်း အခြင်း ဖြစ်နေသည် ကို ၄င်းတို့ မသိ ၊ သိသော်လည်း မိမိ ကိုယ်ကိုယ် တုံးကြောင်း အကြောင်း လက်မခံ။ ဆိုဒ်ဝါးသည် Psychjological Warfare ( စိတ်ဓါတ်စစ်ဆင်ရေး ) ဟူသောစကားမှ အတိုကောက် Psy.War  ( ဆိုဒ်ဝါး ) ဟုခေါ်တွင်လာခြင်းဖြစ်သည်။ ဆိုဒ်ဝါးသည် နိုင်ငံရေး စီးပွားရေး လူမှုရေး အရာအားလုံးနှင့် သက်ဆိုင်သည်။ နောက်ဆုံး လင်နှင့်မယား သမီးရည်းစားထိ ဆိုဒ်ဝါး ကိုသုံးလို့ သုံးမှန်းမသိ သုံးကြသည်။ သို့သော်မိမိ တို့ ဆိုဒ်ဝါး သုံးခဲ့ကြောင်း ကိုမသိ၊ နားမလည်။

စီးပွားရေး လောက တွင် ကြော်ငြာခြင်း၊ နိုင်ငံရေးလောက တွင် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ဆို၍ စည်းရူံး မဲဆွယ်ခြင်း ၊ ဘယ်ပါတီ မကောင်းဘူး ညာ ပါတီ က မကောင်းဘူး လှုံ့ဆော် ၀ါဒဖြန့်ခြင်း ၊ ဘာသာရေးတွင် အလှမ်းဝေးသော နေရာများ၌ သာသနာပြု လုပ်ငန်းများ ဖြင့် စည်းရုံး ဆွဲဆောင်ခြင်း ၊ ထောက်ပံ့ ခြင်း တို့ သည် ဆိုဒ်ဝါး၏ ညီ အကိုရောင်းရင်းများ ဖြစ်ကြ သည်။

စစ်ကာလ များ တွင် တကယ့်ကျည်စစ်ကျည်မှန် များ ဖြင့် ပစ်ခတ်သကဲ့ သို့ ဆိုဒ်ဝါး စက္ကူကျည်ဆန်များ ကိုလဲ ထည့်သွင်းပစ်ခတ်ကြသည်။ လက်နက်ချ အလင်းဝင်ရန် ၊ လက်နက်ချအလင်းဝင်ပါက မည်သို့ ဆောင်ရွက်ပေးမှုများ အား စက္ကူကျည်ဆန်အဖြစ် အသုံးပြု ၀ါဒဖြန့်ကြသည်။ တကယ့် ကျည်စစ်ကျည်မှန်ထက်ပင် ပိုမို ထိရောက်ကြောင်းလဲ သက်သေများစွာ ရှိနေသည်။ ဒါဆိုရင် ဆိုဒ် ၀ါး ကိုစစ်ဖြစ်မှ ပိုသုံးတာလား ဟု မေးကြမည်။ စစ်အတွင်း စစ်ကာလရော  ငြိမ်းချမ်းသောကာလရော အထက်တွင် ဖော်ပြခဲ့ပြီးသည့် အတိုင်း အရာရာ သည် ဆိုဒ်ဝါး ပါသည်။ တနည်းပြောရလျှင် ဆိုဒ်ဝါး သည် မည်သည့် အချိန်မည်သည့် နေရာတွင် မဆို စဉ်ဆက်မပြတ် ပြုလုပ်ရမည့် အစဉ် တစိုက်ပြုလုပ်ရမည့် အရာတစ်ခု သာဖြစ်သည်။ ခံယူချက် ယုံကြည်ချက် မရှိဘဲ စိတ်ကူးရမှ ထလုပ်ခြင်းမျိုး နှင့် နာမည်ကြီး လို၍ ထင်ရှားလို၍ ထ လုပ်ခြင်းမျိုး မဟုတ်။ တဖန် နည်းပညာမြင့်မားလာသည်နှင့် အမျှ ဆိုဒ် ၀ါးသည်လည်း မြင့်မားလာခဲ့သည်။ စက္ကူကျည်ဆန် အဖြစ်မှ လေလှိုင်း ကျည်ဆန် အဖြစ်ပါ တိုးတက်လာသည်။ သို့သော် လူတန်းစား ပေါင်းစုံ အတွက် လွယ်လင့် တကူ ရရှိနိုင်သော စက္ကူ ကျည်ဆန်လဲ ရှိနေ အသုံးပြုနေ ကြသေးသည်။

၁၉၉၁ တွငိ ဖြစ်ပွားခဲ့သော သဲကန္တာရ မုန်တိုင်း စစ်ဆင်ရေး တွင် အမေရိကန်တို့က ဒိမိုကရေစီနှင့် လူ့ အခွင့် အရေး ဟု အော်ခဲ့ပြီး အီရတ်က ဘာသာရေး ဖြင့် ဆိုဒ်ဝါးသုံး ခဲ့ကြသည်။ တစ်ချိန်ကလဲ ဒုတိယကမ္ဘာ စစ်တွင် ဗြိတိန်က Hitler`s War ဟု သမုတ်ခဲ့သလို ဂျာမနီကလည်း The English War Against- Germany ဟု မှတ်တမ်းတင်ခဲ့သည်။

ဆက် ရလျှင် ဆိုဒ်ဝါး ၏ အဓိက လက်နက်သည် ၀ါဒဖြန့်ချိရေး Propaganda ပင်ဖြစ်သည်။ ၀ါဒဖြန့်ချိရေးဟူသည် မိမိပြောလိုသော အကြောင်းအရာ ပေးလို သော အင်ဖော်မေးရှင်းအား မိမိပစ်လိုသော တားကတ် ပရိတ်သတ် သို့ ချက်ကောင်း ထိမှန်စေရန် ပစ်ခတ်ခြင်းပင် ဖြစ်သည်။ သို့သော် အထက်တွင် ဆိုခဲ့သည့် အတိုင်း ပစ်တတ်ရန်လိုသည်။ ယင်းသို့ ပစ်တတ်ရန် အတွက် လူမှု ဆက်ဆံရေး နည်းပညာ အပြင် ဆက်သွယ်ရေး ကိရိယာများ ကောင်းစွာ အသုံးချတတ်ရန် လိုသည်။ အပုပ်ချ ကဲ့ရဲ့သည့် ပုံစံထက် ဝေဖန်ထောက်ပြသော ပုံစံ ကိုကျင့် သုံး သင့်သ ည်။ သို့မဟုတ်က အထက်တွင် ပြောခဲ့သည့် အတိုင်း ကိုယ့် လူပင် သူ့ဘက်သား ဖြစ်သွားနိုင်သည်။

လူမှု ဆက်ဆံရေး နည်းပညာ ဆိုသည်မှာ ဝေးဝေးလံလံ မဟုတ် ။ ကျွန်တော် တို့ လက်ရှိအသုံးပြုနေသော အင်တာနက် အွန်လိုင်း ၊ ရေဒီယို ( ယခုနောက်ပိုင်း FM များ ) ၊ ရုပ်မြင်သံကြား ( ယခုနောက်ပိုင်း ပုဂ္ဂလိကပိုင် ရုပ်သံများ ) သည်လေလှိုင်း ကျည်ဆန်များ ဖြစ်ပြီး သတင်းစာ ဂျာနယ် မဂ္ဂဇင်း စာစောင်များ သည် စက္ကူကျည်ဆန်များ ဖြစ်သည်။

ပရိတ်သတ်သုံး မျိုးတွင် မှ သူ့အဆင့်နှင့် သူရှိသည်။ အချို့ ကပေါ့ပေါ့ ပါးပါးနှစ်သတ်သည်။ အချို့ က လေးလေးနက်နက် ကိုနှစ်သတ်သည်။ တူညီ သောတစ်ချက်မှာ လွှမ်းမိုးမှု မခံလိုခြင်း ၊ မျက်စိတဘက်ကန်း နားတဘက်ပေါက် ခြင်း နှင့် ယုံလွယ်ခြင်းပင်ဖြစ်သည်။ ၄င်းကို သိသော ဇတ်ဆရာတို့ သည် ၄င်းတို့ ၏ ဆေးခါးကြိး ကိုသကြား သုတ်သည်။ နှမ်းအုပ်သည်။ တနည်းပြောရလျှင် ၀ါဒဖြန့်ချက် ကို သတင်းမှန်နှင့် အုပ်သည်။ ဖြော်ဖြေမှု နှင့် အုပ်သည်၊ ဗဟုသုတနှင့် အုပ်သည်။ လုပ်ချင်သည်မှာ မိမိဘက်ပါလာအောင် ဆွဲဆောင်စည်းရုံး လိုခြင်းဖြစ်သည်။ ထိုနေရာတွင် နည်းပ ညာ စကားပြော လာသည်။ အိုးသူကြီး ကောင်းသည် အရ သာ ၆ ပါးစုံအောင် ထည့်သွင်းစီမံချက်ပြုတ်သကဲ့သို့ ဆိုဒ်ဝါး လုပ်မည့် ဇတ်ဆရာသည် သတင်းပေးခြင်း၊ ၀ါဒဖြန့်ခြင်း ၊ ဖျော်ဖြေခြင်း ၊ ပညာပေးခြင်း တို့အား အချိုးညီ အသုံးချ တတ်ရန်လိုသည်။

ဆိုဒ်ဝါး အကြောင်း ပြောနေသည့်အတွက် ဘယ်ဟာတွေ ကို ဆိုဒ်ဝါးပါလို့ ဥပမာပေးဖို့ လိုပြီ ဖြစ်သည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း ကျွန်တော်တို့ သည် မိမ်ကိုယ်ကိုယ် မသွေးလိုကြ၊ မထက်မြတ်လိုကြ ၊ ရိုးသားခြင်းနောက်ကွယ်က အခြင်းနှင့် တုံးခြင်းပါလာသည် ကို သတိမထားမိကြ။ အနီး စပ်ဆုံး ပြရလျှင် BBC , VOA, RFA, DVB နောက် Facebook ထဲ မှ အကောင့် တော်တော် များ များ ( တနည်းပြောရလျှင် ) မှန်ခြင်း မမှန်ခြင်း တိကျခြင်း မတိကျခြင်း ထက် အပုပ်ချ ခြင်း ကိုသာ လက်ကိုင်ထား သောသူများ ကိုပြရမည်ဖြစ်သည်။ ဖတ်ကြပါသည်။ နားထောင်ကြပါသည်။ BBC ၏ မေးပါများစကားရ အခန်းမျိုး ၊ ဥိးဦးဖျားဖျား သတင်းများ အခန်းမျိုး တို့သည် မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ  မြန်မာ ပရီတ်သတ် အကြိုက်တွေ့သည်။ အချို့ သက်ကြီး ပိုင်းများ လဘ္ကရည်ဆိုင်တွင် မနက်ကတော့ BBC က ဘာသတင်း ပြောသွားတယ်က နေ စတတ်သည်။ အချို့ အွန်လိုင်း တွင် သတင်း ဖတ်သည်။ သို့သော် မျှ တမှုမရှိ။ နှစ်ဘက် သတင်းကို ဖတ်၍ ဝေဖန်ခြင်း မရှိ။ အစိုးရ အားပေးသူသည် အစိုးရ သတင်းသာ ဖတ်သည်။ အတိုက်အခံ အားပေးသူသည် အတိုက်အခံ သတင်းသာ ဖတ်သည်။ ထို့အပြင် မတွေး။ မိမိကိုယ်ကို တုံး အောင်နေကြသည်။ ပြီးလျှင် မိမိဖတ်ထားသော မိမိ သိထားသမျှ နှင့် တတ်ယောင်ကား ပြောသည်။ ဆိုသည်။ မနိုင်လျှင် ဆဲသည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ တန်ပြန်ဝါဒဖြန့်သည်။ တကယ်တော့ ထိုသူ ကလည်း ရေရေ ရာရာ မသိ၊ နားထောင်သူ ဖတ်သူ ကလဲ ရေရေ ရာရာ မဖတ် ရေရေ ရာရာ မသိ။ ထိုသူတို့ပြောသမျှ လိုက်နားယောင် သူတို့က ပိုများသေးသည်။

ကျွန်တော် ငယ်စဉ်က အဆိုတစ်ခု အမှတ်ရသည်။ A Little Knoledge is Dangerous. မြန်မာလို တော့ မစို့မပို့ သိ တော့ ဘေးထိ တတ်သည် ပေါ့ဗျာ။ ဆိုဒ်ဝါး တစ်ခု ကိုဖတ်လျှင် အခြေအမြစ်ကို လိုက်တတ်ဖို့လိုမည်။ စဉ်းစားတွေးခေါ်တတ်ဖို့ လိုမည်။ နှစ်ဘက်မျှ ၍ သတင်းဖတ် ဖို့လိုမည်။ သို့မှ သာအမှန်နှင့် အနီးစပ်ဆုံးသော သတင်း ကိုရမည်။ သူများပြောသမျှ ယုံ လုပ်သမျှ အကောင်းထင် သူများယောင်လို့ ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ ဆိုသကဲ့သို့ မဖြစ်သင့်။ ခြေခြေမြစ်မြစ် သိသင့်သည်။ ဥပမာ - စစ်အစိုးရကြောင့် တိုင်းပြည်မွဲသည်ဟု ပြောကြ သဖြင့် အများစုကလဲ ထိုနည်း၎င်း ထင်ကြသည်။ သို့သော် တွေးကြည့် ၊ ၁၉၄၈ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၈၈ ထိ တက်လာသော မည်သည့် အရပ်သား အစိုးရအဖွဲ့ မဆို ၄င်းတို့ပါတီ အကွဲအပြဲ ကုစားခြင်းဖြင့်သာ အချိန်ကုန် သွားကြကြောင်း ၊ ပြည်သူ အတွက် လက်တွေ့ မည်သည့်အရာမျှ မလုပ်နိုင်ခဲ့ကြကြောင်း မသိကြ။ သိသော်လဲ မတွေး၊ စေ့စေ့တွေးတော့ရေးရေး ပေါ်သည်။ တပ်မတော်နှင့် အတိုက်အခံ က တပ်မတော် မကောင်းကြောင်း ပြောလျှင် တပ်မတော် အရင်က လူတွေ အစိုးရတွေ ဘာလုပ်ခဲ့လဲ မတွေးတော့ သူများ ပြောသမျှသာ အဟုတ်ထင်ကြသည်။ မျက်စိ တဘက်ကန်း နားတဘက် ပိတ်သွားသည်။

ဒီမိုကရေ စီအစိုးရဖြစ်ပြီ။ ခုရေတွင်းတူး ခုရေကြည်သောက်ချင်သည်။ ဇတ်ဆရာတို့က နှစ်ပေါင်းများ စွာ ဒီမိုကရေစီ အနည်ထိုင်လာသော နိုင်ငံကြီးများ နှင့် နှိုင်းယှဉ်သည်။ ပရီတ်သတ် ကလဲ လက်ခံသည်။ ခုဗိုက်ကြီး ခုကလေးမွေး ခု ဘွဲ့လိုချင်နေ သလိုဖြစ်နေကြောင်းတော့ မတွေးကြ။ အလိမ်ခံနေရကြောင်း အသုံးချခံနေရကြောင်း ဆိုဒ်ဝါး ထည့် ခံနေရကြောင်း မသိ။ ရိုးခြင်း နောက်မှ အခြင်းတွဲလာသည်။ တွေးကြည့် ရင်လေးမိပါဘိ ဆိုသကဲ့သို့ပင်။

ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသည်မှာ စကားတစ်ခုသာမဟုတ် ၊ လက်တွေ့ကျသောအရာဖြစ်သည်။ ယနေ့ လူငယ် ၁၄ ၊၅ နှစ်ကလေးများ သည်နောင် သမ္မတ ၄ ၊ ၅ ဆက်အကြာတွင် လွှတ်တော်အမတ် မဖြစ်နိုင်ဘူး ဆိုသူ များ မရှိ၊ နိုင်ငံ အုပ်ချုပ်မည့် သူများ လဲ မဖြစ်နိုင်ဟု မပြောနိုင်။ မိမိ တို့ နိုင်ငံ ၏ ကံကြမ္မာ သည် ယနေ့ လူငယ်များ တွင် မှုတည်သည်။ ထိုလူငယ်များ သည် သံချေးတက် ဦးဏှောက် များ နှင့် ဖြစ်မနေသင့်။ မိမိကိုယ်ကိုယ် ထက်မြတ်အောင် မသွေးတတ်သူများ ဖြစ်မနေသင့်။ နိုင်ငံရေး ကိုတော့ စိတ်ဝင်စား သည်။ သို့သော် နားတဘက်ပိတ် မျက်စိတဘက်ကန်း မဖြစ်သင့်။ ဆိုဒ်ဝါး မိနေသူများ မဖြစ်သင့်။ လူငယ်များ မိမိကိုယ်ကိုယ် ထက်မြက်အောင် သွေးစေချင်ပါသည်။ အရာအား လုံး မသိရှိနိုင်တောင် ရေလိုက်ငါးလိုက် နေသူတယောက် မဖြစ်သင့်။ ယုံလွယ်သူ တယောက်မဖြစ်သင့်။ တွေးတော ဆင်ခြင်နိုင်သော ၊ မယုံလွယ်သော ၊ အလိမ်မခံရသော သူများ ဖြစ်စေချင်သည်။

တိုင်းပြည်၏အနာဂတ် ကြယ်ပွင့် လူငယ်များ နားတဘက်ပိတ် မျက်စိတဘက်ကန်း ခြင်းဘ၀မှ အမြန်ဆုံး လွတ်မြောက် နိုင်ပါစေကြောင်း ဆန္ဒပြုရင်း .....

မျှော်လင့်ခြင်း များစွာဖြင့်

လင်းလက်လူ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်