Pages

Thursday, March 7, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် အီတလီနိုင်ငံသို့ရောက်ရှိအီတလီနိုင်ငံသမ္မတနှင့် ဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံပိုမိုပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး


       
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မတ်(၆)ရက် နံနက်ပိုင်းတွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှလေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ရာဒေသ စံတော်ချိန် နံနက် (၉) နာရီခွဲတွင် အီတလီနိုင်ငံရောမမြို့သို့ရောက်ရှိသည်။
       
ထို့နောက် မွန်းလွဲပိုင်းတွင် ရောမမြို့ရှိ သမ္မတနန်းတော် (Quieinale Palace) သို့သွားရောက်၍ အီတလီနိုင်ငံသမ္မတ H.E.Mr. Giorgeo Napolitano အားတွေ့ဆုံ နှုတ်ဆက်သည်။
       
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား အီတလီနိုင်ငံသမ္မတက အလုပ်သဘောနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
       
ထိုသို့တည်ခင်းဧည့်ခံစဉ် နှစ်နိုင်ငံသမ္မတတို့သည် မြန်မာနိုင်ငံ၌ဖော်ဆောင်နေသည့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများဆောင်ရွက်နေမှု၊ လူ့အခွင့်အရေး မြှင့်တင်ရန် ဆောင်ရွက်နေမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်နေမှု၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အသေးစားငွေကြေး လုပ်ငန်းများတွင် အကူအညီ ရရှိရေး၊ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုဆွေးနွေးကြသည်။
       

ထို့နောက် နိုင်ငံတော်သမ္မတက အီတလီနိုင်ငံသမ္မတအား မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ပါရန် ဖိတ်ကြားခဲ့သည်။
       
နိုင်ငံတော်သမ္မတသည် ညနေ(၃)နာရီတွင် အီတလီနိုင်ငံဝန်ကြီးချုပ်ရုံး (Chigi Palace) သို့ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု၍ ဂုဏ်ပြုကြိုဆိုသည်။
       
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အီတလီနိုင်ငံဝန်ကြီးချုပ် H.E. Prof. Mario Monti တို့သည် နှစ်နိုင်ငံဆွေးနွေးပွဲကို ကျင်းပပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းဆောင်ရွက်နေမှု၊ ငြိမ်းချမ်းရေး တည်ဆောက်နေမှု၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အခြေအနေများ၊ မြန်မာနိုင်ငံတွင် အီတလီနိုင်ငံမှ ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်မည့် အလားအလာ များကို ဆွေးနွေးခဲ့ကြသည်။
       
တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲကို ကျင်းပရာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Giulio Maria Terzi di Sant' Agata တို့က နှစ်နိုင်ငံအကြား Agreement on the Treatment (Cancellation and Rescheduling) of the Debt  သဘောတူညီချက် နှင့် Agreement on Debt- for- Development Swap သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
       
နိုင်ငံတော်သမ္မတဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲနှစ်ခုစလုံး၌  အီတလီနိုင်ငံသမ္မတနှင့် ဝန်ကြီးချုပ်တို့က မြန်မာနိုင်ငံတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရသစ် လက်ထက်တွင် ဆောင်ရွက်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၏အောင်မြင်မှုများကို အသိအမှတ်ပြုကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် အီတလီနိုင်ငံက ပိုမိုကူညီ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို အပြီးအပိုင်ဖျက်သိမ်းရေးနှင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပို့ကုန်လုပ်ငန်းရှင်များအား GSP ကုန်သွယ်မှု အထူးအခွင့်အရေး များ ပေးအပ်ရေးတို့အပေါ် အီတလီနိုင်ငံက ထောက်ခံကြောင်း၊   ထိုကိစ္စများနှင့် ပတ်သက်၍ ဥရောပသမဂ္ဂက ပြန်လည်သုံးသပ်ချိန်တွင် အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
       
နိုင်ငံတော်သမ္မတသည် ညနေပိုင်းတွင် ရောမမြို့ရှိ သမိုင်းဝင်နေရာများဖြစ်သည့် အာဇာနည် ဗိမာန် (Vittorio Emanuele II Monument)၊ တိုက်ပွဲကွင်း (Colosseum) နှင့် ဗာတီကန်စီးတီး (Vatican City) စသည်တို့ကိုလှည့်လည်ကြည့်ရှုခဲ့သည်။
       
ညပိုင်းတွင် အီတလီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံအသံအမတ်ကြီး ဦးတင့်ဆွေ၏နေအိမ်သို့ သွားရောက်၍ သံအမတ်ကြီးနှင့် သံရုံးမိသားစု များအားတွေ့ဆုံနှုတ်ဆက်ကာ အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့သည်။            
  



No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်