Pages

Thursday, March 7, 2013

နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေတစ်ဝိုက် ရွှေကြောများတွေ့

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေအနီးတစ်ဝိုက်တွင် စီးပွားဖြစ် ထုတ်နိုင်သော ရွှေကြောများ ရှိနေကြောင်း ဘူမိဗေဒပညာရှင် ဦးစိုးသိန်းက ပြောသည်။ ယခင် နေပြည်တော် မြို့တော်အဖြစ် မဖော်ထုတ်ခင် ၁၉၈၉ ခုနှစ် အစောပိုင်းကာလက ယင်းနယ်မြေတွင် သရက်ခုံ ရွှေကြောတစ်ခု ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ရွှေထုတ်လုပ်သည့် စက်ရုံဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။ 


ယင်းရွှေကြောမှာ နေပြည်တော် တောင်ဘက်ရှိ တောင်တန်းများမှတစ်ဆင့် ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းအထိပင် ရှည်လျားကြောင်း ဦးစိုးသိန်းကပင် ဆိုသည်။ ယင်းရွှေကြောများကို လောလောဆယ် စီးပွားဖြစ် ထုတ်ယူသွားမည် မဟုတ်ဘဲ တပ်မတော်ပိုင် နယ်မြေအတွင်းတွင် တည်ရှိနေခြင်းဖြစ်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က အတည်ပြု ပြောကြားသည်။ ထိုနေရာမှာ ဒေသအခေါ် သရက်ခုံ နယ်မြေ အတွင်းတွင် တည်ရှိနေပြီး ယခင်က ရွှေထုတ်ယူခဲ့သည့် နယ်မြေတစ်ခု ဖြစ်ခဲ့ကြောင်း ဦးဝင်းထိန်က ပြောသည်။ “အဲဒီဘက်မှာ ရွှေကြောတွေ ရှိမှန်းတော့ သိတယ်။ ဒါပေမဲ့ ရန်ကုန်ဘက်ကို တက်လာတာတော့ မရှိဘူး။ တချို့ ရွာသေးသေးလေးတွေမှာ တစ်ပိုင်တစ်နိုင် လုပ်နေတာမျိုးတွေတော့ ကြားမိတယ်” ဟု ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

 နေပြည်တော်-ရန်ကုန် အမြန်လမ်းမနှင့်အပြိုင် ၉၈ မိုင်နှင့် ၁၁၅ မိုင်ကြားရှိ အလယ်ရိုးမ အနီးတွင်လည်း ရွှေကြောများရှိပြီး လက်ရှိတွင် ဒေသခံအချို့မှ တစ်ပိုင်တစ်နိုင် တူးဖော်မှုများလည်း ရှိကြောင်း ဘူမိဗေဒပညာရှင်များက ဆိုသည်။ မြန်မာနိုင်ငံ ဧရိယာအတွင်း ၅၄ ရာခိုင်နှုန်း ကျော်တွင် ဈေးကွက်ဝင် သတ္တုအမျိုးပေါင်း ၂၀ ကျော်ထွက်ရှိပြီး နေရာအနှံ့အပြားတွင် သတ္တုကြော သတ္တုသိုက်များ တည်ရှိနေကြောင်း အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတ ကော်မတီက ထုတ်ပြန်ထားသည်။

 မြန်မာနိုင်ငံမှ အဓိကထွက်ရှိသော ရွှေကြောအများစုမှာ တောင်ငူ၊ ရမည်သင်း၊ သထုံ၊ ဘီးလင်း၊ ရွှေကျင် အစရှိသော မြို့နယ်များအပြင် ကချင်ပြည်နယ် မြစ်ဆုံအနီးတစ်ဝိုက်တွင် အဓိက ထုတ်ယူလျက် ရှိသည်။ မြန်မာနိုင်ငံ၏ မြို့ပေါင်း ၁၇၆ မြို့နယ်တွင် သတ္တုကြော သတ္တုသိုက်များ ခိုအောင်း တည်ရှိနေပြီး အစိုးရအနေဖြင့် အမှန်တကယ် သုတေသနပြု ဆောင်ရွက်မည်ဆိုပါက တိုင်းပြည်အတွက် များစွာ အကျိုး ဖြစ်ထွန်းနိုင်မည် ဖြစ်သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် အမျိုးသားအဆင့်
သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ပညာရှင်အများစုက အကြံပြု ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်