Pages

Monday, March 4, 2013

စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက် မဖြစ်စေရန် သတိပေး နှိုးဆော်မှုများ ပြုလုပ်

ယခုလအတွင်းတွင် ၂၀၁၃ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် တစ်ပြိုင်နက်တည်း စစ်ဆေးကျင်းပတော့မည် ဖြစ်ရာ စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အနှောင့်အယှက်ဖြစ်စေမည့် လုပ်ဆောင်မှုမျိုး မလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့မှ ရပ်ကွက်များတွင် သတိပေး နှိုးဆော်နေပြီး ယင်းနှိုးဆော်ချက်များကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် ကြေညာ အသိပေး ထားကြောင်း သိရသည်။ စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက် မဖြစ်စေရန် စားသောက်ဆိုင်များ၊ လက်ဖက်ရည်၊ ကော်ဖီ၊ အအေး စသော စားသောက် ဖွယ် ရာများ ရောင်းချသည့် စားဖွယ်စုံဆိုင်များ၊ စီးပွားရေး လုပ်ငန်းများ အပါအဝင် အရောင်းဆိုင်အသီးသီးက ကက် ဆက်သီချင်းသံများ အပါအဝင် ပတ်ဝန်းကျင် ဆူညံမှု မဖြစ်စေရန် လုပ်ဆောင်နိုင် ဖို့ နှိုးဆော်ခြင်းဖြစ်ပြီး အချို့သော ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အရောင်းဆိုင် ပိုင် ရှင် များထံသို့ လိုက်လံအသိပေး ပြောကြားမှုများရှိကြောင်း သိရသည်။ 


ထို့အပြင် မိတ္တူဆိုင်၊ ကွန်ပျူတာ စာစီစာရိုက်ဆိုင်များသို့လည်း စာမေးပွဲဖြေဆိုရာတွင် မသမာမှုဖြစ်စေရန် အားပေးကူညီ သော လုပ်ဆောင်မှုမျိုး မပြုလုပ်ကြရန် အသိပေးခြင်းများရှိပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို ခေါ်ယူ သတိပေးခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ အရေးယူအပြစ်ပေး လုပ်ဆောင်သွားရန် ကွင်းဆင်းသတိပေး နှိုးဆော်မှုများ လုပ်ဆောင်နေရကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး၏ ပြောပြချက်အရ သိရသည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်