Pages

Thursday, March 7, 2013

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု၏ သက်ရောက်နိုင်ခြေများ သတိပြုရန် ပညာရှင်များ အကြံပြု

သံလွင်မြစ်ပေါ်တွင် မဂ္ဂါဝပ်တစ်သောင်းခွဲကျော် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု တည်ဆောက်မည် ဆိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ဒေသခံများ၏ လူမှုစီးပွားအပေါ် သက်ရောက်မှုများအား အလေးထား ဆောင်ရွက်စေလိုကြောင်း မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက အကြံပြု ပြောကြားသည်။ သံလွင်မြစ်ကြောင်း တစ်လျှောက် ရှမ်းပြည်နယ်၌ စီမံကိန်းလေးခု၊ ကယားပြည်နယ်၌ တစ်ခု၊ ကရင်ပြည်နယ်၌ တစ်ခုတို့အား တရုတ်ကုမ္ပဏီ ငါးခု၊ ထိုင်းကုမ္ပဏီတစ်ခုနှင့် မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်း၍ တည်ဆောက်သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။ 

“Dam (ဆည်) တွေ ဆောက်တာ မကောင်းဘူး။ ပေ ၅၀ အထက်ဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်ပြီ။ ပြီးတော့ ပျက်နေတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်ပြီး အဖတ်ဆယ်နိုင်မယ့် Plan (အစီအစဉ်) ရှိရမယ်။ ဒါကို မလုပ်ဘဲနဲ့ ဘယ်စီမံကိန်းမှ ခွင့်ပြုဖို့ မကောင်းဘူး” ဟု သဘာဝပတ်ဝန်းကျင်နှင့် သစ်တောပညာရှင် ဦးအုန်းက ပြောသည်။ ဆည်များ၊ ရေကာတာများ တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ရမည်ဖြစ်ပြီး ထိခိုက်နစ်နာသော ဒေသများအား ထိုအနည်းဆုံးထက် အဆများစွာ သာလွန်သော ဘဝကို သက်ဆိုင်ရာမှ ပြန်လည် ဆောင်ရွက်ပေးမည်ဆိုလျှင် စီမံကိန်းများကို လက်ခံမည်ဖြစ်ကြောင်း Environmental Economic Research Institute မှ အကြံပေးပုဂ္ဂိုလ် ဦးဇော်သိန်းက ပြောသည်။


 မြစ်ကို ရေကာတာဖြတ်၍ တည်ဆောက်ခြင်းကြောင့် ဇီဝမျိုးစုံမျိုးကွဲများ ပျောက်သွားနိုင်ခြင်း၊ သစ်တောများ ပျက်သုဉ်းခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း၊ မြစ်ကြောင်းရေစီး ပြောင်းလဲခြင်း၊ မြစ်ဝကျွန်းပေါ်ဒေသ ဧရိယာများ လျော့နည်းခြင်း၊ စိုက်ပျိုးမြေများ လျော့နည်း၍ စားနပ်ရိက္ခာ ထုတ်လုပ်မှု လျော့နည်းခြင်း၊ ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ ရေကြီးခြင်း၊ ဒေသခံများ ရွှေ့ပြောင်းရခြင်းကြောင့် လူမှုဘဝ လုံခြုံရေးနှင့် ယဉ်ကျေးမှုများ ပျောက်ကွယ်သွားနိုင်သည်ဟု ရေကာတာများ၏ ဆိုးကျိုးများကို Burma River Network တွင် ဖော်ပြထားသည်။ သံလွင်မြစ်ဝှမ်း၏ ရေအားလျှပ်စစ် စီမံကိန်းများသည် နိုင်ငံတော်အတွက် အရေးကြီးသော ကိစ္စဖြစ်သော်လည်း ဒေသခံများ၏ သဘောဆန္ဒများ၊ ၄င်းတို့အတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မှုများ ကို ဖော်ပြပြီးမှသာ သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် ဆက်လက်ဆောင်ရွက်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။ 

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းခြောက်ခုမှာ ရှမ်းပြည်နယ် အတွင်း၌ ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာအနီးရှိ ကွမ်းလုံစီမံကိန်း၊ လားရှိုးမြို့ အရှေ့ဘက် တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးရှိ နောင်ဖစီမံကိန်း၊ လားရှိုးမြို့ အရှေ့ဘက် မိုင်းမောမြို့နယ် မန်းတောင်ရွာအနီးရှိ မန်တောင်စီမံကိန်း၊ တောင်ကြီးမြို့ အရှေ့ဘက် မိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ် အကြားရှိ မိုင်းတုံစီမံကိန်း၊ ကယားပြည်နယ် အတွင်း၌ ဘော်လခဲမြို့ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ ရွာသစ်ကျေးရွာအနီးရှိ ရွာသစ်စီမံကိန်းနှင့် ကရင်ပြည်နယ် သံလွင်မြစ်နှင့် သောင်ရင်းမြစ်အောက်ဘက် ကမမောင်းမြို့အနီးရှိ ဟတ်ကြီး စီမံကိန်းတို့ ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်