Pages

Tuesday, April 2, 2013

နှစ်ပေါင်း ၃၀ ခန့် ပျောက်ကွယ်ခဲ့သည့် ‘အ’သုံးလုံး ပညာရေးစနစ် ပြန်လည်အကောင်အထည် ဖော်တော့မည်

နှစ်ပေါင်း ၃၀ နီးပါး ပျောက်ကွယ်နေခဲ့သည့် ‘အ’သုံးလုံး ပညာရေးစနစ်ကို ပညာရေးဝန်ကြီးဌာန က ပြန်လည် အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပြန်လည် အကောင်အထည်ဖော်နိုင်ရန် အတွက် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်သုံးခု၊ မကွေးတိုင်းဒေသကြီးရှိ မြို့နယ်နှစ်ခု၊ မွန်ပြည်နယ်ရှိ မြို့နယ်နှစ်ခု၊ ကရင်ပြည်နယ်ရှိ မြို့နယ်တစ်ခုနှင့် ချင်းပြည်နယ်ရှိ မြို့နယ်တစ်ခုတို့တွင် အဆိုပါ ‘အ’သုံးလုံး သင်တန်းများ ပို့ချပေးသွားရန်ရှိကြောင်း မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက ပြောသည်။

“ဒီအစီအစဉ်ကို လာမယ့် ဧပြီမှာ စမှာပါ။ လောလောဆယ်မှာတော့ ပညာရေးဝန်ကြီးဌာနက စီမံချက်ချပေးတဲ့ မြို့နယ်တွေမှာပဲ အရင်ဦးဆုံး လုပ်မယ်။ အဲဒီကရလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဆက်လုပ်ရမှာတွေကို ရေးဆွဲသွားမယ်။ နှစ်တိုင်းတော့ ဒီလို လုပ်အားပေး အဖွဲ့တွေ လွှတ်ပေးနေတယ်။ ဒီကိုးမြို့နယ်က ရလဒ်အပေါ် မူတည်ပြီး လာမယ့်နှစ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာပါ” ဟု ယင်းက ထပ်မံပြောသည်။

ယင်းမြို့နယ် ကိုးခုတို့တွင် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိ စာမတတ်သူများအား လုပ်အားပေး သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ သွားရောက် လုပ်အားပေးမည့် ကျောင်းသားများမှာ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့မှ ကျောင်းသားများ ဖြစ်ကြပြီး ကျောင်းသားပေါင်း ၂၀၀၀ ကျော်ခန့်ရှိကြောင်း၊ ယင်းအစီအစဉ်တွင် ပါဝင်လို၍ ထပ်မံ ဆန္ဒပြုထားသော ကျောင်းသားများ ရှိသေးကြောင်း၊ ကုန်ကျစရိတ်များအား နိုင်ငံတော်၏ ဘတ်ဂျက်ထဲမှ အသုံးပြုမည် ဖြစ်ကြောင်း ဦးခင်မောင်ထွေးက ဆက်လက်ပြောသည်။

၁၉၈၃ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် သွားရောက် လုပ်အားပေးခဲ့သော ရန်ကုန်တက္ကသိုလ် အခြေခံစာတတ်မြောက်ရေး အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဆရာဦးမျိုးသန့်က “အရင်က အဖွဲ့တွေကို ပြန်စုပြီးတော့ မင်းကင်းအဖွဲ့ရယ် တခြားမြို့နယ်က ‘အ’သုံးလုံး အဖွဲ့တွေပါစုပြီး ဘာလုပ်ပေးနိုင်မလဲဆိုတာ ညှိနှိုင်းမယ်။ အစိုးရက ‘အ’သုံးလုံး စီမံချက်လုပ်ရင် ပတ်သက်ရာ ပတ်သက်ကြောင်းတွေစုပြီး နိုင်သလောက် ကူညီပေးသွားပါမယ်” ဟု ပြောသည်။ စာတတ်မြောက်ရေး ဗဟိုကော်မတီ အဖွဲ့ဝင်ဟောင်း ဦးသန်းဦးက ‘အ’သုံးလုံး လှုပ်ရှားမှုမှာ ၁၉၆၄ မှ ၁၉၈၈ အထိ သာမန်လှုပ်ရှားမှု မဟုတ်ဘဲ နိုင်ငံအကျိုးပြုသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ မည်သည့် မျှော်လင့်ချက်၊ မျှော်ကိုးမှုမှ မပါသော သမိုင်းဝင် ကြိုးပမ်းချက်ဖြစ်ကြောင်း၊ ကျေးလက်ပြည်သူတို့၏ ဥာဏ်မျက်စိကို ဖွင့်ပေးနိုင်ခဲ့ကြောင်း မတ် ၂၆ ရက်က ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့သည့် မင်းကင်း ‘အ’သုံးလုံး အဖွဲ့ဝင်ဟောင်းများ နှစ် ၃၀ ပြည့် အခမ်းအနားတွင် ပြောသည်။

မြန်မာနိုင်ငံတွင် ‘အ’သုံးလုံး ပညာရေးကို ၁၉၆၄ ခုနှစ်တွင် မိတ္ထီလာခရိုင်တွင် စမ်းသပ်စတင်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် ခံယူခဲ့ရာ ‘အ’သုံးလုံး ပညာရေးစီမံကိန်းများ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု အခြေအနေမှာ ၉၅ ဒသမ ၀၈ ရာခိုင်နှုန်း ရှိကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်