Pages

Tuesday, April 2, 2013

နေပြည်တော်လေဆိပ်တွင် နိုင်ငံတကာလေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်နိုင်ပြီ

နိုင်ငံတကာ လေကြောင်းလိုင်းများ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧပြီ ၁ ရက်မှ စတင်ကာ တိုက်ရိုက် ဆင်းသက်နိုင်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ နေပြည်တော်နှင့် နိုင်ငံတကာ ခရီးစဉ်များကို တိုက်ရိုက်ပျံသန်းနိုင်ရန်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက “နေပြည်တော် လေဆိပ်က နိုင်ငံတကာ လေကြောင်းလိုင်းတွေ ဆင်းသက်ဖို့အတွက် လက်ခံနိုင်ပါပြီ။ တိုက်ရိုက်ဆင်းချင်တဲ့ လေကြောင်းလိုင်းတွေ အနေနဲ့ ဆင်းမယ်ဆိုရင် ဆင်းလို့ရပါပြီ” ဟု ပြောသည်။

လက်ရှိတွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင့်မြှင့်တင်ရန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ကုန်စည်ပို့ဆောင်ရေး လေဆိပ်အဖြစ် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကာ ဟံသာဝတီလေဆိပ်ကို နိုင်ငံတကာ လေဆိပ်အဖြစ် တည်ဆောက်ရေး စီမံကိန်းကို ယခုနှစ်အတွင်း တည်ဆောက်မည်ဖြစ်ပြီး သုံးနှစ်နှင့် အပြီးတည်ဆောက်မည် ဖြစ်ကာ လာမည့် ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးဝင်းဆွေထွန်းက “နိုင်ငံတကာ လေကြောင်းလိုင်း အားလုံး နေပြည်တော်မှာ ဆင်းသက်ရမှာ မဟုတ်ပါဘူး” ဟု ယင်းက ဆက်လက်ပြောသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း သုံးကွင်း တည်ရှိနေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ၂ ဒသမ ၇ သန်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည် သုံးသန်းနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည် ၃ ဒသမ ၅ သန်းအထိ ဝင်ဆံ့နိုင်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတကာ လေကြောင်းလိုင်း ၂၄ လိုင်းမှ တိုက်ရိုက်ခရီးစဉ်များကို ပျံသန်းလျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်