Pages

Tuesday, March 19, 2013

Huawei နှင့် ဦးတေဇ ပူးပေါင်းပြီး ဖုန်းဆားဗစ်စင်တာများ ဖွင့်မည်

ကမ္ဘာကျော် Huawei တယ်လီဖုန်းကုမ္ပဏီနှင့် ဦးတေဇပိုင် Elite Tech ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာတစ်ပြည်လုံးတွင် ဖုန်းဆားဗစ်စင်တာများ ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Elite မှ ဒုတိယအထွေထွေ မန်နေဂျာ ဦးဆန်းမင်းထွန်းက ပြောသည်။ 

အစိုးရသစ် လက်ထက်တွင် စီးပွားရေးမူဝါဒများ ပြောင်းလဲလိုက်သည်နှင့်အညီ ဆက်သွယ်ရေးကဏ္ဍသို့ နိုင်ငံတကာမှ ဖုန်းကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာခြင်း ဖြစ်ပြီး Huawei ကုမ္ပဏီမှ ဆားဗစ်စင်တာများကို မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “Huawei ကုမ္ပဏီကနေ ဆားဗစ်စင်တာတွေကို ဒီနှစ်အတွင်း ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်။ အခုကစပြီး ဒါနဲ့ပတ်သက်တဲ့ ပရောဂျက်တွေ စပြီး ရေးဆွဲနေတယ်။ မြန်မာနိုင်ငံမှာလည်း Huawei ဈေးကွက်က ရှိတယ်။ အဲဒီတော့ လာဖွင့်ရင် ပိုပြီး အားသာချက်တွေ ရှိလာနိုင်တယ်။ ဒီလို ကုမ္ပဏီကြီးတွေ ဝင်လာတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အခြေအနေက အားတက်စရာပဲ” ဟု ဦးဆန်းမင်းထွန်းက ပြောသည်။ 


အဆိုပါ ဆားဗစ်စင်တာများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီးများတွင် ကနဦးအနေဖြင့် ဖွင့်လှစ်မည်ဖြစ်ကာ ယင်းသို့ ဖွင့်လှစ်နိုင်ရန် အတွက် Huawei ဖုန်းကုမ္ပဏီမှ နည်းပညာရှင်များက မြန်မာနိုင်ငံတွင် သင်တန်းများ ပို့ချသွားမည်ဟု သိရသည်။ “ဆားဗစ်စင်တာမှာ အင်ဂျင်နီယာတွေအဖြစ် လုပ်ကိုင်ကြမယ့် ဝန်ထမ်းတွေကို Huawei ကုမ္ပဏီကနေ သေချာလေ့ကျင့် သင်ကြားပေးဖို့ စီစဉ်နေတယ်။ အခုကတော့ ဒီမှာလာဖွင့်ဖို့ နှစ်ဖက်စလုံး ပြင်ဆင်နေတဲ့ အချိန်ပါ” ဟု ယင်းက ထပ်မံပြောသည်။ ယင်းဆားဗစ်စင်တာတွင် Huawei ဖုန်းကုမ္ပဏီထုတ် ဟန်းဆက်များ သာမက အခြားနာမည်ကြီး တံဆိပ်ဖုန်းများ ကိုလည်း ပြင်ဆင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယင်းနှင့်ပတ်သက်၍ လူကြီးမင်းဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက “ကုမ္ပဏီကြီးတွေကနေ ဆားဗစ်စင်တာ လာဖွင့်တာဆိုတော့ ကောင်းပါ တယ်။ ဈေးကွက်ထဲမှာလဲ Huawei ဟန်းဆက်က ရောင်းအား အကောင်းဆုံး ဆိုတော့ ဆားဗစ်စင်တာရှိရင် ပိုကောင်းတယ်။ မြို့ကြီးတိုင်းမှာ ဖွင့်မယ်ဆိုတော့ သုံးရတဲ့သူဘက်က အားသာချက်တွေ ရှိမယ်” ဟု ပြောသည်။ ယင်းစင်တာတွင် ဖုန်းနှင့်ပတ်သက်သည့် Hardware ပိုင်း၊ Software ပိုင်းတို့ကို အပိုပြန်လည် လဲလှယ်နိုင်သည့် ပစ္စည်းအစုံအလင်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

Huawei ဟန်းဆက်သုံးစွဲသူ ဦးစိုးမောင်က “Huawei ဖုန်းက မြန်မာနိုင်ငံရဲ့ လိုင်းနဲ့လဲ ကိုက်ညီတယ်။ လိုင်းဆွဲအားရော အင်တာနက်ပါကောင်းလို့ ဒီဟန်းဆက်ပဲ သုံးဖြစ်တာကြာပြီ။ ဟန်းဆက် ပျက်ရင် ဆားဗစ်စင်တာရှိတော့ အလွယ်တကူ ပြင်လို့ရတာပေါ့။ ဖုန်းဝယ်တဲ့အခါ တံဆိပ်ကို ကြည့်ရမယ်။ နောက်ပိုင်းဆိုရင် ဆားဗစ်စင်တာရှိ၊ မရှိကြည့်ပြီး ဝယ်ရမလိုဖြစ်နေပြီ” ဟု ပြောသည်။ Elite Tech ကုမ္ပဏီမှ ပြည်ပကုမ္ပဏီနှင့် ပူးပေါင်း၍ ဆားဗစ်စင်တာ ဖွင့်လှစ်ခြင်းကို ပထမဦးဆုံး စတင်လုပ်ကိုင်ခြင်းဖြစ်ပြီး မကြာမီ အဆိုပါ ကုမ္ပဏီအား အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲလုပ်ကိုင်ရန် ပြင်ဆင်လျက်ရှိကာ ဝန်ထမ်းအင်အား ၁၀၀၀ ကျော်ဖြင့် လည်ပတ်လျက်ရှိကြောင်း ၂၀၁၃ ခုနှစ်မတ်လ ၁၉ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်