Pages

Sunday, January 19, 2014

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (၇) ကြိမ်မြောက် အာဆီယံမ သန်စွမ်း အားကစား ပြိုင်ပွဲ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် နေမှုများ ကြည့်ရှု အားပေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဇန်န၀ါရီ ၁၈ ရက်နေ့ နံနက် (၁၁) နာရီခွဲ တွင် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း၊ ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်၊ ဗိုလ်မှူး ချုပ် ကျော်ဇံမြင့် တို့နှင့် အတူ နေပြည်တော် ၌ ကျင်းပလျက် ရှိသည့် (၇) ကြိမ် မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ၏ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် ကစား နေမှု ကို ကြည့်ရှု အားပေး သည်။

ရှေးဦးစွာ နေပြည်တော် ဝဏ္ဏ သိဒ္ဓိ မြားပစ် အားကစား ကွင်း ၌ Recurve Open အမျိုးသား အသင်း လိုက် ရှုံးထွက် ပွဲစဉ်မှ ဗိုလ်လုပွဲ အဖြစ် ထိုင်း အသင်း နှင့် မလေးရှား အသင်း တို့ ယှဉ်ပြိုင် ကစား နေမှုကို ကြည့်ရှု အားပေး သည်။ အဆိုပါ ပြိုင်ပွဲ တွင် ထိုင်း အသင်း က (၂ဝ၆) မှတ် (၁၉၉) မှတ် ဖြင့် အနိုင်ရ ဗိုလ်စွဲ သွား သည်။ ထို့နောက် ဆုပေးပွဲ ကို ကျင်းပရာ ဒုတိယ သမ္မတ က Compound Open အမျိုးသား အသင်း လိုက် ရှုံးထွက် ပွဲစဉ်၌ ပထမ ဆုရ မြန်မာ အသင်း၊ ဒုတိယ ဆုရ ထိုင်း အသင်း၊ တတိယ ဆုရ မလေးရှား အသင်းမှ အားကစား သမား များအား တစ်ဦးချင်း ဆု တံဆိပ်နှင့် အထိမ်း အမှတ် လက် ဆောင် များ ပေးအပ် ချီးမြှင့် သည်။ ထို့ပြင် ဒုတိယ သမ္မတ က ပထမ ဆုရ မြန်မာ အသင်းသား များ အား တစ်ဦး လျှင် တစ်သိန်း နှုန်းနှင့် (၅) သိန်း ဆု ချီးမြှင့် ခဲ့သည်။

ဆက်လက် ၍ Recurve Open အမျိုးသား အသင်း လိုက် ရှုံးထွက် ပွဲစဉ်၌ ပထမ ဆုရ ထိုင်း အသင်း၊ ဒုတိယ ဆုရ မလေးရှား အသင်း၊ တတိယ ဆုရ အင်ဒိုနီးရှား အသင်းမှ အားကစား သမားများ အား ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း က တစ်ဦးချင်း ဆု တံဆိပ် နှင့် အထိမ်း အမှတ် လက်ဆောင် များ ပေးအပ် ချီးမြှင့် သည်။

ထို့နောက် နေပြည်တော် ဝဏ္ဏ သိဒ္ဓိ ဘိလိယက် နှင့် စနူကာ အားကစား ရုံ၌ အမျိုးသား လုံးဝ မျက်မမြင် ဆေး အဆင့် (B1) ပြိုင်ပွဲ များမှ မြန်မာ အားကစား သမား အောင်လွင် နှင့် အင်ဒိုနီးရှား အားကစား သမား တို့ ယှဉ်ပြိုင် နေမှု အား လည်းကောင်း၊ ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှား အားကစား သမား တို့ ယှဉ်ပြိုင် နေမှု အား လည်းကောင်း၊ မြန်မာ မှ အောင်လွင်ဦး နှင့် မလေးရှား အားကစား သမား တို့ ယှဉ်ပြိုင် ကစား နေမှုများ အား ကြည့်ရှု အားပေး သည်။

ယင်းနောက် နေပြည်တော် ဝဏ္ဏ သိဒ္ဓိ စားပွဲတင် တင်းနစ် အားကစားရုံ ၌ အာဆီယံ မသန်စွမ်း စားပွဲတင် တင်းနစ် ယှဉ်ပြိုင် ကျင်းပ နေမှု၏ ပွဲစဉ်များ ဖြစ်သော အမျိုးသမီး အသင်းလိုက် Class (7 - 9) ပြိုင်ပွဲ မှ ဗီယက်နမ် နှင့် အင်ဒိုနီးရှား အသင်း တို့ ယှဉ်ပြိုင် ကစား နေမှု ကို လည်းကောင်း၊ အမျိုးသား အသင်း လိုက် Class (8) ပြိုင်ပွဲ မှ ဗီယက်နမ် နှင့် အင်ဒိုနီးရှား အသင်း တို့ ယှဉ်ပြိုင် ကစား နေမှုကို လည်းကောင်း၊ အမျိုးသား အသင်းလိုက် Class (6 - 7) ပြိုင်ပွဲ ၏ ထိုင်း အသင်းနှင့် မလေးရှား အသင်း တို့ ယှဉ်ပြိုင် ကစား နေမှုကို လည်းကောင်း ကြည့်ရှု အားပေး သည်။ ပြိုင်ပွဲ အပြီး ပြိုင်ပွဲဝင် ကစားသမား များ နှင့် အရှေ့တောင် အာရှ စားပွဲတင် တင်းနစ် ဒုတိယ ဥက္ကဋ္ဌအား ရင်းရင်း နှီးနှီး နှုတ်ဆက် ခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်