Pages

Saturday, March 30, 2013

သဲကုန်းမြို့နယ်၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရ


ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ပုတီးကုန်းကျေးရွာအုပ်စု ပုတီးကုန်းဘူတာ ရထားသံလမ်းဘေးရှိ ဆိုင်အချို့အား မတ် ၂၈ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် လူအုပ်စုများက ဝင်ရောက်ဖျက်ဆီးခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း၊ အလားတူ ပုတီးကုန်းကျေးရွာအုပ်စု ရွှေပြည်အေး ရပ်ကွက်၌လည်း နေအိမ်နှစ်လုံးအား ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် လူအုပ်စုများက ဝိုင်းဝန်း ဖျက်ဆီးခဲ့ကြသဖြင့် လုံခြုံရေးအဖွဲ့က သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း သိရသည်။

ထို့ပြင် မြို့မ(၁)လမ်းရှိ ဘာသာရေးအဆောက်အအုံ တစ်လုံးအနီးသို့ ည ၁၁ နာရီခွဲခန့်တွင် လူအုပ်စုများ စုဝေးရောက်ရှိလာသဖြင့် လုံခြုံရေးအဖွဲ့က တားဆီးပြီး သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် လူစုကွဲသွားကြောင်း၊ ထို့အတူ သဲကုန်းမြို့ အမှတ်(၁) ရပ်ကွက်ရှိ ဘာသာရေး အဆောက်အအုံ တစ်လုံးအနီးသို့ ည ၁၀ နာရီခွဲခန့်တွင် လူအုပ်စုများ စုဝေးရောက်ရှိလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ သံဃာတော်များ၊ ရပ်ကွက်ရှိ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က လူစုခွဲခဲ့ရာ ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လူစုကွဲသွားကြောင်း သိရှိရသည်။ အလားတူ အင်းမကျေးရွာအုပ်စု ဈေးလမ်း၌ လူစုလူဝေးများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့က သွားရောက်တားမြစ် လူစုခွဲခဲ့ရာ မတ် ၂၉ ရက် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် လူစုကွဲသွားကြောင်း၊ အဆိုပါ ဖြစ်စဉ်တွင် ဈေးဆိုင်ခန်း လေးခန်း၊ နေအိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ မင်းလှမြို့နယ် စစ်ကွင်းဈေး အတွင်းသို့ ယနေ့ညနေ ၃ နာရီခွဲခန့်တွင် လူစုလူဝေးတစ်ခုက ဈေးဆိုင်တစ်ဆိုင်နှင့် နေအိမ်တစ်လုံးအား ဝိုင်းဝန်းဖျက်ဆီးခဲ့ကြကြောင်း၊ မသင်္ကာသူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် လူစုကွဲသွားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်