Pages

Saturday, March 30, 2013

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ လာမည်


အမေရိကန် ပြည်ထောင်စု၏ ၃၉ ဦးမြောက် သမ္မတဖြစ်သည့် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံသို့ ဧပြီလဆန်းပိုင်းတွင် ပထမဆုံးအကြိမ် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သမ္မတဟောင်း၏ မတ်လ ၂၉ ရက်မှ ဧပြီလ ၅ ရက်နေ့အထိ အာရှ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ဧပြီလ ၅ ရက်နေ့တွင် ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အတည်ပြု ပြောကြားခြင်းမရှိပေ။ ဂျင်မီကာတာသည် ၎င်း၏ ကာတာစင်တာ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့များ ပေးအပ်ရန် လေ့လာသွားမည် ဖြစ်ကြောင်းနှင့် အစိုးရအရာရှိများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကာတာစင်တာ၏ တရားဝင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အသက် ၈၉ နှစ်ရှိ သမ္မတဟောင်း ဂျင်မီကာတာသည် ၎င်း၏အာရှခရီးစဉ်အဖြစ် မတ် ၂၉ ရက်နေ့တွင် နီပေါနိုင်ငံသို့ စတင်သွားရောက်မည် ဖြစ်ပြီး ကာတာစင်တာမှ တစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲများ စနစ်တကျ ဆောင်ရွက်ရေး စသည်တို့ကို လေ့လာစစ်ဆေးပြီး ဧပြီလ ၁ ရက်နေ့တွင် နီပေါခရီးစဉ် အဆုံးသတ်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ သမ္မတဟောင်း ဂျင်မီတာကာသည် အမေရိကန်ပြည်ထောင်စု၏ ၃၉ ဦးမြောက် သမ္မတအဖြစ် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ပြီးမှ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဆွတ်ခူးရယူခဲ့သော ပထမဦးဆုံး အမေရိကန် သမ္မတဟောင်း ဖြစ်သည်။

မစ္စတာ ဂျင်မီကာတာသည် ၁၉၈၂ ခုနှစ်တွင် ကာတာစင်တာအမည်ရှိ အစိုးရမဟုတ်သော အရပ်ဘက် လူ့အဖွဲ့အစည်း တစ်ခုကို ၎င်း၏ဇနီးဖြစ်သူ ရိစလင်ဂျင်မီကာတာနှင့် ပူးပေါင်းတည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၇၀ ကျော်တွင် ပဋိပက္ခ ဖြေရှင်းရေး၊ ဒီမိုကရေစီစနစ် အားကောင်းလာစေရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေး၊ စီးပွားရေး အခွင့်အလမ်းများ ရရှိစေရေး၊ ကျန်းမာရေးအခြေအနေ ကောင်းမွန်စေရေး၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်၍ သီးနှံအထွက် တိုးစေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယင်းစင်တာ၏ တရားဝင် သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။ ၁၉၅၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ရစ်ချတ်နစ်ဆင်သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် သမ္မတ အိုဘားမား လာရောက်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်