Pages

Tuesday, March 19, 2013

သမ္မတက ချီးမြှင့်မည့် စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် ကွင်းဆင်းစစ်ဆေး



နိုင်ငံတော်သမ္မတက ချီးမြှင့်မည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ကုန်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းများမှ တန်ဖိုးမြင့် ထုတ်ကုန်အများဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များဆု (ပုဂ္ဂိုလ်ရေးဆိုင်ရာဆု) ကို တိုင်းဒေသကြီး/ပြည်နယ်များမှ ပဏာမရွေးချယ်ခံရသော လုပ်ငန်းများအား လုပ်ငန်းကော်မတီ (နေပြည်တော်)မှ အကဲဖြတ်မှု မှန်ကန်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင် မတ် ၁၂ ရက်မှ စတင်၍ ကွင်းဆင်းလေ့လာ ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအဖွဲ့ကို လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း၊ စက်မှုဝန်ကြီးဌာန အထည်ညွှန်ကြားရေးမှူး (ထုတ်လုပ်စီမံ) ဦးအေးထွန်း၊ စက်မှုဝန်ကြီးဌာန (စက်စစ်ဦး)မှ တိုင်းဦးစီးမှူး ဦးကျော်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တိုင်းအင်ဂျင်နီယာ ဦးဇေယျာဆွေတို့ ပါဝင်သော အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး ဟွန်ဒါ-မြန်မာ သစ်ပါးလွှာစက်ရုံ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို မတ် ၁၂ ရက်က စတင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ 
 
“စီးပွားရေး လုပ်ငန်းရှင်ဆုကို ပုဂ္ဂိုလ်ရေးဆိုင်ရာဆုအဖြစ် နိုင်ငံတော်သမ္မတက ချီးမြှင့်မှာပါ။ အဓိကကတော့ အမှိုက်ကနေ ရွှေဖြစ်အောင်လုပ်တဲ့ စက်ရုံတွေထဲက စက်ရုံအကြီး၊ အလတ်၊ အငယ်ဆုများ ချီးမြှင့်မယ်လို့ သိရပါတယ်။ အခု ကျွန်တော်တို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အဖွဲ့တွေဖွဲ့ပြီး စစ်ဆေးတဲ့အခါ ကုန်ထုတ်လုပ်မှု လုပ်ငန်းကို ကွင်းဆင်းစစ်ဆေးသလို လူတွေ့လဲ မေးမြန်းစစ်ဆေးမှာ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှု အပိုင်းအနေနဲ့ ဒီစက်ရုံက လုပ်ငန်းတွေကို ကြည့်တဲ့အခါ အလေအလွင့်ဖြစ်မယ့် ထင်းအဆင့်သာသာရှိတဲ့ သစ်လုံးတွေကနေ ကုန်ကြမ်းရယူပြီး သစ်အချောထည်ဖြစ်တဲ့ အထပ်သား၊ ပရိဘောဂ၊ တံခါးရွက် စတာတွေ ထုတ်နေတာ တွေ့ရပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောပြခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကွင်းဆင်းစစ်ဆေးရာတွင် မုံရွာမြို့ စက်မှုဇုန်မှ စိုးဖြိုးရေပိုက် ထုတ်လုပ်ရေး လုပ်ငန်းနှင့် ရွှေဘိုမြို့နယ် ရွှေတိုက်မှ ဦးတင်၏ စဥ့်အိုးထုတ် လုပ်ငန်းများမှာ တိုင်းဒေသကြီး၏ ပဏာမ ရွေးချယ်မှုတွင် ပါဝင်သဖြင့် သွားရောက်စစ်ဆေးမည် ဖြစ်သည်။ အဆိုပါ ဆုများကို စီးပွားရေးလုပ်ငန်းရှင်ဆု (ပုဂ္ဂိုလ်ရေးဆိုင်ရာဆု) ကို အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတက ပထမဆုံးချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်