Pages

Tuesday, April 2, 2013

ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် သွေးထိုးလှုံ့ဆော်မှုများရှိနေကြောင်း နိုင်ငံတော် သမ္မတ ပြောကြား



ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးချမ်းအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် နောက် ကွယ် မှ သွေးထိုးလှုံ့ဆော်မှုများ၊ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြောင်း မတ်လ ၃၁ ရက် ည ၇ နာရီ က နိုင်ငံတော် သမ္မတ၏ စတုတ္ထအကြိမ်မြောက် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြော ကြားခဲ့သည်။

ထို့ပြင် ပြည်သူများ အနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်း ကူညီကြရန်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံခဲ့ သည်။ ပြည်သူ အချို့သည် ပြဿနာတစ်ရပ် ကြုံတွေ့တိုင်း တရားဥပဒေ နည်းလမ်းနှင့် မဖြေရှင်းဘဲ လူအုပ်စုဖွဲ့ကာ အကြမ်းဖက် သတ်ဖြတ်မှု၊ မီးရှို့မှုများ ကျူးလွန်နေကြသောကြောင့် တိုင်းပြည်အနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မျက်နှာပျက်ဖွယ်ရာများ မကြာခဏ ကြုံတွေ့နေရသည်ဟု နိုင်ငံတော်သမ္မတ က ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ပြဿနာတစ်ခုဖြစ်တိုင်း ကိုယ့်နိုင်ငံအတွင်းမှာ ဖြေရှင်းဆောင်ရွက်ရုံနဲ့ မပြီးဘဲ ဒေသတွင်းမှာရော နိုင်ငံတကာ နယ်ပယ်မှာပါ ရင်ဆိုင်ဖြေရှင်း နေရတဲ့အတွက် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို များစွာထိခိုက်စေပြီး တိုင်းပြည်အတွက် အခွင့်အလမ်းများလည်း နစ်နာဆုံးရှုံး စေခဲ့ပါတယ်။ တချို့ကလည်း ပြဿနာတစ်ခု ဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်း ဆောင်ရွက်ကြ ရမယ့်အစား ပြဿနာပိုမို ကြီးထွားအောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြပါတယ်” ဟု ပြောကြားခဲ့သည်။ “ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန် ဖြစ်နေ ရင် ပြည်သူ အများ လိုလားနေတဲ့ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အ တားတွေ ဖြစ်စေ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ စည်းကမ်းရှိစွာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ဆက်လက် ပြောကြား သည်။ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်အား ဖွဲ့စည်းပုံ အခြေခံဥပဒေက သမ္မတအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ အတက်နိုင်ဆုံး အကာအကွယ် ပေးသွားမည်ဟုလည်း ၎င်းက ပြောကြားသည်။ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့တားဆီးမှုများ ဖြေလျော့ပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုတချို့ ရရှိနေပြီဖြစ်ပြီး တိုင်းပြည် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ အထောက်အကူများ ရနေပြီဖြစ်ရာ အဓိက လိုအပ်ချက်သည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “အလုပ်သမားနဲ့ တောင်သူလယ်သမားများ၏ဘ၀ တိုးတက်မြင့် မားရေးအတွက် ပြည်ပအထောက်အပံ့နှင့် ချေးငွေများ ရယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရာတွင် တပ်မတော်ရဲ့ ကောင်းမွန်တဲ့ အစဉ်အလာများအား အင်အားတွေအဖြစ် အသုံးပြုသွားရမှာ ဖြစ်ပါတယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်