Pages

Monday, February 18, 2013

ပြည်ထောင်စု အစိုးရနှင့် တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်ခွင့် တိုင်းရင်းသား ရေးရာ ဝန်ကြီးများအား နိုင်ငံတော် သမ္မတ ပေးအပ်

နိုင်ငံတော်သမ္မတက တိုင်းရင်းသားရေးရာ ၀န်ကြီးများအနေဖြင့် ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ခွင့်ကို ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ် ပေးအပ်ခဲ့ကြောင်း တိုင်းရင်းသားရေးရာ ၀န်ကြီးများက ပြောသည်။ "ကျွန်တော်တို့ကို သမ္မတကြီးက အချိန်မပေးနိုင်တဲ့အတွက် ဆွေးနွေးခွင့်တော့ မရခဲ့ဘူး။ ဒါပေမယ့် သမ္မတရုံး ၀န်ကြီး ဦးလှထွန်းရဲ့ ဖုန်းနံပါတ်ကိုပေးပြီး ကျွန်တော်တို့ တင်ပြချင်တာတွေကို သူကတစ်ဆင့် တင်ပြနိုင်တယ်လို့ ပြောတယ်" ဟု မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဆလိုင်း ဦးလှ ထွန်း က ပြောသည်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်မှာ တိုင်းနှင့် ပြည်နယ်အားလုံး တိုးတက်မှု ရှိရန်နှင့် တိုင်း ရင်း သား တိုင်း တန်းတူညီမျှ အခွင့်အရေး ရရှိမှသာ ဖြစ်နိုင်သောကြောင့် ယခုကဲ့သို့ ဗဟို အစိုးရနှင့် တိုက် ရိုက် ချိတ်ဆက် ဆောင်ရွက်ခွင့်ပြုခြင်းကို ကြိုဆိုကြောင်းလည်း ၀န်ကြီးများ က ပြော ကြား သည်။ 


ထို့အတူ ယင်းသို့ တိုက်ရိုက် လုပ်ဆောင်ခွင့်ပေးခြင်းသည် တိုင်းရင်းသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ကြောင်း၊ လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် မည်မျှအထိ အကျိုးသက်ရောက်မှု ရှိမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း တိုင်းရင်းသားရေးရာ ၀န်ကြီးများက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က "အခုလို သမ္မတကြီးနဲ့ တွေ့ရတာ အရင်တုန်းကလို ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေခေါ်ပြီး ကခိုင်းတာထက် ပိုကောင်းပါတယ်။ ရန်ကုန်မှာရှိတဲ့ ရခိုင်တွေရဲ့ အရေးကိစ္စတွေကို ပြည်နယ်အစိုးရနဲ့လည်း တွဲလုပ်မယ်။ ပြည်နယ်အစိုးရနဲ့ မပြီးတဲ့ ကိစ္စတွေကို သမ္မတရုံးနဲ့ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်သွားမှာပါ။ ဒီလိုအခွင့်အရေး ပေးတာဟာ ကျွန်တော်တို့ကို မဲပေးခဲ့တဲ့ တိုင်းရင်းသားတွေကို မျက်နှာသာပေးတယ်လို့ပဲ ပြောချင်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

 နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော် တောင်သူပညာပေး ဧက ၅၀၀ စက်မှုလယ်ယာ စံပြစိုက်ခင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများ တက်ရောက်ခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေရှည် ရပ်တည်နိုင်မှုတို့နှင့် ဆက်စပ်လျက်ရှိကြောင်း၊ တိုင်းရင်းသားအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ တစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာ နားလည်မှု၊ တစ်ဦး၏ အခက်အခဲကို တစ်ဦးက နားလည် လက်ခံနိုင်မှု၊ တစ်ဦး၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို တစ်ဦးက တန်ဖိုးထားမှု စသည်တို့ဖြင့် ထိတွေ့ ဆက်ဆံနေမှသာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်