Pages

Wednesday, February 20, 2013

အရည်အသွေး မပြည့်သော စိုက်ပျိုးရေးသုံး ပစ္စည်းများကြောင့် အစာအဆိပ်သင့်မှု ဖြစ်ပွား


နယ်စပ်မှ ဝင်လာနေသော အရည်အသွေး မပြည့်မီသည့် စိုက်ပျိုးရေးသုံး ပစ္စည်းများကြောင့် တောင်သူတို့၏ ဝင်ငွေ ထိခိုက်ခြင်းနှင့်အတူ အများပြည်သူ အစာအဆိပ်သင့်မှု ဖြစ်ပွားလာနေသည်ဟု မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသတိုးဟိန်းက ပြောသည်။ အဓိက ဝင်ပေါက်များမှာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနယ်စပ်တို့ဖြစ်ပြီး အဆိုးဆုံးမှာ ၎င်းတို့နိုင်ငံတွင်ပင် မသုံးသည့် ပိုးသတ်ဆေး အမျိုးအစားတို့ကို တင်သွင်းနေကြသည်ဟု ၎င်းက ပြောသည်။ “အများကြီး အန္တရာယ် ရှိပါတယ်။ တရုတ်စာသား၊ ထိုင်းစာသား၊ အိန္ဒိယ စာသားတွေနဲ့ လာတာပါ။ ကျွန်တော်တို့မှာ သက်သေတွေ အများကြီး ရှိထားပြီးပါပြီ” ဟု ဦးသတိုးဟိန်းက ဆိုသည်။


 မြန်မာဘာသာဖြင့် ဖော်ပြမထားခြင်းကြောင့် မည်သည့်အချိုးအစားဖြင့် သုံးစွဲရမည်ကို တောင်သူများ နားမလည်ကြဘဲ သုံးစွဲမှုရှိနေကြပြီး ဆိုးရွားသည့် ရလဒ်များကို စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်၊ တမူး၊ ဟုမ္မလင်းတို့အပြင် မြန်မာပြည် အောက်ပိုင်းဒေသတို့တွင်ပါ ကြုံတွေ့နေရကြောင်း အဆိုပါ အသင်း စာရင်းများအရ သိရသည်။ “အတိုင်းအဆမရှိဘူး။ သင့်တော်သလို သုံးတော့ ပထမ ဘာဖြစ်လဲဆိုတော့ သီးနှံတွေက ရောဂါပိုး ကျလာရင် တောင်သူက ပျောက်အောင် မလုပ်နိုင်ကြတော့ဘူး။ နောက်တစ်ခု က ဆေးအများကြီး သုံးတော့ အသီးအရွက် စားသုံးကြတဲ့သူတွေ ဘေးဒုက္ခ ဖြစ်ကုန်ရော၊ စစ်ကိုင်းမှာဖြစ် တဲ့ ဂေါ်ဖီစားပြီး အစာအဆိပ်သင့်တာက အိန္ဒိယနယ်စပ်က ဝင်လာတဲ့ ဆေးကြောင့်ပဲ” ဟု ဦးသတိုးဟိန်းက ဆက်ပြောသည်။ 

 ဟုမ္မလင်းမြို့နယ်၊ ယက်ဖကျေးရွာ၌ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဂေါ်ဖီထုပ် သုပ်စားသူ နှစ်ဦး သေဆုံးပြီး ၃၀ ဦး ဆေးရုံတက်ခဲ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ၎င်းတို့ပုဂ္ဂလိက အသင်းအနေဖြင့် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများအား အရည်အသွေးပိုင်း စစ်ဆေးရန် လုပ်ဆောင်နေပြီး မကြာမီ သတင်းထုတ်ပြန်ရန် ရှိသည်ဟု ပြောသည်။ “တရားဝင်တာတွေ၊ မဝင်တာတွေ မသိဘူး။ အရည်အသွေးပိုင်းကိုပါ စစ်မယ်။ အရေးယူမှုက လယ်/ဆည်မှာပဲ တာဝန်ရှိတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းက ပြည်သူများ အစားအသောက် သုံးစွဲမှုတွင် ဓာတုပစ္စည်းများ အသုံးပြုနေမှုကို အသင်းစဖွဲ့ပြီး ၅လတာအတွင်း ပြည်သူ၏ သတင်းပေးမှုနှင့် အသင်းမှ စစ်ဆေးမှုများကြောင့် ဖြစ်စဉ် လေးငါးခု ထက်မနည်း တွေ့ခဲ့ရသည်ဟု ပြောသည်။ 

“ထန်းခြောက်ပင်က ဆိုင်တစ်ဆိုင်မှာ အီကြာကွေးထဲကို အမိုးနီးယား ထည့်လုပ်တယ်။ ဧရာဝတီက မြို့နယ်တစ်ခုမှာ ငါးပိထဲကို ဓာတ်မြေသြဇာ ထည့်တယ် စသဖြင့် ဒီကိစ္စတွေ ရှိနေတယ်။ ပပျောက်အောင် တစ်ဦးတည်း လုပ်လို့မရဘူး။ အကုန်စုပေါင်းပြီး လုပ်မှရမယ်” ဟု အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လယ်/ဆည်ဝန်ကြီးဌာနမှ လက်ရှိတွင် ပြည်တွင်းကုမ္ပဏီ ၂၀ ကျော်အား ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ အမျိုးအစား ၇၀ ကျော်တို့ကို တရားဝင် တင်သွင်းရန် မှတ်ပုံတင် ထုတ်ပေးထားပြီး တစ်နှစ်လျှင် ပျမ်းမျှ ကန်ဒေါ်လာ သန်း ၂၀ နီးပါးဖြင့် ဥရောပ၊ ဗီယက်နမ်၊ အမေရိကန်၊ ဂျပန်၊ တရုတ်(တိုင်ပေ) စသည့်နိုင်ငံများမှ တင်သွင်းလျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်