Pages

Thursday, March 7, 2013

မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊ နိုင်ငံပိုင် သတင်းစာများတွင် ပြည်သူများ စဉ်ဆက်မပြတ် သိရှိစေရန် ဖော်ပြ ပေးလျက်ရှိ

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း များကို ကျေးလက်နေ ပြည်သူများ ကျယ်ပြန့်စွာ သိရှိ နားလည်နိုင်ရန် မည်သို့ စီမံဆောင်ရွက် ထားသည်ကို သိရှိလို ကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့် အသစ်ပြန် လည် ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် နိုင်ရန် အတွက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားက အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်ပြန် ကြေညာခြင်း၊ နိုင်ငံပိုင် သတင်းစာ များတွင် ထည့်သွင်းဖော်ပြ ပေးခြင်းများ အပြင် ပြည်သူများ စဉ်ဆက်မပြတ် သိရှိ နိုင်စေရန် ပုဂ္ဂလိက ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ အင်တာနက် သတင်းဌာနများ၊  တရားဝင် ထုတ်ပြန် ထားရှိသည့် သမ္မတ ရုံးနှင့် ဝန်ကြီးဌာန ဝက်ဘ်ဆိုက် များ၌လည်း ထည့်သွင်း ဖော်ပြပေးလျက် ရှိပါကြောင်းဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ပြန်လည်ဖြေ ကြားခဲ့သည်။
 
ထို့ပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်ကလည်း နိုင်ငံတော်က ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း လိုက်သည့်အခါ နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်း ထုတ်ပြန် ကြေညာပါကြောင်း၊ ယင်းဥပဒေ ကို မသိရှိသဖြင့် အပြစ်ပြု လုပ်ခဲ့ပါက ထုချေခွင့် မရှိပါကြောင်း၊ သို့ဖြစ်၍ ဥပဒေကို ကျယ်ပြန့်စွာ နားလည်ရန် အရေးကြီး ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားရေး ဂျာနယ်ကို သုံးလ တစ်ကြိမ် ဖြန့်ချိလျက် ရှိပါကြောင်း၊ ၎င်းဂျာနယ်တွင် အများပြည်သူ အလွယ်တကူ နားလည်နိုင်သည့် ဆောင်းပါးနှင့် အမေး၊ အဖြေပုံစံများဖြင့် ထည့်သွင်းဖော်ပြ ခဲ့ပါကြောင်း၊ ထို့ပြင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ တွင်လည်း ဥပဒေရေးရာ ဆောင်းပါးများကို ရေးသား ဆောင်ရွက်လျက် ရှိပါကြောင်း၊  တရားရုံးများက လိုက်နာသင့်သည့် စီရင်ချက်များကို ရွေးချယ်ပြီး စီရင်ထုံးအဖြစ် တစ်နှစ်တစ်ကြိမ် ပုံနှိပ် ဖြန့်ဝေပေးလျက် ရှိပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲ၊ ဟောပြောပွဲ များတွင် တရားသူကြီးများ၊ တရားရေး အရာရှိများ ပါဝင်တက်ရောက်ပြီး ဥပဒေပညာ ပြန့်ပွားရေးကို ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဖြေကြားခဲ့သည်။
 
ဒုတိယဝန်ကြီး၏ ဖြေကြားချက် အပေါ် မေးခွန်းရှင် ဒေါ်နန်းဝါနုက ''ဥပဒေ၊ နည်းဥပဒေတွေကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ နိုင်ငံပိုင် သတင်းစာ၊ ပုဂ္ဂလိက ဂျာနယ်၊ ဝက်ဘ်ဆိုက်မှာ ဖော်ပြပေးတယ်၊ စာအုပ်ထုတ်ဝေ ရောင်းချပေးတယ်လို့ ဖြေကြားချက် အပေါ်မှာတော့ အထူးသဖြင့် ဥပဒေဆိုင်ရာ စာအုပ်တွေဟာ အလွယ် တကူဝယ်ယူလို့ မရပါဘူး၊ စီးပွားရေး တွက်ခြေ မကိုက်တော့ ထုတ်တာနည်းပြီး သိပ်မရောင်းချပါဘူး။ စိတ်ပါဝင်စား သူတွေ အနေနဲ့ ရှာဖွေဝယ်ယူ နေရပါတယ်၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ ဝက်ဘ်ဆိုက် ကိစ္စကတော့ မီးအချိန်ပြည့် မသုံးရတာကြောင့် အဆင်မပြေပါဘူး။ နိုင်ငံပိုင် သတင်းစာ၊ ပုဂ္ဂလိက ဂျာနယ်ကလည်း နေရာအနှံ့ မရောက်ပါဘူး၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ကတော့ နေရာအနှံ့မှာ ရှိပါတယ်။ သူတို့ လက်ကိုင်ကျင့်သုံးတဲ့ ဥပဒေတွေကို မြို့နယ်အဆင့်က စတင် ပူးပေါင်းပြီး ကျေးရွာ အထိကွင်းဆင်းကာ တရား ဥပဒေ စိုးမိုးရေးနဲ့ ဥပဒေရေး ဆိုင်ရာ အသိအမြင်ဖွင့် သင်တန်းကို ပြုလုပ်ပေးလို့ ရပါတယ်။ လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်လို့လည်း ရပါတယ်။ ဟောပြောပွဲတို့၊ ဆွေးနွေး ပို့ချတာတွေကို အကြိမ်ကြိမ် အဖန်ဖန် ပြုလုပ် ပေးရပါမယ်။ တက္ကသိုလ် ကျောင်းသားတွေကို  ဥပဒေသင်ကြား ပေးရပါမယ်။ ဥပဒေ ကျောင်းသား၊ ကျောင်းသူတွေ သင်ကြား ပေးပြီးရင် ပြည်သူ လူထုအထိ ကွင်းဆင်းပြီး ဥပဒေ အသိအမြင် ပေးနိုင်တယ် ဆိုရင် ကျောင်းသားတွေလည်း ဥပဒေကို ပိုမို နားလည် သဘောပေါက်လာပြီး ပြည်သူတွေကလည်း ဥပဒေ ရေးဆိုင်ရာ အသိအမြင် ပွင့်လာမှာပါ။ မူလတန်း ကျောင်းကနေစပြီး ပြည်သူ့နီတိနဲ့ တွဲဖက်ကာ ဟောပြော၊ ပို့ချ၊ သင်ကြား၊ လေ့ကျင့်ပေးဖို့လည်း လိုအပ်ပါတယ်၊ ဒါတွေကို နိုင်ငံတော် အစိုးရက ဦးဆောင်ပြီး စီမံကိန်းချ ဆောင်ရွက်မှ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။''
 
ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ''ပြည်သူလူထု သိဖို့လိုတဲ့ ဥပဒေတွေကို မြို့နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပေးဖို့ ဆောင်ရွက်သွားမယ်လို့ ဖြေကြား ခဲ့တာနဲ့ ပတ်သက်ပြီး အထူးဝမ်းမြောက် ဂုဏ်ယူပါတယ်။ မြန်မြန် အကောင်အထည် ပေါ်လာဖို့လည်း မျှော်လင့်ပါတယ်၊ ဌာနဆိုင်ရာ အားလုံးက ပူးပေါင်း ချိတ်ဆက်ပြီး ပြည်သူလူထု အတွက် ဥပဒေရေး ဆိုင်ရာ အသိအမြင် ဖွင့်သင်တန်း ကို ပြုလုပ်မယ် လို့လည်း မျှော်လင့်ပါတယ်''ဟု ပြောပြခဲ့သည်။
 
အလားတူ ရွာငံမဲ ဆန္ဒနယ်မှ ဦးအောင်သိန်းက ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်(မန္တလေး)တွင် ကျောင်းသားများ ပြောင်းရွှေ့ ပညာသင်ကြားခွင့် ရရှိရေးနှင့်G.T.I အောင်မြင် ပြီးသော ကျောင်းသားများ ပညာ ဆက်လက် သင်ယူနိုင်ရေး မည်ကဲ့သို့ စီမံဆောင်ရွက် ထားသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာ ဇော်မင်းအောင်က ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်(မန္တလေး)၏ ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင် ပထမနှစ်၊ ဒုတိယနှစ် ဝိဇ္ဇာ/ သိပ္ပံ ပထမနှစ် ဝက် ကျောင်းပိတ်ပြီး ဖြစ်သည့်အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် နေရပ်များသို့ ပြန်လည် စေလွှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနက ပြောင်းလဲလိုက်သည့် သင်ရိုးညွှန်းတမ်းနှင့် ပညာ သင်ကာလအရ ပထမနှစ်ဝက် သင်ကြားခြင်း အတွက် ပထမနှစ်ဝက် ငါးလသင်ကြားမှု ပြီးစီးခဲ့ပြီး ဖြစ်ရာ ပညာသင် ကာလ တစ်ပြေးညီ ဖြစ်စေရန် ၂ဝ၁၃ ခုနှစ် ဇွန်လမှ စတင်၍ ကျောင်းသားများ ပြန်လည်လက်ခံပြီး ဒီဂရီကောလိပ်(ရန်ကုန်)၌ပင် ဒုတိယနှစ်ဝက် ဆက်လက် သင်ကြား ပေးမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည် ဖြေကြားခဲ့သည်။
 
ထို့ပြင် ဒုတိယဝန်ကြီးက ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်များမှ A.G.T.I အောင်မြင်ပြီး B.Tech ပထမနှစ်သို့ တက်ရောက်ခွင့် ရရှိသော ဝန်ထမ်း ခန့်အပ်ပြီး အမှုထမ်းငယ် ၈၇ ဦးနှင့် B.Tech ဒုတိယနှစ် တက်ရောက်ရမည့် အမှုထမ်းငယ် ၇ဝ ဦး စုစုပေါင်း ၁၅၇ ဦးကို ရန်ကုန်မြို့ရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဗဟို လေ့ကျင့်ရေး ကျောင်း၌ နေထိုင်မှု၊ စားသောက်မှု စီစဉ်ပေးပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ် (သန်လျင်)နှင့် ရန်ကုန် အနောက်ပိုင်း နည်းပညာ တက္ကသိုလ် တို့တွင် တက်ရောက်စေ လျက်ရှိပါကြောင်း၊ B.Tech သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ပြီး B.Tech မှ B.E သင်တန်းသို့ ပေါင်းကူး တက်ရောက်ခွင့် ဖြေဆိုသည့် အမှုထမ်းငယ် ၆၄ ဦး အနက် B.E သင်တန်း တက်ရောက်ခွင့် အောင်မြင်သူ ၆၁ ဦးနှင့် B.E မှ M.E သင်တန်းသို့ တက်ရောက်ခွင့် ဖြေဆိုသည့် အမှုထမ်း ၇၂ ဦးအနက် M.E သင်တန်း တက်ရောက်ခွင့် အောင်မြင်သူ ၁၅ ဦးတို့ကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ညှိနှိုင်း ချက်အရ ၎င်းတို့တာဝန် ထမ်းဆောင်နေသော ဌာနများ၏ ခွင့်ပြုချက်ဖြင့် ၎င်းတို့ ဌာနများနှင့် အနီးဆုံး နေရာများရှိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်မှ နည်းပညာ တက္ကသိုလ်များတွင် ဆက်လက် တက်ရောက် စေလျက် ရှိပါကြောင်းဖြင့် ဆက်လက် ဖြေကြားခဲ့သည်။
 
ဒုတိယဝန်ကြီး၏ ဖြေကြားချက် အပေါ် မေးခွန်းရှင် ဦးအောင်သိန်း က ''ဖြေကြားတာနဲ့ ပတ်သက်လို့ ကျေနပ်မှု ရှိပါတယ်၊ ဖြေကြားပေးတဲ့ အချက်တွေ အနေနဲ့ ပြည့်စုံမှုရှိတဲ့ အတွက် ဖြေကြားပေးတဲ့ ဒုတိယ ဝန်ကြီးကို ကျေးဇူးတင်ပါတယ်၊ အထူးသဖြင့် အခုစာသင်နှစ်မှာ စတင် တက်ရောက် သင်ကြားခွင့်ရခဲ့ပြီး တစ်ဝက်တစ်ပျက် ဖြစ်နေကြတဲ့ ပထမနှစ် ကျောင်းသားတွေကို လာမယ့် စာသင်နှစ် အစဖြစ်တဲ့ ၂ဝ၁၃ခုနှစ် ဇွန်လမှာ ရန်ကုန်ရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်ကျောင်းမှာ ဆက်လက် ပညာသင်ကြား ပေမယ်လို့ ဖြေကြား သိရှိရတဲ့ အတွက် တိုင်းရင်းသား လူမျိုးစု ကိုယ်စား လှယ် တစ်ဦးအနေနဲ့ တိုင်းရင်းသား လူငယ်တွေ နောင်ရေးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေရတဲ့ စိတ်သောကတွေ လျော့နည်းခဲ့ရ ပါတယ်။ ကျန်အတန်းတွေနှင့် ပတ်သက်လို့လည်း အဆင်ပြေ ချောမွေ့စွာ ပညာတိုးမြှင့် သင်ကြားနိုင်ဖို့ အတွက် စီစဉ် ပေးထားတာ တွေကို ဒုတိယဝန်ကြီးက ဖြေကြား ပေးတဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးပင် ကျေနပ်မိပါတယ်''ဟုပြောပြခဲ့သည်။
 
ယနေ့ အစည်းအဝေးတွင် အမျိုးသား လွှတ်တော်က အတည်ပြုချက်ဖြင့် ပေးပို့သော အထူးကာလ စည်းကမ်းသတ်နှင့် အတိုး ကန့်သတ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း နှင့်သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွန့် တင်သွင်းထားသော ပြည်ထောင်စု တရား စီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တို့ကို ပြင်ဆင် ဆွေးနွေးမည့် ကိုယ်စားလှယ် မရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
 
အထူးကာလ စည်းကမ်းသတ်နှင့် အတိုးကန့်သတ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ချောင်းဦးမဲ ဆန္ဒနယ်မှ ဦးစောလှထွန်း က''၁၉၄၈ ခုနှစ် လွတ်လပ် ရေးရပြီးနောက် ရောင် စုံ သောင်းကျန်းသူတွေ ဆူပူမှုကြောင့် တရားဝင် အစိုးရရဲ့ မြို့ပြ အုပ်ချုပ်ရေးကို ခေတ္တ ရုပ်သိမ်းတဲ့ နေ့ကနေ နိုင်ငံတော် သမ္မတက အဲဒီ ဒေသအတွက် အမိန့်ထုတ်ပြန်တဲ့ နေ့အထိ ကာလကို ကာလ စည်းကမ်း သတ် အက်ဥပဒေပုဒ်မ ၄ ရဲ့ အနက် အဓိပ္ပာယ်အရ ပိတ်ထားတယ်လို့ မှတ်ယူဖို့၊ ငွေချေး ပဋိညာဉ် အရဖြစ်စေ၊ အပေါင်စာချုပ် အရဖြစ်စေ ထုတ်ပေးတဲ့ ချေးငွေ အပေါ်မှာ ဒါမှမဟုတ် ပေါင်နှံတဲ့ အပေါ်မှာ ထိုကာလ အတွက် မထိုက်သင့် စေရကြောင်း (အတိုး မပေးရကြောင်း) ပြဋ္ဌာန်းတဲ့ ဥပဒေဖြစ်ပါတယ်၊ အဲဒီဥပဒေကို ၁၉၅ဝ ပြည့်နှစ် အက်ဥပဒေအမှတ် ၁၉ အဖြစ် ၁၉-၈-၁၉၄၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ပုဒ်မပေါင်း(၄) ခုပါရှိပါတယ်။
 
ယခုအခါ ခေတ်ကာလနဲ့ ဆီလျော်မှု မရှိခြင်း၊ အချိန် ကာလ ကြာမြင့်စွာ ကျင့်သုံး မှုမရှိခြင်း၊ အနာဂတ် ကာလတွင်လည်း ကျင့်သုံးရန် အကြောင်း မရှိခြင်းတို့ကြောင့် ရုပ်သိမ်းဖို့ ရေးဆွဲ တင်ပြချက်အပေါ် လွှတ်တော်နှစ်ရပ်က ပြင်ဆင်ချက်မရှိ သဘော တူခဲ့ကြပါတယ်'' ဟုပြောပြခဲ့သည်။
 
အစည်းအဝေးကို အစီအစဉ်(၈)ခုဖြင့် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို မတ်လ ၇ ရက်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိ သည်။
 
MWD                                                 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်