Pages

Tuesday, April 2, 2013

အစိုးရဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ အစိုးရဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း၊ အမိန့်ကြော်ငြာစာ အမှတ် (၅၄၄/၂ဝ၁၃) နေပြည်တော်ကို ၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် (၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်) နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြော်ငြာချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် နိုင် ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်အလေးထား ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများ သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်ရာ နိုင် ငံတော် အစိုးရသည် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံတော်တာဝန် ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်၊ စားဝတ်နေရေးနှင့် လူနေမှု အဆင့်အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့ပါ၍ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင် နေကြသည့် အစိုးရဝန်ထမ်းများ၏ လက်ရှိလစာနှုန်းထားများကို ၂၀၀၀၀ ကျပ် ထပ်မံ၍ တိုးမြှင့်ခံစားခွင့် ပြုလိုက်သည်။ နှစ်တိုးများကို (၂)နှစ်လျှင် တစ်ကြိမ် ခံစားခွင့်ပြုရန်။ လက်ရှိလစာနှုန်းမှ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲသွားသည့်အခါ နှစ်တိုးများကို လက်ရှိ လစာနှုန်းအရ နှစ်တိုး ကာလ များအတိုင်း ဆက်လက်ခံစားခွင့်ပြုရန် ဖြစ်ပါသည်။ တိုးမြှင့် လစာနှုန်း သို့ ပြောင်း လဲ မှုကြောင့် နှစ် တိုးကျရောက်သည့် နေ့များ ပြောင်းလဲသွားခြင်း မရှိစေရ။ လက်ရှိခံစားခွင့် ပြုထားသော အပိုထောက် ပံ့ကြေးကိုလည်း ဆက်လက်ခံစားခွင့်ပြုရန် ဖြစ်ပါသည်။

ဝန်ထမ်းများအား လစာနှုန်းထားများ တိုးမြှင့်ခွင့်ပြုသည့်နည်းတူ လက်ရှိပင်စင် ခံစားနေသော အငြိမ်းစားများအား လက်ရှိ ပင်စင်လစာအပြင် တိုးမြှင့်ခွင့်ပြုသည့် လစာကျပ် ၂ဝဝဝဝ အပေါ် ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်၍ တိုးမြှင့်ခံစားခွင့် ပြုလိုက်သည်။ တိုးမြှင့်ပင်စင်လစာနှင့် စပ်လျဉ်း၍ ညိနှိုင်းရန် လိုအပ်ပါက ပင်စင်ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပါသည်။ အစိုးရဌာန အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခကျပ် ၁၁၀၀ မှ လုပ်ခကျပ် ၁၇၀၀သို့ တိုးမြှင့် သတ်မှတ်လိုက်သည်။ ၎င်းအပြင် အပိုထောက်ပံ့ကြေး တစ်နေ့လျှင် ကျပ် ၁၀၀၀ ကိုလည်း ဆက်လက် ခံစားခွင့်ပြုရန် ဖြစ်ပါသည်။ တပ်မတော်အတွက် သတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများအပြင် အငြိမ်းစားလစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ကော်စီသို့ တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်ရန် ဖြစ်ပါသည်။

နိုင်ငံခြားတွင် တာဝန်ထမ်းဆောင် နေသည့် နိုင်ငံခြားရေး ဝန်ထမ်းများနှင့် အခြားအလားတူ ဝန်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်းဆောင် နေစဉ်အတွင်း လက်ရှိခံစားနေသော လစနှုန်းများ အတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ရသည့်အခါတွင် မိမိရာထူး အဆင့်နှင့် လျော်ညီစွာ သတ်မှတ်ထားသော လစာနှုန်းသစ်ကို ခံစားရန် ဖြစ်ပါသည်။ ဤအမိန့် ကြော်ငြာစာအရ ခံစားခွင့်များကို ၂ဝ၁၃ ခုနှစ် ဧပြီလအတွက် လစာမှစ၍ ခံစားခွင့် ရှိစေရမည်ဟု ဖော်ပြထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်