Pages

Tuesday, April 2, 2013

ပုဂ္ဂလိက သတင်းစာလေးစောင် ဧပြီ ၁ ရက်နေ့တွင် စတင်ထွက်ရှိ

၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိကသတင်းစာ လေးစောင် ဧပြီ ၁ ရက်နေ့တွင် စတင်ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့နှင့် မတ်လ ၂၅ ရက်နေ့တွင် ယာယီထုတ်ဝေခွင့် ရရှိခဲ့သည့် ပုဂ္ဂလိက နေ့စဉ်သတင်းစာ ၁၆ စောင်အနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထောင်စုနေ့စဉ်၊ ရွှေနိုင်ငံမီဒီယာမှ ရွှေနိုင်ငံသစ်၊ Living Color မီဒီယာမှ The Voice Daily၊ Three Friends Construction Co.,Ltd မှ စံတော်ချိန်စသည့် နေ့စဉ်သတင်းစာများသည် ဧပြီလ ၁ ရက်မှ စတင်ထွက်ရှိမည် ဖြစ်ကာ အဆိုပါ သတင်းစာ လေးစောင်စလုံး၏ ပျမ်းမျှဈေးနှုန်းမှာ တစ်စောင် ၁၅၀ ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က “၁၉၆၄ မှာ ဂါးဒီးယန်း၊ ဗိုလ်တထောင်၊ ကြေးမုံ စတဲ့ သတင်းစာတွေကို ပြည်သူပိုင် သိမ်းလိုက်တဲ့အခါ ပုဂ္ဂလိက သတင်းစာ သိပ်မကျန်တော့ဘူး ဖြစ်သွားတယ်။ မကျန်တော့ဘူး ဆိုပေမယ့် ၁၉၆၈ လောက်အထိတော့ မြန်မာ့အလင်း၊ ဟံသာဝတီ စတဲ့ သတင်းစာတွေကို မြင်တွေ့ခဲ့ရသေးတယ်။ အဲဒီနောက်ပိုင်း ပုဂ္ဂလိက သတင်းစာရယ်လို့ မရှိခဲ့တာ နှစ်ပေါင်းလေးဆယ် ဝန်းကျင်လောက် ရှိပြီ။ အစိုးရသတင်းစာ ဆိုတာကလည်း ဒီမိုကရေစီ အစိုးရမဟုတ်ဘဲ အာဏာရှင်အစိုးရရဲ့ သတင်းစာဖြစ်နေတော့ အမိန့်အတိုင်း ရေးသားခဲ့ရတော့ လွတ်လပ်စွာ ရေးသားခွင့် ဘာတစ်ခုမှမရှိဘဲ နေခဲ့ရတယ်။ အခုလို ပုဂ္ဂလိက သတင်းစာတွေ ထွက်လာတာကိုတော့ အရမ်းဝမ်းသာမိပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် The Daily Elven၊ ရွှေနိုင်ငံသစ်၊ ခေတ်မိုး၊ ပြည်ထောင်စုနေ့စဉ်၊ အင်ပါယာ၊ The Messenger၊ နောက်ဆုံးရနေ့စဉ်၊ မြန်မာနယူးဝိခ်နေ့စဉ်၊ မဇ္ဈိမ၊ ဒီလှိုင်း၊ စံတော်ချိန်၊ ခေတ်သစ်နေ့စဉ်၊ ရန်ကုန်တိုင်း(မ်)၊ မြန်မာဓိက၊ The Voice Daily၊ ၇ ရက်နေ့စဉ် စသည့် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ရရှိထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်