Pages

Tuesday, April 2, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ(၄)နာရီ်(၁၅)မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွှန့်၊ ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ စင်ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး စင်ကာပူသမ္မတနိုင်ငံသမ္မတ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H. E. Mr. Chua Hian Kong Robert လည်း တက်ရောက်သည်။


တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက အဆွေတော်သမ္မတနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား မြန်မာပြည်သူများ ကိုယ်စား၊ အစိုးရအဖွဲ့ကိုယ်စား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သမိုင်းကြောင်းအရ ချစ်ကြည်ရင်းနှီးမှုရှိပြီး နိုင်ငံများ ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်သည် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအား ပိုမိုတိုးမြှင့် ခိုင်မာစေသော ခရီးစဉ် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံသည် အစိုးရအဖွဲ့ချင်း သာမက ပြည်သူချင်းလည်း နေ့စဉ်သွားလာ ဆက်သွယ်မှု ရှိနေပါကြောင်း၊ အဆွေတော် သမ္မတအနေဖြင့် မြန်မာနိုင်ငံသို့အလေးထား လာရောက်၍ မိမိအနေဖြင့် များစွာလေးစားဂုဏ်ယူ မိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စင်ကာပူသမ္မတနိုင်ငံ သမ္မတက မိမိအနေဖြင့် မြန်မာနိုင်ငံသို့လာရောက် လည်ပတ်ခွင့်ရသည့် အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ ထို့အတူ မိမိအား မြန်မာနိုင်ငံက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည့် အတွက်လည်း ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ နေပြည်တော်တွင် လက်ရှိမြင်တွေ့နေရသည်များက မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများကို ထင်ဟပ်နေ ပါကြောင်း။ မိမိအနေဖြင့် နှစ်နိုင်ငံ အပြန်အလှန် ဖြစ်ပေါ် တိုးတက်မှုများကို အကောင်အထည်ဖော် ဆောင်ကြဉ်းသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံက မြန်မာနိုင်ငံတွင် နည်းပညာ သင်တန်းကျောင်း ဖွင့်လှစ်မည်ကို အဆွေတော်က လက်ခံသဖြင့် ဝမ်းမြောက်ရပါကြောင်း၊ မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နိုင်မည့် လူငယ်များ သင်ကြား လေ့ကျင့်ခွင့်ရမည် ဖြစ်သည့်အတွက် နှစ်ဖက်အကျိုးရှိမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ပြည်သူတို့၏ဆန္ဒဖြစ်သည့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၌ အရင်းအနှီး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံမှု မရှိသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေပါကြောင်း၊ ယခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂကတို့ကလည်း စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများကို များစွာ ဖြေလျှော့ပေးခဲ့ပြီ ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာ ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာပါက နိုင်ငံ၏ လိုအပ်ချက်များအနက် အရင်းအနှီးနှင့် နည်းပညာများ ရရှိလာမည်ဖြစ်ပြီး မိမိတို့အနေဖြင့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန်ကိုသာ အဓိကဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စင်ကာပူ လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။ 
       
ဆက်လက်၍ နှစ်နိုင်ငံသမ္မတများသည် စင်ကာပူလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ အိုးအိမ်ဆောက်လုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။  
 
President Office

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်