Pages

Monday, March 4, 2013

ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး သယံဇာတ ခွဲဝေမှုတွင် အချိုးကျ ခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာ ပြေလည်နိုင်မည်

ဥပဒေနှင့်အညီ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး သယံဇာတ ခွဲဝေမှုတွင် ဗဟိုအစိုးရ၊ သက်ဆိုင်ရာ ဒေသနှင့် ဆင်းရဲသည့် ဒေသတို့အား အချိုးကျ ခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာ ပြေလည်နိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ 

မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် “Peace Building and Myanmar Transition” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ပညာရှင် ဟောပြောပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ကျွန်တော်တို့ နှစ်ပေါင်းခြောက်ဆယ်လောက် ဖြစ်ခဲ့တာ နာတာရှည် ရောဂါကို ဆေးမြီးတိုနဲ့ သွားကုလို့မရဘူး။ နာတာရှည် ရောဂါကို နာတာရှည်ဆေးနဲ့ပဲ ကုရမယ်။ တိုင်းရင်းသား တွေ ဘာလို့ ဒီလိုဖြစ်တာလည်း။ သူတို့ဖြစ်တယ်ဆိုတာ တန်းတူညီတူ အခွင့်အရေး မရလို့ပေါ့။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မရလို့ပေါ့။ အဲဒါကို ကျွန်တော်တို့က သူတို့ကို ပေးရမယ်။ သူတို့ကို ဒါတွေပေးမယ်ဆိုရင် အာဏာ ခွဲဝေတာတွေ၊ သယံဇာတ ခွဲဝေတာတွေဆက်ပြီး စဉ်းစားရမယ်” ဟု ပြောကြားခဲ့သည်။ 


“အာဏာခွဲဝေမှုမှာ ကချင်ပြည်နယ်ကို ကချင်တွေ အုပ်ချုပ်ပေါ့၊ ရှမ်းပြည်နယ်ကို ရှမ်းတွေ အုပ်ချုပ်ပေါ့ဗျာ။ ခြွင်းချက်တော့ ရှိတာပေါ့။ ရှမ်းပြည်နယ်ကို ရှမ်းတွေ အုပ်ချုပ်ရမယ်၊ သို့သော်လည်း ဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ သူတို့ပြည်နယ်က ကျောက်စိမ်းဆိုလို့ရှိရင် ကျွန်တော်တို့က ထိုက်သင့်တဲ့ အချိုးတစ်ခု ခွဲပေးရမှာပေါ့။ အဲဒါမှ သူတို့က ကြိုက်မှာပေါ့။ သယံဇာတ ခွဲဝေရာမှာ ကျွန်တော် အကြမ်းဖျင်း စဉ်းစားထားတာက အပုံသုံးပုံ ပုံလိုက်မှာပေါ့။ တစ်ပုံကတော့ သူ့ပြည်နယ်အတွင်းမှာ သူ့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ သုံးမယ်။ နောက်တစ်ပုံက ဗဟိုအစိုးရ၊ နောက်တစ်ပုံ ကျန်တာက သိပ်ဆင်းရဲတဲ့ ချင်းပြည်နယ်တို့ ဘာတို့ကို ခွဲပေးရမှာပေါ့။ ဒါက ရှင်းရှင်းလေးပဲ။ ဒီကိစ္စတွေ အောင်မြင်ဖို့က ကျွန်တော် တစ်ယောက်တည်း လုပ်လို့မရဘူး။ အားလုံးဝိုင်းဝန်း လုပ်ဆောင်မှရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။ 

ယင်းဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ဒေါက်တာမင်းဇော်ဦးက “အဓိကကတော့ အများပြည်သူကို ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နားလည်တာ၊ ကျွန်တော်တို့ဘက်က အမြင်တွေ၊ ကျွန်တော်တို့ သွားချင်တဲ့ဟာတွေကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးဖြစ်တာပါ။ နောက်ပိုင်းမှာလည်း ဒီလိုဆွေးနွေးပွဲတွေ လုပ်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၆ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်