Pages

Tuesday, April 2, 2013

အဝေးပြေးယာဉ်လိုင်းများ သင်္ကြန်ကာလတွင် လက်မှတ်ဈေး တိုးမြှင့်ရောင်းပါက တိုင်ကြားနိုင်

သင်္ကြန်ကာလများအတွင်း အဝေးပြေးယာဉ်လိုင်းများ လက်မှတ်ဈေးနှုန်းများကို သတ်မှတ်နှုန်းထား များထက် ဈေးမြှင့်ရောင်းချ ပါက တိုင်ကြားနိုင်ကြောင်း မထသ အဝေးပြေး ပို့ဆောင်ရေးဌာနမှ သိရသည်။ မထသ အဝေးပြေး ပို့ဆောင်ရေးဌာနမှ သတ်မှတ်ထားသည့် ဈေးနှုန်းများထက် ပိုရောင်းချသည့် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများကို ကျပ်တစ်သိန်းအထိ အရေးယူသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ယာဉ်လိုင်းများကိုသာ တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ကြောင်း သိရသည်။

မထသ (အဝေးပြေး)မှ ဒုတိယဌာနမှူး ဦးမျိုးဝင်းက “သင်္ကြန်ကာလမှာ ပုံမှန်ပြေးဆွဲမယ့် ယာဉ်လိုင်းတွေက လက်မှတ်ဈေးနှုန်းကို မြှင့်ရောင်းရင် တိုင်ကြားနိုင်ပါတယ်။ ခရီးသွားပြည်သူက တိုင်ကြားလာရင် အရေးယူသွားမှာပါ။ ရန်ကုန်က ဂိတ်တွေအတွက်ပဲ ဖြေရှင်းပေးမှာပါ” ဟု ပြောသည်။ ယင်းအပြင် လက်မှတ် ဝယ်ယူမည့် ခရီးသည်များ အနေဖြင့် မိမိဝယ်ယူမည့် ယာဉ်လိုင်းများကို တိုက်ရိုက်ဆက်သွယ် ဝယ်ယူရန် လိုအပ်ကြောင်း အဆိုပါ ဒုဌာနမှူးက ပြောသည်။

ရွှေစင်စကြာ ယာဉ်လိုင်းမှ ဂိတ်တာဝန်ရှိသူတစ်ဦးက “အရေးယူမှုတွေကို တိုင်ရင် ပထမ ငါးသောင်း၊ ဒုတိယ တစ်သိန်းဆိုပြီး သတ်မှတ်ထားတယ်။ ကျွန်တော်တို့ ဂိတ်ကတော့ ပိုမရောင်းပါဘူး။ မထသ သတ်မှတ်ကြေးရဲ့အောက် ကျပ် ၂၀၀၀ လျှော့ပြီး ခရီးစဉ်အားလုံးအတွက် ရောင်းချပေးထားတယ်။ သင်္ကြန်အတွင်းမှာလဲ ဒီဈေးနှုန်းအတိုင်း ဆက်ရောင်းပေးတယ်” ဟု ပြောသည်။ ယင်းကဲ့သို့သော အရေးယူမှုများ ပြုလုပ်မည်ဟု ပြောကြားခြင်းများ ရှိသော်လည်း ကြိုတင်လက်မှတ်ကို မည်သည့်အချိန်မှ စရောင်းရမည် ဟူသော ညွှန်ကြားချက်များ မရှိကြောင်း အဝေးပြေး ယာဉ်လိုင်းများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်တွင် အောင်မင်္ဂလာအဝေးပြေးက မြန်မာနိုင်ငံအနှံ့ ခရီးစဉ်များကို ပြေးဆွဲပေးသည့် ယာဉ်လိုင်းပေါင်း ၁၅၀ ကျော်ရှိသော်လည်း သင်္ကြန်ကာလအတွင်း ယာဉ်လိုင်း ၁၂ လိုင်းသာ ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး အတွင်းက မြို့များကိုပြေးသည့် ယာဉ်လိုင်း ၄၆ လိုင်းသည် ဧပြီ ၁၃ ရက်မှ စတင်ရပ်နားမည်ဖြစ်ပြီး ယာဉ်လိုင်း အများစုက ၁၇ ရက်တွင် ပြန်လည်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲတော်ကာလအတွက် ကားလက်မှတ်များ ဝယ်ယူရသည့်အခါတွင် ကြိုတင်အမှာ မပြုလုပ်ထားသည့် ခရီးသွားများ အနေဖြင့် အခက်အခဲရှိကြောင်း ယင်းကားဝင်းမှ ခရီးသည် တစ်ဦးက ပြောသည်။

“လက်မှတ်တွေက ရက် ၂၀ လောက် ကြိုမှာတာတောင်မှ အဆင်မပြေဘူး။ ဒီအချိန်က အစုလိုက် အစုလိုက် ပြန်ကြတာဆိုတော့ အခက်အခဲတွေ ဖြစ်တာပေါ့။ ပြီးတော့ ပွဲတော်ရက်ဆိုရင် ပြေးဆွဲပေးတဲ့ ယာဉ်လိုင်းကလဲ နည်းနေတယ်” ဟု ယာဉ်လိုင်း ပြေးဆွဲမှုအပေါ်တွင် ပြောသည်။ သင်္ကြန်ပွဲတော် ကာလတွင် ပုံမှန်ပြေးဆွဲမည့် ယာဉ်လိုင်းများမှလွဲပြီး ကျန်ယာဉ်လိုင်းများသည် ဧပြီ ၁၃ ရက်တွင် ခရီးစဉ်များကို ရပ်နားမည်ဖြစ်ပြီး ခရီးစဉ် ပြေးဆွဲမှုများကို ယာဉ်လိုင်းအများစုက ဧပြီ ၁၈ ရက်တွင် ပြန်လည်စတင်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၂ ရက်ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်