Pages

Saturday, March 30, 2013

အာရှနှစ်ပတ်လည် ညီလာခံ သမ္မတ ဦးသိန်းစိန် တက်ရောက်မည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်မြို့တော်တွင် ဧပြီ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှနှစ်ပတ်လည် ညီလာခံသို့ သမ္မတဦးသိန်းစိန် တက်ရောက်မည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei က သတင်း ထုတ်ပြန်ထား သည်။

ယင်းခရီးစဉ်နှင့် ပတ်သက်၍ သမ္မတရုံးထံ ဆက်သွယ်မေးမြန်းရာ မကြာမီ သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့သော် သမ္မတဦးသိန်းစိန်သည် အသစ်တက်လာသော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ခေါ်ချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ နှစ်ပတ်လည် အလည်အပတ် ခရီးစဉ်အဖြစ် ညီလာခံမတိုင်ခင် သို့မဟုတ် ညီလာခံအပြီးတွင် လာရောက်လည်ပတ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန်သည်။

အဆိုပါ ညီလာခံ၏ အဓိက ရည်ရွယ်ချက်မှာ အာရှဒေသတွင်း ကဏ္ဍစုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ ပြန်လည် ထူထောင်ရေး၊ တာဝန်အပြည့်အဝ ယူဆောင်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင် အပါအဝင် အာရှ၊ အာဖရိက၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံတို့က ထိပ်သီးခေါင်းဆောင်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးများက ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကြောင်း ညီလာခံဆိုင်ရာ တရားဝင် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်၏ ယင်းခရီးစဉ်သည် ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ လက်ထက်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရသည်ကစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်သည့် တတိယမြောက် ခရီးစဉ်ဖြစ်ပြီး ၂၀၁၁ ခုနှစ် မတ်လက ပထမဦးဆုံး ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် သံတမန် ဆက်ဆံရေး စတင်ခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၅၀ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှုအဆင့် သတ်မှတ်ချက်တွင် ထိပ်တန်းက ရပ်တည်လျက်ရှိသည်။

ယခုလက်ရှိတွင် မြန်မာ့အထူးစီးပွားရေးဇုန်ကြီး သုံးခုအနက် တစ်ခုဖြစ်သော ကျောက်ဖြူ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် မေလနှင့် စက်တင်ဘာလတို့တွင် ဓာတ်ငွေ့စတင် ပို့လွှတ်တော့မည် ဖြစ်သည်။ ထို့အပြင် ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံတွင် အမေရိကန် ဒေါ်လာသန်းပေါင်း ၃၆၀၀ ခန့် ရင်းနှီးမြှုပ်နှံထားသော ရေအားလျှပ်စစ် စီမံကိန်းကို မြန်မာပြည်သူများ၏ ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်းခဲ့ရကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်