Pages

Tuesday, March 19, 2013

သြစတြေးလျက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ထောက်ပံ့မည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ်လ ၁၇ ရက်၌ နယူးဇီလန်နိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ရောက်ရှိရာ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးချုပ်ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေ ဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်သည် ၁၉၄၇ ခုနှစ်မှ ယနေ့အထိ သြစတြေးလျနိုင်ငံသို့ လာရောက် လည်ပတ်သည့် မြန်မာနိုင်ငံမှ ပထမဦးဆုံး နိုင်ငံတော် အကြီးအကဲအဆင့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် သြစတြေးလျနိုင်ငံတွင် သုံးရက်ကြာ လည်ပတ်မည် ဖြစ်ပြီး သြစတြေးလျနိုင်ငံမှ ဝန်ကြီးချုပ် ဂျူလီယာဂေရက်နှင့် စီးပွားရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ မည် ဖြစ်ကြောင်း သတင်းရရှိသည်။


 သြစတြေးလျနိုင်ငံမှ ဝန်ကြီးချုပ် ဂျူလီယာဂေးလတ်က မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်သမ္မတ၏ ဦးဆောင်မှုနှင့် အရေးကြီးသော အခန်းမှ အောင်မြင်ခဲ့ မှုများကို လေးစားကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ ချမ်းသာကြွယ်ဝလာစေရန် နိုင်ငံတော်သမ္မတ အနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများကို တံခါးဖွင့်ပေးနိုင်ခဲ့ပြီး အနာဂတ်တွင် ဒေသအတွင်း၌ မြန်မာနိုင်ငံအား နေရာမှန်သို့ ရောက်ရှိစေရန် တွန်းပို့ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ 

သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီစနစ်နှင့်  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အထောက်အကူပြုသည့် ခေတ်မီသော မြန်မာ့တပ်မတော် ပေါ်ထွန်းရေးကို လိုလားကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ ရုံးစိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျစစ်သံမှူး ခန့်အပ်သွားရန်နှင့် မြန်မာ့တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ပြုလုပ်သွားရန် ဆုံးဖြတ်ထားကြောင်း သတင်းရရှိသည်။ 

ထို့ပြင် မြန်မာ-သြစတြေးလျ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အဖြစ် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ လေ့ကျင့် သင်ကြားမှုများ၊ စီးပွားရေး အုပ်ချုပ်မှုစနစ် ကောင်းမွန်စေရေးနှင့် တရားဥပဒေစိုးမိုးမှု ကောင်းမွန်စေရေးတို့ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ဒသမ ၇ ထောက်ပံ့ရန် ကတိကဝတ် ပြုထားပြီး ဖြစ်ကြောင်း သိရသည်။ 

သြစတြေးလျနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် လုပ်ကိုင်နိုင်ရေး အတွက် သြစတြေးလျ ကုန်သွယ်မှုဌာနကိုလည်း ဖွင့်လှစ်ထားရှိပြီး ဖြစ်ကြောင်း ဇန်နဝါရီလအတွင်း ပထမဆုံးသော နိုင်ငံအဖြစ် မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရသည်။ ယင်းသဘောတူညီချက်ကြောင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပေးအပ်နိုင်သည့် သြစတြေးလျနိုင်ငံ၏ အထောက်အပံ့များ ကို ဒေါ်လာသန်း ၁၀၀ အထိ မြင့်တက်လာပြီး ကလေးငယ်များအတွက် ကျောင်းနေနိုင်ခွင့်၊ ကျောင်းဆရာ၊ ဆရာမများအတွက် လေ့ကျင့် သင်ကြားပေးခြင်းနှင့် မူလတန်း ကျောင်းသားများအတွက် လိုအပ်သည့် ကျောင်းအသုံးအဆောင်များ အစရှိသည်တို့ကို ထောက်ပံ့ပြီး မြန်မာနိုင်ငံသားများ၏ လူနေမှုဘဝများကို တိုးတက်မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်