Pages

Thursday, March 7, 2013

ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ D-Form စနစ်ကို ပယ်ဖျက်နိုင်မည်

ပြည်ပထွက်ခွာသူများ လျှောက်ထားရသည့် ပြည်ပထွက်ခွာခွင့် D-Form အား ပယ်ဖျက်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် D-Form စနစ် ပယ်ဖျက်နိုင်ရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ အကြံဥာဏ် တောင်းထားဆဲဖြစ်ပြီး လာမည့်ဧပြီတွင် ပယ်ဖျက်ပေးနိုင်လိမ့်မည် ဟု ခန့်မှန်းထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။
 
 ပြည်ပ ထွက်ခွာခွင့် D-Form အား လာမည့် ဧပြီတွင် ဖျက်သိမ်းတော့မည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည် ဟု သတင်းမီဒီယာ အချို့တွင် ဖော်ပြနေမှုအပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းသို့ ဆက်သွယ်မေးမြန်းရာ ၎င်းက “ပြည်သူလူထု အဆင်ပြေအောင် D-Form ထားသင့်-မသင့် ဆိုတာနဲ့ ပတ်သက်ပြီး မထားဘဲနဲ့ လုပ်ဖို့ကို ကျွန်တော်တို့ တင်ထားတယ်။ ဒါပေမယ့် တစ်ခုရှိတယ်။ ဒါက ၁၉၄၈ ခုနှစ်ကတည်းက စလာတဲ့ နည်းဥပဒေ ဖြစ်နေတယ်။ နည်းဥပဒေထဲကဟာတွေ ပယ်ဖျက်ဖို့ ဆိုတာကို ဘယ်လိုလုပ်လို့ ရနိုင်မလဲ ဆိုတာကို ရှေ့နေချုပ်ရုံးတို့ ဘာတို့ကို အကြံဥာဏ် တောင်းထားတယ်။ အဲဒီက အကြံဥာဏ်ရပြီး အစိုးရအဖွဲ့ကို တင်ပြပြီး ခွင့်ပြုရင် ဒါကိုပြောနိုင်မှာပေါ့။ အစိုးရအဖွဲ့က ခွင့်ပြုချက်ရရင် ပယ်ဖျက်ပေးမှာပေါ့။ ဧပြီလလောက် ခန့်မှန်းတာပေါ့နော်။ ဒီလောက်မှာ ပယ်ဖျက်နိုင်မယ်လို့ ၀န်ကြီးကလည်း ပြောထားပါတယ်။ အစိုးရအဖွဲ့ ခွင့်ပြုချက်ရတဲ့အချိန် အစိုးရအဖွဲ့ပေါ်မှာ မူတည်တယ်။ ဒီဟာက နည်းဥပဒေနဲ့ လုပ်ထားတာ ဖြစ်တဲ့အတွက် သူက နည်းဥပဒေကနေ နုတ်ပယ်ခွင့်ကို တင်ရတာပေါ့။ လက်ရှိမှာ ရှေ့နေချုပ်ရုံးကို အကြံဥာဏ် တောင်းထားတုန်းပါ။ ရရင် အစိုးရအဖွဲ့ကို ဆက်လက် တင်ပြမှာပေါ့” ဟု ပြောသည်။ ပြည်ပထွက်ခွာခွင့် လက်မှတ် D-Form လျှောက်ထားရန် လိုအပ်သူများမှာ မြန်မာနိုင်ငံတွင် ရက်ပေါင်း ၃၀ ကျော် နေထိုင်ပြီး ပြန်လည်ထွက်ခွာမည့် (သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော) နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံကူး လက်မှတ်အမျိုးမျိုး ကိုင်ဆောင်ထားပြီး အကြောင်း အမျိုးမျိုးဖြင့် ပြည်ပသို့ ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများ ဖြစ်သည်။ ပြည်ပထွက်ခွာခွင့် လက်မှတ်ရရှိရန် မြန်မာ့စီးပွားရေးဘဏ်များတွင် ငွေကျပ် ၂၀၀ ကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနသို့ ပေးသွင်းရမည်ဖြစ်ပြီး လိုအပ်သည့် အချက်အလက်များကို ဖြည့်စွက်ကာ အွန်လိုင်းမှ လျှောက်ထားနိုင်သော် လည်း လျှောက်ထားသူ အများစုမှာ D-Form ၀န်ဆောင်မှုပေးသည့် ဆိုင်များတွင်သာ ပြုလုပ်လေ့ရှိကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်