Pages

Tuesday, March 19, 2013

ပုဂ္ဂလိကဘဏ်တိုးနှုန်း လျှော့ချရန်စီစဉ်

လက်ရှိ ဘဏ်အတိုးနှုန်းများ လျှော့ချနိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိကဘဏ်များ ဆွေးနွေးလျက်ရှိကြောင်း အဆိုပါဘဏ် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဘဏ်အတိုးနှုန်းများ စာရင်းရှင်အပ်ငွေ အတွက် ၈ ရာခိုင်နှုန်းနှင့် ချေးငွေအတွက် ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားရာမှ ထပ်မံလျှော့ချရန်အတွက် ပုဂ္ဂလိကဘဏ်များအကြား ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ 

သမဝါယမဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က “ဘဏ်အတိုးတွေ လျှော့ချရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတုန်းပဲ ရှိသေးတယ်” ဟု ယင်းက ပြောသည်။ ယင်းကဲ့သို့ ဘဏ်များ၏ အတိုးနှုန်း လျှော့ချခြင်းကို ပုဂ္ဂလိကဘဏ် အများစုမှ လက်ခံမှုမရှိကြောင်း ဘဏ်အသိုင်းအဝိုင်းမှ သိရသည်။ 


ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အတိုးနှုန်းများ လျှော့ချနိုင်ရန်အတွက် ခေတ်စနစ်နှင့် စီးပွားရေး အနေအထားအရ လေ့လာသုံးသပ်သာ ဖြစ်နိုင်ခြေများကို လုပ်ဆောင်သွားရန် ရှိကြောင်း ပြောကြား သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အမည်မဖော်လိုသည့် အဆင့်မြင့် အရာရှိတစ်ဦးက “လက်ရှိအချိန်နဲ့ အတိုးနှုန်းကတော့ ကိုက်ညီတယ်လို့ ထင်တယ်။ အဲဒီအတိုးနှုန်းကို လိုအပ်တဲ့ အခြေအနေကိုကြည့်ပြီး ပြုလုပ်ဖို့ ရှိပါတယ်” ဟု ပြောသည်။ 

ယင်းနှင့်ပတ်သက်၍ စီးပွားရေးပညာရှင် ဦးလှမောင်က “အတိုးနှုန်း လျှော့ချချင်တဲ့ ဘဏ်တွေကို မေးချင်ပါတယ်။ လက်ရှိ ကိုယ့်နိုင်ငံက ဘယ်လောက်ချမ်းသာလို့ အတိုးနှုန်းကို လျှော့ချချင်ရတာလဲ။ လက်ရှိ ပုဂ္ဂလိကဘဏ်တွေက ငွေဘယ်လောက် ချေးနိုင်၊ ချေးတတ်လို့လဲ။ တိုင်းပြည်စီးပွားရေးက မဖွံ့ဖြိုးသေးတာကို ဘာကြောင့် အတိုးနှုန်း လျှော့ချချင်ရတာလဲ။ ဘဏ်တွေက အပ်ငွေများမှ ချေးငွေများနိုင်မယ်။ အတိုးနှုန်းများမှ အပ်ငွေများနိုင်မယ်။ နိုင်ငံတကာမှာ အတိုးနှုန်း လျှော့တယ်ဆိုတာက သူတို့က ချမ်းသာပြီးသားနိုင်ငံ ဖြစ်တယ်။ သူတို့အခြေအနေနဲ့ ကိုက်ညီတယ်။ 

အခုပြည်တွင်းက ဘဏ်တွေက အတိုးနှုန်း လျှော့ချဖို့ထက် ငွေချေးနိုင်အောင်ပဲ ကြိုးစားဖို့လိုတယ်။ ငွေချေးနိုင်မှ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာနိုင်မယ်။ အဲဒါမှ တိုင်းပြည်က စီးပွားရေး ဖွံ့ဖြိုးမယ်” ဟု သုံးသပ်ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်